Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

နေပူရင် ရေခဲရေနဲ့ လက်ဖက်ရည်ကြမ်းဘာသောက်သင့်လဲ..

Updated 21st Oct 2016

Written by

Lwin Pyin, Shweproperty

 

၄၀’ စင်တီဂရိတ် လောက်ပူနေတဲ့ နွေနေ့လည်ခင်းမှာ ရေနွေးပူပူကို မှုတ်သောက်ဖို့ဆိုတာ တော်တော်ကြောင်တယ်လို့ ထင်ကြမှာပါ။ ပူအိုက်နေတဲ့အခါ ရေခဲသေတ္တာထဲက ရေခဲရေဖြစ်ဖြစ် အအေးဖြစ်ဖြစ် သောက်မယ့်သူပဲများမှာပါ။ ဒါပေမယ့် ဗမာပြည်က ရှေးလူကြီးတွေနဲ့ အိန္ဒိယက လူတချို့ကတော့ ပူအိုက်နေရင် ရေနွေးကို မှုတ်သောက်ပြီး အပူသက်သာအောင် လုပ်ကြပါတယ်။ သူတို့ကပဲ ရှေးရိုးစွဲတာလား၊ ရေနွေးသောက်ရင် တကယ်ပဲပူအိုက်တာသက်သာလို့လား။




တချို့အခြေအနေတွေမှာတော့ ပူအိုက်နေစဉ် ရေနွေးသောက်တာက အေးမြမှုကို ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ရေနွေးသောက်လိုက်ရင် အပူဓာတ်တချို့ ကိုယ်ထဲကို စီးဝင်နိုင်ပါတယ်။ ဒါပေမယ့် တိုးလာတဲ့ အပူဓာတ်ကို ချေနိုင်မယ့် ချွေးတွေထွက်လာအောင် ရေနွေးက လှုံ့ဆော်ပေးနိုင်လို့ပါ။ ကိုယ်သောက်တဲ့ ရေနွေးရဲ့အပူချိန်၊ သောက်တဲ့ပမာဏ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လက်ရှိအပူချိန်နဲ့ စိုထိုင်းဆတို့ ပေါ်မှာတော့ မူတည်ပါတယ်။
ဘာ့ကြောင့်ရေနွေးသောက်ရင် အပူသက်သာရတာလဲ



ပူအိုက်တုံး ရေနွေးသောက်တာက ထူးဆန်းသလိုတော့ ရှိပါတယ်။ ဒါပေမယ့် ရေနွေးကရတဲ့ အပူဓာတ်က ကိုယ်တွင်းအပူချိန်နဲ့ ယှဉ်ရင် ရေဒါပေါ်က အစက်အပြောက်လောက်ပဲ ရှိပါတယ်။ တကိုယ်လုံးမှာရှိတဲ့ အရည်ပမာဏနဲ့ ယှဉ်ရင်လဲ သောက်လိုက်တဲ့ ရေနွေးပမာဏက မပြောပလောက်ပါဘူး။




သို့သော်လည်း ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) သောက်ခြင်းက အပူချိန်အာရုံခံဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ချွေးထွက်စေပါတယ်။ ချွေးထွက်တာကိုသုံးပြီး ကိုယ်ကိုအေးအောင်လုပ်တာ ဖြစ်ပါတယ်။ သတိပြုဖို့ကတော့ အေးမြတဲ့ အာနိသင်ရဖို့ ထွက်လာတဲ့ချွေးတွေ အငွေ့ပြန်ဖို့ လိုပါတယ်။ အငွေ့မပြန်ပဲ အောက်ကိုစီးကျသွားရင်တော့ ဘာမှထူးပြီး အပူသက်သာမှာ မဟုတ်ပါဘူး။



လေ့ကျင့်ခန်း အပြင်းအထန်လုပ်နေစဉ်မှာ ဒါမှမဟုတ် အရမ်းပူတဲ့ အချိန်မျိုးမှာ ချွေးတွေထွက်နေပေမယ့် အောက်ကို စီးကျသွားတာက အငွေ့ပြန်တာထက် များနေရင်လဲ အပူသက်သာမှာ မဟုတ်ပါဘူး။ အဲဒီလိုအချိန်မျိုးမှာ ရေနွေးသောက်ပြီး ချွေးပိုထွက်လုပ်တာကတော့ မသင့်တော်ပါဘူး။ ရေအေးသောက်တာက ပိုပြီးသင့်တော်ပါလိမ့်မယ်။



ကိုယ်အပူချိန်ထက် ပိုအေးတဲ့ ရေသောက်လိုက်ရင် အပူဓာတ်တချို့က သောက်လိုက်တဲ့ ရေထဲကို စီးဝင်သွားတဲ့အတွက် အပူဓာတ်ကို လျော့နည်းစေပါတယ်။ ပြဿနာက ရေအေးသောက်ရင် ချွေးမထွက်တော့တဲ့ အတွက် ချွေးအငွေ့ပြန်လို့ အပူသက်သာတာမျိုး ရှိမှာမဟုတ်တော့ပါဘူး။ ချွေးထွက်လို့ အငွေ့ပြန်ပြီး အပူသက်သာတာက ရေနွေးရဲ့ အပူဓာတ်ထက်ကို ချေဖျက်နိုင်ရင်တော့ ရေနွေးသောက်တာကို ရွေးလို့ရပါတယ်။



ရေခဲရေသောက်တာက ပိုပြီးပူအိုက်စေသလား



သုတေသနတခုကတော့ အရမ်းအေးတဲ့ ရေခဲရေကို သောက်တာက ၃၇’ စင်တီဂရိတ်လောက်ပဲရှိတဲ့ရေကို သောက်တာထက် ပိုပြီးပူအိုက်စေတယ်လို့ ဆိုပါတယ်။ ၃၇’ စင်တီဂရိတ်ဆိုတာ ကိုယ်တွင်းပုံမှန် အပူချိန်ဖြစ်ပါတယ်။ အရမ်းအေးတဲ့ ရေခဲရေကို သောက်လိုက်ရင် ချွေးထွက်တဲ့ လုပ်ငန်းစဉ် ရပ်သွားပါတယ်။ အဲဒီအတွက် ကိုယ်တွင်းမှာ အပူတွေအောင်း နေစေပါတယ်။ ရေခဲရေသောက်လိုက်လို့ ကိုယ်တွင်းအပူဓာတ်အချို့ ရေထဲကို စီးဝင်လျော့ပါးသွားပေမယ့် ချွေးမထွက်လို့ အောင်းနေတဲ့ အပူဓာတ်ကများနေလို့ ပိုပြီးပူအိုက်စေတာ ဖြစ်ပါတယ်။



ဘာသောက်ရမလဲ



ပူအိုက်တဲ့ အချိန်မှာရေနွေးပဲဖြစ်ဖြစ်၊ ကော်ဖီပူပူပဲဖြစ်ဖြစ် သောက်တာက ထွက်လာတဲ့ချွေးတွေ အငွေ့ပြန်နေရင်တော့ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ဆိုနိုင်ရပါတယ်။ ပူရတဲ့အထဲ ချွေးတွေထွက်လာတာကို ကသိကအောက် မဖြစ်ဘူးဆိုရင်တော့ ချွေးအငွေ့ပြန်အောင် ယပ်ခပ်ရင်း၊ ပန်ကန်လေခံရင်း သောက်လို့ရပါတယ်။




အကောင်းဆုံးကို အကြံပေးရရင်တော့ ကိုယ်သောက်လို့အဆင်ပြေမယ့် အပူချိန်ရှိတဲ့ရေမျိုးကို သောက်ဖို့ပါ။ ဒါမှလိုအပ်တဲ့ ရေပမာဏကို သောက်သုံးဖြစ်ပြီး ရေဓာတ်ခန်းခြောက်တာ၊ အပူငုတ်တာ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတွေပိုဆိုးစေတာတွေကို ကာကွယ်နိုင်မှာပါ။ ၁ ရက်ကို သောက်ရေအိုးထဲက၊ ရေသန့်ဗူးထဲက ရေ ၁ – ၂ လီတာလောက် သောက်ရတာ အခက်အခဲ မရှိနိုင်ပေမယ့် ရေနွေးကြမ်းကို အဲဒီလောက်သောက်နိုင်ဖို့ မလွယ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

Ref : Lwin Pyin

Photo Credit : TSL

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ