Updated 8th Feb 2016
Gentelman Magazine, Shweproperty
ယနေ့ခေတ် အောင်မြင်ချမ်းသာနေသူတွေရဲ့ (၉၀)ရာခိုင်နှုန်းမှာ အမြဲတမ်းလုပ်ဆောင်နေတဲ့ အလေ့အကျင့်တွေရှိပါတယ်။ သင်လည်း အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီအလေ့အကျင့်တွေကို လေ့ကျင့်ပျိုးထောင်ထားရမှာ ဖြစ်ပါတယ်။
၁။ အလုပ်စာရင်းကို ကြိုရေးခြင်း
နောက်တစ်နေ့မှာ သင်လုပ်ဆောင်ရမယ့် အလုပ်စာရင်းကို ဒီနေ့ည ညစာစားပြီးချိန်မှာပဲဖြစ်ဖြစ်၊ အိပ်ရာမဝင်ချင်မှာပဲဖြစ်ဖြစ် ကြိုရေးထားပါ။ ဒီလို ကြိုရေးထားခြင်းဖြင့် နောက်တစ်နေ့အတွက် အကောင်းဆုံးပြင်ဆင်ထားနိုင်မှာဖြစ်သလို ဦးစားပေးအလုပ်ကို ကြိုတင်သတ်မှတ်ထားနိုင်တဲ့အတွက် အလုပ်ပြီးမြောက်အောင်မြင်မှုရဲ့ သော့ချက်လည်းဖြစ်ပါတယ်။
လုပ်ဆောင်ရန် – မနက်ဖြန်မှာ လုပ်စရာရှိတာတွေ အားလုံးကို ချရေးပါ။ ပြီးရင် အရေးအကြီးဆုံး ကိစ္စဘေးမှာ စတားပြထားတာ ဒါမှမဟုတ် နံပါတ်(၁)လို့ရေးထားပြီး ဦးစားပေးအဆင့်တွေ သတ်မှတ်လိုက်ပါ။ ဒီလို ဦးစားပေးသတ်မှတ်ထားတာတွေအားလုံးကို မနက်မိုးလင်းတာနဲ့ အရင်ဆုံး မဖြစ်မနေအပြီးသတ်လုပ်ဆောင်ပါ။ ပြီးမှ ကျန်တဲ့အလုပ်တွေကို ဆက်လုပ်ပါ။
၂။ တရားထိုင်ပါ
အောင်မြင်ချမ်းသာသူအားလုံးနီးပါဟာ တစ်နေ့တာရဲ့အချိန်တစ်ခုကို စိတ်ဓာတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် အသုံးပြုတတ်ကြပါတယ်။ တရားထိုင်တဲ့အလေ့အကျင့်ဟာ ကိုယ်စိတ်ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။
လုပ်ဆောင်ရန်
(က) အသက်ရှုလေ့ကျင့်ခန်း (၅)မိနစ် မှ (၁၀)မိနစ်
(ခ) တရားထိုင်ခြင်း (၁၅)မိနစ် မှ (၂၀)မိနစ်
(ဂ) ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခု (၂၀)မိနစ် မှ (၆၀)မိနစ်
၃။ ရည်မှန်းချက်ပန်းတိုင်ချမှတ်ဆောင်ရွက်ခြင်း
အောင်မြင်သူတွေရဲ့ နောက်ထပ်အလေ့အကျင့်တစ်ခုကတော့ သူတို့ရဲ့ရည်မှန်းချက်တွေ၊ စီမံချက်တွေနဲ့ မျှော်မှန်းချက်တွေကို ချရေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကိစ္စကို မနက်မိုးလင်းတာနဲ့ လုပ်ဆောင်လေ့ရှိပြီး အောင်မြင်မှုဆီကို လျှောက်လှမ်းရာမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ပိုင်းအရ ပြင်ဆင်ပြီးသား ဖြစ်စေပါတယ်။
လုပ်ဆောင်ရန် – ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ရမှာ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပါ။
(က) တတ်နိုင်တာထက်ပိုပြီး ထားရှိပါ။
(ခ) အားလုံးက တိုင်းတာနိုင်ရပါမယ်။
(ဂ) သင့်ရဲ့အဖွဲ့နဲ့ ထောက်ခံသူတွေဆီက သဘောတူညီမှုရယူပါ။
(ဃ) တိုးတက်မှုတွေကို မှတ်တမ်းတင်ပါ
(င) အပြီးသတ်ရမယ့် အချိန်သတ်မှတ်ပါ။
၄။ မိမိကိုယ်ကို အပြုသဘောဆောင်သည့် အားပေးစကားများပြောပါ။
လက်ရှိမှာ ရရှိပိုင်ဆိုင်ထားတာတွေကို အသိအမှတ်ပြုပြီး အပြုသဘောဆောင်တဲ့အရာတွေကို အာရုံစိုက်တတ်ဖို့က အောင်မြင်သူတိုင်းရဲ့ဘဝမှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကိုပြန်ပြီး ငါလုပ်နိုင်တယ်၊ ငါစွမ်းဆောင်နိုင်တယ်၊ ငါလုပ်ရင်ဖြစ်တယ် ဆိုတာမျိုး အားပေးစကားတွေ ပြောပေးနေမယ်ဆိုရင် မလုပ်နိုင်တာဘာမှရှိမှာ မဟုတ်ပါဘူး။
လုပ်ဆောင်ရန် – သင့်မှာ ရရှိပိုင်ဆိုင်ထားတဲ့အခြေအနေတွေအားလုံးကို သုံးသပ်ပါ။ ပြီးရင် ဒီအခြေအနေရောက်ရှိစေခဲ့တဲ့ အကြောင်းရင်းသုံးခုကို ကျေးဇူးတင်ကြောင်းအသိအမှတ်ပြုပါ။ သင့်ကိုယ်သင် အားပေးစကားပြောပါ။
၅။ စဉ်ဆက်မပြတ်လေ့လာသင်ယူပါ။
အောင်မြင်သူတိုင်းဟာ ပညာရပ်အသစ်တွေလေ့လာသင်ယူဖို့၊ လက်တွေ့အသုံးပညာရပ်ဆိုင်ရာစာအုပ်တွေ ဖတ်ရှုဖို့ ဗဟုသုတရနိုင်မယ့် အစီအစဉ်တွေ၊ အကြောင်းအရာတွေကို စောင့်ကြည့်နားထောင်ဖို့ကို အလေးအနက်ထား အာရုံစိုက်လုပ်ဆောင်တတ်ကြပါတယ်။ လေ့လာစရာတွေက ဘယ်တော့မှ ကုန်မသွားပါဘူး။ အားလုံးမှာလိုအပ်ချက်တွေရှိနေပြီး လေ့လာသင်ယူမှုတွေ ဆက်လက်လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။
လုပ်ဆောင်ရန် – တစ်နေ့ကို စာမျက်နှာ(၂၀)လောက် ဖတ်နိုင်မယ်ဆိုရင် အချိန်တစ်နှစ်ကြာတဲ့အခါမှာ စာအုပ်ပေါင်း (၃၆)အုပ်ထက်မနည်းတဲ့ ဗဟုသုတအသစ်တွေကို ဖတ်ရှုလေ့လာပြီးသားဖြစ်မှာပါ။
၆။ လူမှုရေး အသိုင်းအဝိုင်းကို ချဲ့ထွင်တည်ဆောက်ပါ။
အောင်မြင်ချမ်းသာသူတွေအတွက်ကတော့ သူတို့ရဲ့လူမှုရေးအသိုင်းအဝိုင်းဟာ သူတို့ရဲ့အသားတင်တန်ဖိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ မိတ်ဆွေအသစ်တွေရှာ၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်၊ အခြားလူတွေကို ကူညီ၊ လူမှုရေးအခမ်းအနားတွေ တက်ရောက်နဲ့ အလုပ်တွေရှုပ်နေကြတာဖြစ်ပါတယ်။
လုပ်ဆောင်ရန် – တစ်နေ့မှာ လူသစ်တစ်ယောက်နဲ့ တွေ့ဆုံသိကျွမ်းရအောင် ကြိုးစားပါ။ ဒါမှမဟုတ် သိကျွမ်းပြီးသားလူတစ်ယောက်နဲ့ ဆက်သွယ်ပြီး စကားစမြည်ပြောပါ။
၇။ အောင်မြင်ရေးအတွက် ပြောဆိုဆွေးနွေးပါ။
ဒီ သတ္တမမြောက်အချက်က အရေးကြီးပါတယ်။ အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်လောက် သင့်ဘဝအောင်မြင်ရေးနဲ့ ပတ်သက်ပြီး အကြံဉာဏ်ကောင်းတွေပေးနိုင်သူ ဆရာသမားတစ်ယောက် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လိုပါတယ်။ ဒီအလေ့အကျင့်က သင့်အနေနဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ လွဲချော်နေပြီ၊ အကျိုးမရှိတာတွေ လုပ်နေမိပြီဆိုတာတွေကို ရှင်းရှင်းလင်းလင်းသိလာစေမှာဖြစ်ပြီး အလုပ်တွေပြီးမြောက်အောင်မြင်စေဖို့ကိုလည်း လှုံ့ဆော်မှုဖြစ်စေပါတယ်။
လုပ်ဆောင်ရန် – သင်နဲ့ဘဝအခြေအနေချင်းတူညီတဲ့ သူငယ်ချင်း ဒါမှမဟုတ် သင်လေးစားရတဲ့ ပုဂ္ဂိုဟ်တစ်ယောက်ကို ရှာပါ။ ပြီးရင် တစ်ပတ်ကိုတစ်ကြိမ်လောက်တွေ့ပြီး သင့်ရဲ့လက်ရှိအောင်မြင်မှု၊ အခက်အခဲ၊ ရည်မှန်းချက်အသစ်တွေနဲ့ ဘာတွေတွေ့ကြုံသိရှိခဲ့ပြီ လဲဆိုတာတွေကို ဝေမျှဆွေးနွေး တိုင်ပင်ပါ။
အခုဖော်ပြခဲ့တဲ့ အလေ့အကျင့်တွေအားလုံးကို တစ်ခါတည်းတပြိုင်နက် လေ့ကျင့်စရာမလိုပါဘူး။ နှစ်ခုသုံးခုလောက်ကနေ စတင်ပြီး လေ့ကျင့်ပျိုးထောင်သွားနိုင်ပါတယ်။ ဒီအလေ့အကျင့်တွေက အသားမကျသေးချင်အချိန်မှာတော့ အဆင်ပြေလွယ်ကူမှာ မဟုတ်ဘူးဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။ ဒါပေမယ့် အချိန်(၃)လလောက် ဆက်တိုက်လေ့ကျင့်ပျိုးထောင်သွားမယ့်ဆိုရင်တော့ အောင်မြင်သူတို့ရဲ့ အလေ့အကျင့်တွေရှိလာမှာဖြစ်ပြီး အောင်မြင်သူတစ်ယောက်ဖြစ်လာမှာ မလွဲပါဘူး။
Ref : Gentelman Magazine
Photo Credit : last.fm
Posted : Wai Phyoe
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.