Property Titles
Search Filters
Property Titles
Kitchen

မရိုးနိုင်သည့် အကောင်းဆုံး အိမ်သုံး ဆေးမြီးတိုများ

Updated 27th Sep 2016

Written by

Thutazone, Shweproperty

 

အိမ်သုံးဆေးများသည် မိရိုးဖလာ အစဉ်အလာအရ သားစဉ်မြေးဆက် လက်ကမ်းယူခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ကျွန်မတို့ အဘိုး အဘွားများ၏ ၉၆-ပါး ရောဂါပျောက်သော ဆေးများလည်း ထင်ရှား ကျော်ကြားကာ ယနေ့တိုင် သုံးနေဆဲပင်။ သည့်ပြင် ယင်းအိမ်သုံးဆေးများမှာ အကုန်အကျ စရိတ်စကမရှိဘဲ တခြားလည်း သွားရှာစရာမလိုဘဲ အိမ်တွင်းမှာပင် ရှိနေသော နေ့စဉ်သုံးစွဲ တွေ့ထိလျက်ရှိသည့် အရာများသာ   ဖြစ်ပါ သည်။ လက်တွေ့အားဖြင့်လည်း ယင်းအိမ်သုံးဆေးများသည် အံ့သြဖွယ်ကောင်းလောက်အောင် အမှန်တကယ် ထိရောက်ကြောင်း   တွေ့ရှိရပါ သည်။ ဈေးနှုန်းလည်း သက်သာ၊ လွယ်လင့်တကူလည်းရပြီး အကုန်အကျမရှိသလောက်ဖြစ်သော ဆေးမြီးတိုများဖြစ်ပါသည်။ မိခင်သဘာဝတရားက လူသားအားလုံးကို စောင့်ရှောက်လျက်ရှိပါသည်။



(သည်းခြေအိတ် ကျောက်အတွက် ကုသသည့် ဆေးမြီးတို)



Dulwish Health Society မှ ပြဋ္ဌာန်းထားသည့် သည်းခြေအိတ် ကျောက်တည်ရောဂါအတွက် ကုသနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


၁။ လတ်ဆတ်သော ပန်းသီးဖျော်ရည် နှစ်လီတာ (2 liters) ကို ငါးရက်တိတိ ဆက်၍သောက်သုံးပါ။ ဤသို့ သောက်သုံးခြင်းဖြင့် သည်းခြေအိတ်တွင်ရှိသော ကျောက်များကို ပျော့ပျောင်းလာစေလိမ့်မည်ဟု ဆိုပါသည်။


၂။ ဆဋ္ဌမမြောက်နေ့တွင် ညနေစာ မစားပါနဲ့။


၃။ ယင်းနေ့ ည ၉း၀၀ နာရီတွင် ဆားခါးကို စားပွဲဇွန်းကြီး တဇွန်း၊ သို့မဟုတ်- နှစ်ဇွန်း ရေနွေးနှင့် ဆတူရောပြီး သောက်ပါ။


၄။ အအေးခံထားသော သံလွင်ဆီစစ်စစ် စားပွဲဇွန်းကြီး လေးဇွန်းနှင့် ထုံးရည်စစ်စစ် စားပွဲဇွန်းကြီး နှစ်ဇွန်းကို ကော်ဖီပန်းကန်ထဲတွင် ထည့်၍ လှုပ်ပြီး ပန်းကန်တဝက်ကုန်အောင် သောက်ပါ။


၅။ အိပ်ရာချက်ချင်းဝင်ပါ။ ဒူးခေါင်းကို မေးစေ့နားရောက်သည်အထိ ကွေးနိုင်သလောက်ကွေးပြီး ညာဘက်သို့စောင်းအိပ်ပါ။


၆။ ယင်းအနေအထားအတိုင်း မိနစ် ၃၀-ခန့် စိတ်ရှည်စွာနေပါ။


၇။ ဆားခါးရည်ကို လိုအပ်လျှင် တခွက်ထပ်၍ သောက်ပါ။ အနားတွင် အဖော်တယောက် ရှိပါစေ။ နောက်တနေ့တွင် သည်းခြေအိတ်မှ ကျောက်တုံးကျောက်ခဲတို့သည် အစိမ်းရောင်များ အတုံးအခဲများအဖြစ် ဝမ်းထဲ၌ ပါသွားကြောင်း တွေ့ရပါလိမ့်မည်။ လက်မအရွယ်ခန့် သည်းခြေကျောက်များ ကြေသွားသဖြင့် ဝေဒနာပျောက်ကင်းသွားကြောင်း တွေ့ရပါလိမ့်မည်။



(ကျောက်ကပ်ကျောက် ချေဖျက်သော ဆေးမြီးတို)



ကျောက်ကပ်ထဲတွင် ကျောက်တည်ပြီဆိုလျှင် နာကျင်သော ဝေဒနာအတော်လေး ခံစားရပါသည်။ ယင်းကျောက်ရှိနေသဖြင့် မကြာခဏဖျားခြင်း၊ ဆီးထဲ သွေးပါခြင်း စသည်များကိုလည်း တွဲဖက်ခံစားရပါသည်။ ရေများများမသောက်၍ ကျောက်တည်ရခြင်း ဖြစ်သည်။ ထို့ပြင် ကယ်လ်စီယမ်ဓာတ်နည်း၍ ဖြစ်သည်ဟု ဆိုပါသည်။ ခန္ဓာကိုယ်တွင်း၌ ကယ်လ်စီယမ်ဓာတ် နည်းပါးလာခြင်းကြောင့် ကျောက်ကပ်မှ ကယ်လ်စီယမ် ဓာတ်များကို တတ်နိုင်သလောက် ပြန်၍စုပ်ယူထိန်းသိမ်းပေးရပါသည်။ ဤသို့ ပြုလုပ်ရသဖြင့် ကယ်လ်စီယမ်မှာ ကျောက်ကပ်နှင့် ဆီးအိမ်တွင် အနည်ထိုင်ပြီး မာကျောသော ကယ်လ်စီယမ်ဆီးကျောက်များ ဖြစ်ရသည်ဟု ဆိုပါသည်။

ယင်းကျောက်ကပ် ကျောက်တည်ခြင်းးကို ဆေးသိပ္ပံနည်းအရ ခွဲစိတ်၍သော်၎င်း၊ အသံလှိုင်းဖြင့် ချေဖျက်ခြင်း (Lithoscopy) ဖြင့်သော်၎င်း ကုသကြရပါသည်။ ယင်းကုသနည်းများမှာ အန္တရာယ်လည်းများ၊ ကုန်ကျစရိတ်လည်း အလွန်များပြားလှပါသည်။ ခွဲစိတ်ရသည့် အန္တရာယ်လည်း ရှိပါသည်။ အသံလှိုင်းနှင့် ကုသရာမှာလည်း စရိတ်စက ကြီးလှပါသည်။ သက်သောင့်သက်သာလည်း မရှိလှပါ။ ထို့ကြောင့် အကုန်အကျသက်သာပြီး သက်သောင့်သက်သာ ရှိမည့် ဆေးမြီးတိုလေးကို သုံးကြည့်ကြပါစို့-


၁။ ဖရဲသီးဖျော်ရည် များများသောက်ပေးပါ။ တနေ့လျှင် နှစ်လီတာနှုန်းဖြင့် သောက်ပါ။ ဖရဲသီး အနီဖြစ်စေ၊ အဝါဖြစ်စေ၊ ဆေးဖက်ဝင်ပါသည်။ ဖရဲသီးဖျော်ရည်သည် ကျောက်ကပ်မှကျောက်များကို ချေဖျက်နိုင်ပါသည်။


၂။ ဆီးကျောက်ကပ်အတွင်း အတွင်းကြွက်သားများ ပျော့ပျောင်းလာစေမည့် ဆေးဖက်ဝင် ဖော်မြူလာ ရှိပါသည်။ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ (Pharmacist)များနှင့် တိုင်ပင်၍ ယင်းဖော်မြူလာအတိုင်းသောက်ပါ။ ဆီးကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းများ သက်သာလာပါလိမ့်မည်။


၃။ ဆီးများများ သွားစေရန် သုံးသော မလေးရှားနိုင်ငံမှ ဆေးဖက်ဝင်ရိုးရာ ဆေးတမျိုးဖြစ်သည့် မီဆိုင်ကူချင် (Misai Kuching)ကိုသောက်ပါ။ ကျောက်ကပ်နှင့် ဆီးအိမ်တွင်းရှိ ကျောက်များ ကြေသွားပါလိမ့်မည်။ မီဆိုင်ကူချင် အရွက်များနှင့် အပွင့်များကို ရေနွေးတွင် လက်ဖက်ခြောက်သဖွယ် ခတ်၍သောက်ပါ။ ယခုအခါများတွင် မီဆိုင်ကူချင်ကို ဆေးအတောင့်အနေနှင့်လည်း ဝယ်ယူရရှိနိုင်ပါသည်။ ရက်သတ္တနှစ်ပတ်အတွင်း ဆီးအိပ်နှင့် ကျောက်ကပ်ထဲမှ ကျောက်များ ကြေ၍ကျလာပါလိမ့်မည်။

(အစာအိမ် ရောင်ရမ်းခြင်း ကုသနည်း)

အစာအိမ် ရောင်ရမ်းခြင်းအတွက် အာလူးအစိမ်းနှင့် ပျားရည်သုံးရပါမည်။ ဆေးဖော်စပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


၁။ အာလူးအစိမ်းရည် တဖန်ခွက်ဖြစ်အောင် ပြင်ဆင်ပါ။ မာနေသော အာလူးအဖတ်များကို အရည်ကြည်သာကျန်သည်အထိ ထုတ်ပစ်ပါ။


၂။ ယင်းအာလူးအရည်ထဲသို့ ပျားရည်စစ်စစ် လက်ဖက်ရည်တဇွန်းခန့် ထည့်ပါ။ ပျားရည်သည် အနာများ ကျက်စေသော အစွမ်းသတ္တိရှိပါသည်။ ပဋိဇီဝဆေးများ (Antibiotics) မပေါ်မီ ကာလအချိန်များ၌ ဥရောပတခွင်တွင် သေနတ်ဒဏ်ရာရသူများကို ပျားရည်ဖြင့် ကုသကြသည်။


၃။ အထက်ပါအတိုင်း သမအောင် ရောစပ်ထားသော အာလူးစိမ်းရည်နှင့် ပျားရည်ကို အိပ်ရာမဝင်မီ သောက်ပါ။


၄။ ဤသို့သောက်ခြင်းအားဖြင့် တညလုံး အက်စစ်များထွက်၍ အစာအိမ်ကို ဒုက္ခပးခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။


၅။ ညစဉ်အနည်းငယ်ခန့် ဆက်တိုက် သောက်ပါ။


၆။ ဤနည်းဖြင့် အစာအိမ်ရောင်ခြင်း မသက်သာလျှင် အာလူးသီးအရည်အစား၊ ဂေါ်ဖီထုပ်အရည် သုံးကြည့်ပါ။ ယခုဖော်ပြထားသည့်နည်းသည် သိပ္ပံနည်းကျ အစာအိမ်ရောဂါအတွက် သုံးစွဲနေသော (cimetidine)ဆေးများကဲ့သို့ ထိရောက်ကြောင်း တွေ့ရပါသည်။ ယင်းဆေးမြီးတိုကို သုံးစွဲခြင်းဖြင့် အစာအိမ်ရောင်ရောဂါဝေဒနာများ တပတ်အတွင်း သက်သာလာသည်ကို တွေ့ရပါလိမ့်မည်။



(အစာမကြေခြင်းအတွက် ဆေးမြီးတို)

ချင်းပြုတ်ရည်သည် အစာမကြေသူများအတွက် သင့်တော်ပါသည်။ ချင်းရည်ပြုလုပ်နည်းမှာ-


၁။ လက်မခန့်ရှိသော ချင်းကို ကြိတ်ပြီးချေပါ။


၂။ ချေပြီးသား ချင်းကို ဖန်ခွက်တခုထဲထည့်၍ ပွက်ပွက်ဆူသော ရေနွေးကို ဖန်ခွက်ပြည့်သည်အထိ လောင်းထည့်ပါ။


၃။ ရေပူနှင့်တွေ့၍ ချင်းရည်များ ပွက်ပွက်ဆူပြီး ပလုံထလာပါမည်။ ယင်းကို ၁၀-မိနစ် ၁၅-မိနစ်ခန့် ထားပါ။


၄။ ၎င်းနောက် ချင်းဖတ်များကို ဆယ်၍ ယင်းအဖတ်မှ အရည်များ ကုန်သည်အထိ ညှစ်ပေးပါ။


၅။ ဖန်ခွက်ထဲရှိ အဖတ်များကို ဖယ်ထုတ်ပစ်ပါ။


၆။ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းထည့်၍ သမအောင် မွှေပါ။


၇။ ၎င်းနောက် ပျားရည်ရောပြီးသားကို ဖြည်းညင်းစွာ စုပ်၍သောက်ပါ။


မှတ်ချက်။ ။ ယင်းချင်းပြုတ်ရည်ကို အစာမကြေသည့်ရောဂါ အတွက်သာမက ကိုယ်ဝန်ဆောင်၍ မူးေ၀ ပျို့အန်ခြင်း၊ ခရီးသွား၍ မူးဝေပျို့အန်ခြင်း (Motion Sickness) များမှာပါ အသုံးတည့်ပါသည်။



(ပါးစောင်အနာများအတွက် ဆေးမြီးတို)



ဗိုင်းရပ်စ်ပိုးများသည် ပါးစောင်အနာများကို ဖြစ်စေတတ်ပါသည်။ ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ပေးစွမ်းသည့် အရာများ (Immune System) ပျက်စီးပြီဆိုလျှင် ဗိုင်းရပ်စ်တို့သည် ဝမ်းသားအားရ ဝင်ရောက်တိုက်ခိုက်လာပါ တော့သည်။ စိတ်ဓာတ်ကျနေလျှင်၎င်း၊ စိတ်ပျက်နေလျှင်၎င်း၊ သို့မဟုတ်-ခန္ဓာကိုယ်အနေနဲ့ ဖိအားပေးခံ နေရသည့် အခိုက်အတန့်များတွင်၎င်း၊ ယင်းဗိုင်းရပ်စ်များက ချုံခိုတိုက်ခိုက်ကြ ပါတော့သည်။ ဤတွင် ပါးစောင်၌ အနာများ ပေါ်လာတတ်ပါသည်။ သို့သော် ဘာမှမကြောက်ပါနှင့်။ လွယ်ကူ၍ ငွေကုန်သက်သာမည့် ဆေးမြီးတိုလေးကို စမ်းသပ်ကြည့်ရအောင်။


၁။ ကော်ဖီမှုန့်ကိုယူ၍ ပါးစောင်ရှိ အနာပေါ်၌ သိပ်ပေးပါ။


၂။ ၁၅-မိနစ်မှ မိနစ်၂၀-ခန့်တွင် စပ်၍ နာလာပါလိမ့်မည်။


၃။ ပြီးလျှင် ယင်းနေရာ၌ ထုံလာပါလိမ့်မည်။


၄။ ဤသို့ တနေ့တွင် သုံးခါထက်မနည်း ပြုလုပ်ပေးပါက ရက်အနည်းငယ်တွင် သက်သာလာပါလိမ့်မည်။ ကော်ဖီမှုန့်တွင် ဗိုင်းရပ်စ်ပိုး သေစေနိုင်သောအရာ သို့မဟုတ်-ဗိုင်းရပ်စ်ပိုးပွားခြင်းကို ရပ်တန့်စေသောအရာ ပါရှိသည်ဟု ယူဆရပါသည်။ တခြား ပါးစောင်များတွင်လည်း အနာများ ထပ်၍မဖြစ်နိုင်တော့ပါ။ တခြားနည်း တနည်းမှာ-အုန်းရေဖြင့် အာလုတ်ကျင်းပေးခြင်းဖြင့် ပါးစောင်အနာများ သက်သာစေပါသည်။



(အရေပြားအနာများအတွက် ဆေးမြီးတို)



Alperr Y-leung ဆိုသူ ဇီဝဓာတုဗေဒပညာရှင်က တရုတ်ရိုးရာ ဆေးဖက်ဝင် ဆေးမြီးတို ကုထုံး-များ စာအုပ်၌ အရေပြားအနာများ၊ ပွေးများကြောင့် ယားခြင်း၊ နာကျင်ခြင်းတို့ ပျောက်ကင်းစေမည့် ဆေးဖော်စပ်နည်းများကို ဖော်ပြထားပါသည်။ ယင်းမှာ ဘာမျှမထူးဆန်းပါ။ အိမ်ရှိ နနွင်းကို ရေဖြင့်ဖျော်ပြီး အနာများပေါ်သို့ အုံပေးရန်သာ ဖြစ်ပါသည်။



(ဗောက်နှင့် ဦးခေါင်းအရေပြား ကူးစက်ရောဂါ ကုထုံးများ)


ဦးခေါင်းအရေပြားကို ဒိန်ချဉ်ဖြင့်ဆွတ်ပါ။ ဒိန်ချဉ် ချဉ်လေ ကောင်းလေပင်။ ဤနည်းဖြင့် ဦးခေါင်းအရေပြား အက်စစ်ဓာတ်များ များလာပါလိမ့်မည်။ သို့မှသာ ဦးခေါင်းအရေပြားကို ဒုက္ခပေသည့်မှို (Fungus) များ အဝေးသို့ပြေးရပါတော့သည်။ တပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ   ပြုလုပ်ပေးပါ။   ဗောက်သည် မနေနိုင်၊ ဦးခေါင်း အရေပြားမှ တခြားကူးစက်ရောဂါများလည်း ပျောက်ကင်းကြောင်း တွေ့ရပါလိမ့်မည်။



(အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို)



နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏ အဓိကပါဝင်သော Capsicum ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။ သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင် ဆွေးနွေးထောက်ခံ ထားပါသည်။ ဆေးပညာအရ ၎င်း Capsicum မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ဝင်ရောက်သွားပြီး အရိုးထုများပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။ မီယာမီရှိ ဆေးကျောင်းဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာတင်ပြချက်မှာ ၎င်း Capsicum သုံးစွဲသူ အဆစ်ဝေဒနာရှင်များသည် သုံးလအတွင်း အဆစ်ဝေဒနာများ ၈၀-ရာခိုငနှုန်းခန့် သက်သာပျောက်ကင်း သည်ဟု ဆိုသည်။ ၎င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင်နှုန်းသာ သက်သာသည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီးအနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင်တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။ မိမိတို့ဘာသာ အောက်ဖော်ပြပါအတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။


ပါဝင်ရမည့် ပစ္စည်းများမှာ-


၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။


၂။ အုန်းဆီတကွာတ။


၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။


၄။ ဆီမွှေး အစက် ၄၀။



ပြုလုပ်နည်းမှာ-


၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကိုရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်းဆူပွက်လာသည်အထိ အပူပေးပါ။


၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။


၃။ သုံးနာရီခွဲခန့် အအေးခံပါ။


၄။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။


၅။ ဆီနှင့်ငရုတ်သီး အရောအနှောကို ဖျော်စက်တွင်ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။


၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။


၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။


၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။


၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။


၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။


၁၁။ အဖုံးသေချာစွာ ဖုံးပါ။


၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။



ဆေးညွှန်းမှာ-
နာကျင်ကိုက်ခဲသည့်နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်းလိမ်းပေးပါက အဆစ်နာဝေဒနာများ ပျောက်ကင်းနိုင်ပါသည်။



(အရေပြားနှင့် ရှားစောင်းလက်ပပ်)



သင့်အိမ်မှာ မြေအိုးနှင့် အပင်တပင် စိုက်မည်ဆိုလျှင် ရှားစောင်းလက်ပပ်ပင်ကို မမေ့ပါနှင့်။ ရှားစောင်းလက်ပပ်မှာ မြန်မာများ အသိများ၍ ဆေးဖက်ဝင် တိုင်းရင်းဆေးတမျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပပ်၏ ပုံသဏ္ဍာန်မှာ ခွေးသွားစိပ်သဖွယ် အထစ်အထစ်ပါသော လှံနှင့်တူပြီး အရေခွံအောက်၌ အရေရွှမ်းသော ဂျယ်လီလို ပစ္စည်းတမျိုးပါ ပါသည်။ ယင်းဂျယ်လီကဲ့သို့ပစ္စည်းမှာ အလွန်ဆေးဖက်ဝင်ပြီး အသေးစား မီးလောင်ဖုများ၊ ခုတ်ရှဒဏ်ရာများနှင့် တခြားအနာများ၊ ကုတ်ရာခြစ်ရာများ၊ အရေကြည်ဖုများ၊ နေလောင်သော အရေပြားများအတွက် အစွမ်းထက်သော ဆေးဖြစ်ပါသည်။ ရှားစောင်းလက်ပပ်ပင်၏ အပေါ်အရေခွံစုတ်ပြီး အထဲမှအရည်ပျစ်ချွဲချွဲကို အနာနှင့်မီးလောင်ဖုများအပေါ်သို့ ညှစ်ထုတ်ပါ။ အနာများအေး၍ အမှန်တကယ် ပျောက်သွားကြောင်း တွေ့ရပါလိမ့်မည်။ လေသလပ်ခံပါက ရှားစောင်းလက်ပပ်ပင်အရည်မှာ ခြောက်သွားပြီး အပြင်မှ ရောဂါပိုးများဝင်ရောက်ခြင်းငှါ မစွမ်းနိုင်တော့ပါ။ ရှားစောင်းလက်ပပ်ပင်၌ Salicylates မြောက်မြားစွာ ပါဝင်၍ အဆစ်ဝေဒနာနှင့် နှလုံးရောဂါအတွက် သုံးသော Aspirin ကဲ့သို့ အကိုက်အခဲသက်သာစေခြင်း၊ အဆစ်ရောင်ခြင်းများ သက်သာစေသည့်အပြင် Magnesium Lactate ပါဝင်သဖြင့် Anti-histamine သတ္တိလည်း ရှိပါသည်။



(အသားမာ ကုသနည်းများ)



အသားမာအတွက် ဆေးမြီးတိုသည် လွယ်လွယ်ကူကူနှင့် ထိရောက်ပါသည်။


၁။ ကြက်သွန်ဖြူ အခွံနွာပြီး ဒေါင်လိုက် နှစ်ခြမ်းခွဲထားပါ။


၂။ ကြက်သွန်ဖြူ နှစ်ခြမ်းကို ကြိုးစည်းထားပါ။


၃။ ပြီးလျှင် အသားမာ ပေါ် ကပ်ထားပါ။


၄။ ၁၀-နာရီခန့် ထားပါ။


၅။ ထပ်ခါတလဲလဲ ပြုလုပ်ပေးပါ။


၆။ အသားမာပျောက်သွးသည်အထိ ဤနည်းအတိုင်း ပြုလုပ်ပါက ရက်အနည်းငယ်အတွင်း အသားမာ ပျောက်သွားပါလိမ့်မည်။



(ဝမ်းတွင်းမီး သက်သာစေသော ဆေးပြီးတိုများ)



အာယုဗေဒဆေးများတွင် ထောပတ်သည် အလွန်အဖိုးတန်ပါသည်။ ထောပတ်သည် အဂ္ဂနီ (Agni) ဝမ်းတွင်းမီးကို အားပေးသောအစာဖြစ်သည်။ မိမိစားမည့် အသားပေါ်တွင် ထောပတ် လက်ဖက်ရည်ဇွန်း တဇွန်း သုတ်စားပါ။


ထောပတ်ပြုလုပ်နည်းမှာ-


၁။ ဆားမပါသော ထောပတ်တပေါင်ကို ဒယ်ပြားပေါ်တွင် မီးအေးအေးဖြင့် အပူပေးပါ။


၂။ အရည်ပျော်သည့်အထိ အပူပေးပါ။


၃။ ၎င်းနောက် မီးအနည်းငယ်မြှင့်ပေးပါ။


၄။ အမြှုပ်များထွက်လာပါက အမြှုပ်များကို ခပ်ထုတ်ပေးပါ။


၅။ ထောပတ်ဆူပွက်ပြီး အရည်ထွက်လာလျှင် မီးကို ပြန်လျှော့ပါ။


၆။ ဆယ်မိနစ်ခန့် မီးဖိုပေါ်၌ ဆက်ထားပါ။


၇။ အစိုဓာတ်နှင့် အငွေ့ပြန်သွားလျှင် ဒယ်ပြားအလယ်၌ ရွှေအိုရောင် သန်းသည့် အညိုရောင်ထောပတ် (Ghee) ကို ရပါသည်။


၈။ ဒယ်ပြားကို မီးဖိုမှချပြီး အအေးခံပါ။ ၎င်းနောက် သန့်ရှင်းသောခွက်တွင်း ခပ်ထည့်၍ သုံးစွဲနိုင်ပါသည်။ အခန်းအပူချိန်၌ပင် ယင်းထောပတ်ကို ရက်ပေါင်းများစွာထား၍ သုံးစွဲနိုင်ပါသည်။ ရေခဲသေတ္တာထဲတွင် ထား၍သုံးပါက ထို့ထက်ပို၍ သုံးနိုင်ပါသည်။



(အစာကြေချက် ချင်းတက်)



ချင်းတက်သည် အစာကြေချက်ရာ၌ အထောက်အကူ ပြုပါသည်။ အစာအိမ်နှင့် အူသိမ်အတွင်းရှိ အစာများကိုပင် ကြေညက်စေပါသည်။
ချင်းရည်ပြုလုပ်နည်းမှာ-


၁။ လတ်ဆတ်သော ချင်းတက်ကို ပါးပါးလှီးပါ။


၂။ အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဓားဖြင့်ပေါက်ပါ။ ယင်းနောက် ထုံးနှင့် ဆား အနည်းငယ် ထည့်စိမ်ပါ။


၃။ နံနက်စာ သို့မဟုတ်-ညစာမစားမီ နာရီဝက်အလိုတွင် ချင်းဆားထုံးအရောကို လက်ဖက်ရည်ဇွန်း တဝက်ခန့် ဖြည်းဖြည်းဝါးစားပါ။ ဤနည်းဖြင့် အစာကြေချက်နိုင်ပါသည်။

 

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy