Updated 14th Jan 2016
Zaw Thurein Tun, Shweproperty
ဝင်ငွေထက် ထွက်ငွေများနေတဲ့သူကို ဆင်းရဲသားလို့ခေါ်ပြီး ဝင်ငွေထက် ထွက်ငွေနည်းတဲ့သူကို ချမ်းသာသူလို့ ခေါ်လေ့ရှိပါတယ်။ တစ်နည်းအားဖြင့် မိမိရဲ့ ဝင်ငွေကိုလည်း သိမယ်၊ ထွက်ငွေကိုလည်း စိစစ်နိုင်ရမယ်။ အဲဒီလူဟာ အရည်အချင်းရှိတဲ့သူဖြစ်ပြီး လစဉ်လတိုင်း ထွက်ငွေဟာ ဝင်ငွေထက်များနေပြီဆိုရင်တော့ လူညံ့ သို့မဟုတ် အရည်အချင်းမရှိသူလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။
ဒီနေရာမှာ ထွက်ငွေဆိုကလည်း နှစ်မျိုး ရှိပြန်ပါတယ်။ ငြင်းဆန်နိုင်သော ထွက်ငွေနဲ့ မငြင်းဆန်နိုင်သော ထွက်ငွေပေါ့။ အစားအသောက်၊ အဝတ်အစား၊ အလှအပပစ္စည်း စတာတွေနဲ့ပတ်သတ်တဲ့ ကုန်ကျစရိတ်တွေကို ငြင်းဆန်နိုင်သော ထွက်ငွေလို့ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်စိတ်ကို ချုပ်တီးနိုင်ရင် ချုပ်တီးနိုင်သလောက် အဲဒါတွေနဲ့ပတ်သတ်ပြီး ငွေမထွက်ဘဲနေအောင် တားဆီးလို့ရပါတယ်။
မငြင်းဆန်နိုင်သောထွက်ငွေကတော့ ဥပမာ အရေးပေါ်ကျန်းမာရေး ကုသစရိတ်လိုမျိုး၊ မြေခွန်၊ ရေခွန် စတဲ့အခွန်အခတွေလိုမျိုးကို ခေါ်ပါတယ်။ အဲဒါတွေကတော့ ကိုယ်ပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ သေချာပေါက် ထွက်သွားရမယ့် ငွေကြေးတွေဖြစ်ပါတယ်။
ဒီနေရာမှာ ရုတ်တရတ် မငြင်းဆန်နိုင်တဲ့ထွက်ငွေတစ်ခုခု ပေါ်လာရင် လူတွေမှာ အရေးပေါ် ငွေလိုတယ်ဆိုတာ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ နီးစပ်ရာကို ငွေချေးတာတို့ဘာတို့ လုပ်ကြရပါတယ်။ (ဒီနိုင်ငံမှာ Soft Loan မရှိသေးတာကြောင့်လည်း ဖြစ်ပါတယ်) ဒီအထိက ကိစ္စမရှိသေးပေမယ့် ငြင်းဆန်နိုင်တဲ့ထွက်ငွေတွေကို မငြင်းဘဲ သုံးပစ်လိုက်လို့ ဝင်ငွေထက် ထွက်ငွေပိုများသွားလို့ ငွေချေးရပြီဆိုရင်တော့ အရမ်းရှက်စရာကောင်းတဲ့လူ ဖြစ်သွားပါပြီ။ တစ်နည်းအားဖြင့် ကျွန်တော်အသုံးမကျပါဘူးလို့ ဝန်ခံလိုက်တာနဲ့အတူတူပါပဲ။
ဘယ်လိုငြင်းမလဲ
လူအများစုဟာ ဝင်ငွေများသထက် များဖို့ကိုသာ မျှော်လင့်တတ်ကြပြီး ထွက်ငွေ နည်းသထက်နည်းအောင် ကြိုးစားတဲ့သူက နည်းပါးပါတယ်။ အဲဒီကိစ္စဟာလည်း အခန့်မသင့်ရင် ကပ်စေးနည်းတဲ့သူတစ်ယောက် ဖြစ်သွားတတ်ပြန်ပါသေးတယ်။ ကုန်သင့်တာကို မကုန်အောင် စိစစ်လွန်းတာကို နှမြောခြင်းလို့ခေါ်ပြီး ကုန်သင့်တာကို အကုန်အကျခံနိုင်ခြင်းကတော့ လူတော်တစ်ယောက် ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုဝယ်ယူကာနီးတိုင်း အသေချာစဉ်းစားပါ။ ဒါဟာ ငါ့အတွက် တကယ်လိုအပ်ရဲ့လား၊ အဲဒါမရှိရင် ငါ့ဘ၀ ဘာတွေဖြစ်သွားနိုင်သလဲဆိုတာ တွေးပါ။ ဘဝအတွက် တစ်ကယ်လိုအပ်ပြီဆိုမှ ဝယ်ပါ။
တခြားသူတွေနဲ့ကိုယ့်နဲ့ မယှဉ်ပါနဲ့
အဝတ်အစား၊ အသုံးအဆောင်၊ နာရီ၊ ဆွဲကြိုး၊ ကား၊ ဆိုင်ကယ် အစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေမှာ တန်ဖိုးအနည်းအများ ရှိကြပါတယ်။ ငွေငါးထောင်တန် အကျီလည်းရှိသလို ငွေငါးသိန်းတန် အကျီလည်း ဈေးကွက်ထဲမှာ ရှိတာပါပဲ။ အဲဒီလူ့အသုံးအဆောင်တွေ ဝယ်ယူတဲ့အခါမှာ သူများနဲ့ကိုယ်နဲ့ မယှဉ်ပါနဲ့။ တစ်လကို ဝင်ငွေ သိန်းနှစ်ဆယ်ဝင်တဲ့သူက ငါးသောင်းတန်အကျီဝယ်နိုင်တာ ဘာမှမဟုတ်ပေမယ့် တစ်လမှာ တစ်သိန်းတည်းဝင်တဲ့သူက ငါးသောင်းတန်အကျီဝယ်မယ်ဆိုရင် လူမိုက်ဖြစ်သွားပါပြီ။ လောကမှာ လူတွေဟာ တန်းတူ မဟုတ်ဘူးဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။ ကိုယ့်ဝင်ငွေလောက်နဲ့ သင့်တော်ရုံသာ သုံးစွဲပါ။
အချောင်မလိုချင်ပါနဲ့
ဝင်ငွေကတော့ နည်းတယ်။ သို့ပေမယ့် ဟိုဟာလိုချင် ဒီဟာလိုချင် အများကြီးဖြစ်နေတယ်။ တစ်နည်းအားဖြင့် ထွက်ငွေအများကြီးထွက်ချင်တယ်။ အဲဒီလို လူတွေဟာ အမြဲတမ်းလိုငွေပဲ ပြနေတော့တာမို့ သူတို့ဟာ ငွေကြေးကို အသေရရ အရှင်ရရ လိုချင်တဲ့စိတ်တွေ ပေါ်လာပြီး မတော်လောဘတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ ငွေကြေးကို အချောင်လိုချင်တဲ့ အချောင်သမားတွေ ဖြစ်လာကြပြီး သူများအပေါ်က ငွေကို လိမ်လည်ယူတာ၊ ဥပဒေနဲ့ မညီတဲ့ အလုပ်တွေ လုပ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါမျိုးတွေမဖြစ်ဖို့က ထွက်ငွေအများကြီး ထွက်ချင်နေတဲ့ ကိုယ့်ရဲ့စိတ်ကို ဘရိတ်အုပ်တတ်ဖို့ပဲ လိုပါတယ်။ လောကမှာ ငွေကြေးဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပြီးပြည့်စုံမှုဆိုတာ သေသည်အထိ မရနိုင်ဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။ တစ်လမှာ ငွေတစ်သိန်းပဲ ဝင်တဲ့သူက ငွေဆယ်သိန်းလိုချင်တယ်။ တကယ် ငွေဆယ်သိန်း ရလာပြီဆိုရင် တစ်လကို သိန်းတစ်ရာလောက် ဖြစ်လာချင်ပြန်တယ်။ တစ်လ သိန်းတစ်ရာ ဝင်လာပြီဆိုရင်လည်း တစ်လ သိန်းတစ်ထောင်ဖြစ်လာချင်ပြန်ရော။ ဝင်ငွေနဲ့ ပတ်သတ်ပြီး လူ့ရဲ့ လောဘဟာ ထိန်းမရနိုင်သလို ထွက်ငွေနဲ့ပတ်သတ်ပြန်ရင်လည်း သင့်အနေနဲ့ စိတ်ပါရင် ဒေါ်လာသန်းပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ဖြုန်းတီးလို့ ရပါသေးတယ်။ ကမ္ဘာကြီးက ကြိုဆိုလျက်ပါပဲ။ သင်မွဲသွားရင်တော့ ကမ္ဘာကြီးက လှည့်ကြည့်မှာမဟုတ်ပါဘူး။
ဝက်သားစားမစောပါနဲ့
ဗမာတွေဟာ ဝက်သားစားစောကြတယ်လို့ ပြောလေ့ရှိပါတယ်။ ဆိုလိုတာက နည်းနည်းလေး ပုံမှန်ဝင်ငွေရလာရင် သိပ်မကြိုးစားကြတော့ဘဲ အပျော်အပါးဘက်ကို ရောက်သွားကြတာ များလို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အလှည့်ကျရင် ဒါမျိုး မဖြစ်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခုလိုပါတယ်။ အထူးသဖြင့် တရုတ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။ တရုတ်တွေဟာ ဘယ်လောက်ပဲချမ်းသာချမ်းသာ အလုပ်ကို အမြဲတစေ ကြိုးစားနေလေ့ရှိပါတယ်။ သူတို့တွေဆီက အတုယူပါ။
နိုင်ငံရေး၊ စီးပွားရေးသတင်းစတာတွေကို မပြတ်တမ်းနားစွင့်ပါ။ ရင်းနှီးမြှပ်နှံစရာ အခွင့်အလမ်းပေါ်လာရင် ရင်းနှီးမြှပ်နှံပါ။
ငွေစုပါ
ဘဏ်အကောင့်ဖွင့်ထားပါ။ တစ်လတစ်ခါ ကိုယ်တတ်နိုင်သလောက် ငွေကြေးလေးကို ပုံမှန်ဖြည့်သွားပါ။ စာရေးသူ တစ်ခါက ဘဏ်သွားရင်း သူ့ရဲ့ငွေစုစာအုပ်ထဲကို တစ်လ ငါးထောင်ထည့်ပြီး ပုံမှန်စုနေတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို တွေ့ဖူးပါတယ်။ အရမ်းချီးကျူးစရာကောင်းလှပါတယ်။ အဲဒီလို မိန်းကလေးမျိုးဟာ ဆင်းရဲတဲ့သူ ဖြစ်မှာမဟုတ်ပါဘူး။
အသုံးစရိတ်တွေကို စာရင်းပြုစုပါ
ဒီနိုင်ငံမှာက ATM ကတ်ကိုင်ပြီး သုံးလို့ရတဲ့နေရာ နည်းပါးတာ၊ ကတ်အစား ငွေကြေးကို လက်ကကိုင်ပြီး သုံးစွဲရတာတွေပဲ ဖြစ်နေတာ လကုန်တိုင်း ဒီလအတွင်း ကိုယ်ဘာတွေသုံးမိသလဲဆိုတာက ပြန်စဉ်းစားနေရတဲ့အလုပ်တစ်ခု ဖြစ်နေပါတယ်။ ကတ်စနစ် တွင်ကျယ်လာရင်တော့ ကိုယ်ဘယ်အတွက်သုံးခဲ့တယ်ဆိုတာ ဘဏ်ကထုတ်ပေးတဲ့ Invoice ထဲမှာ ကြည့်လိုက်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် စာရင်းကိုရအောင်ပြုစုပါ။ ပြီးရင် ဆင်ခြင်သုံးသပ်ပါ။ နောက်လကျရင် ကိုယ် ဘယ်အပိုင်းမှာ လျှော့သုံးသင့်လဲဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။
Written By : Zaw Thurein Tun
Photo Credit : နည်းစနစ်ကျကျ အတွေးအခေါ်
Posted By : Wai Phyoe
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.