Property Titles
Search Filters
Property Titles
Living Style and Home Services

၁၉ မိနစ်အတွင်း တစ်အိမ်လုံးသန့်ရှင်းရေး

Updated 21st May 2018

Written by

Htet Hmu (ShweProperty.com), Shweproperty

 

ကိုယ့်တစ်အိမ်ထောင်လုံးမှာရှိတဲ့ အခန်းတစ်ခန်းချင်းစီမှာ ဘယ်လိုစီမံချက်နဲ့ သန့်ရှင်းရေးလုပ်မယ်ဆိုပြီး ဇယားချလုပ်ကြည့်မယ်ဆိုရင် အချိန်အတိုင်းအတာ(၁၉) မိနစ်အတွင်း တောက်ပြောင်ဝင်းပစေတဲ့ အိမ်တစ်လုံးအသွင်မျိုးရောက်အောင် ခင်ဗျားလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ မိသားစုအတွက်၊ မိတ်ဆွေသင်္ဂဟတွေအတွက်နဲ့ ခင်ဗျားကိုယ်တိုင်အတွက် အချိန်တွေ ပိုထွက်မလာနိုင်ပေဘူးလား။

 

ဆိုကြပါစို့ရဲ့။မီးဖိုချောင်ကစမယ်။(၄- မိနစ်ခွဲ)နဲ့ ပြီးနိုင်ပါတယ်။ပထမဆုံး လက်ဆေးကန် ဘေဇင်တွေကို အရင်ဦးဆုံးဆေးကြောမယ်။ဆရာမ Marla Cilly(Sink Reflections) စာအုပ်ရေးသူနဲ့ www.FlyLady.net ဆိုတဲ့ အိမ်ထောင်မှုထိန်းသိမ်းရေး ဝက်ဘ်ဆိုက်ဖန်တီးသူကတော့ လက်ဆေးကန်ကို ဗလာကျင်းထားပါ။ ပြီးတော့ လက်လက်တောက်အောင်ထားပါလို့ ဆိုပါတယ်။

 

သင့်မီးဖိုချောင်ရဲ့ စံချိန်စံညွှန်းကို ဆွဲတင်ထူမတ်ပေးမယ့် အဓိက အချက်နှစ်ချက်ကတော့ သန့်ရှင်းစင်ကြယ်ပြီး ရောဂါဘယမဖြစ်ပွားစေနိုင်သော အနေအထားရယ်၊ သေသပ်၍ စနစ်ကျသော ထားသိုမှုရယ်ပဲ ဖြစ်ပါတယ်။နောက်ထပ်သင့်ကို နှိုးဆော်တိုက်တွန်းချင်တာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ဆေးစရာရှိတာ မှန်သမျှကို အကြွေးမထားပဲ ချက်ချင်းဆေးပစ်ဖို့။ဒါ့အပြင် ကောင်တာတွေ၊ ရေခဲသေတ္တာတံခါးတွေ၊ မီးဖိုချောင်မျက်နှာပြင်တွေကိုလည်းပဲ သန့်သန့်ရှင်းရှင်းသေသေသပ်သပ်ဖြစ်အောင် ပြုပြင်ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။

 

ပန်းကန်ဆေးပြီးတိုင်း ပန်းကန်ဆေးတဲ့နေရာကို သန့်ရှင်းရေးလုပ်ဖို့ကတော့ စက္ကန့်သုံးဆယ်(မိနစ်ဝက်)လောက်ထားလိုက်ပါတော့။ ပြီးတော့ မီးဖိုခုံကြီးရဲ့ မျက်နှာပြင်ကို အဝတ်နဲ့ ပွတ်ဖို့ သုတ်ဖို့ကတော့(၁)မိနစ်။ ကောင်တာတွေကို သုတ်ဖို့က(၁)မိနစ်။ကြမ်းပြင်တံမြက်လှည်းတာ ဒါမှမဟုတ် ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်တာ(၂)မိနစ်ထားလိုက်ပါ။ ကဲ မီးဖိုပြီးရင် ရေချိုးအလှည့်ပေါ့။ ရေချိုးခန်းကိုတော့ လုပ်ရိုးလုပ်စဉ်အတိုင်း သင့်လက်တွေကို ဆေးသလိုမျိုး ဘေဇင်တွေကိုလည်း ဆေးလိုက်ပါဦး။ဒါလေးနဲ့ ပြီးမထားပဲ လက်စနဲ့ ရေစိုအဝတ်နဲ့ ရေပိုက်ခေါင်းတွေကို သုတ်တာတို့၊ နောက်ပြီးအဲဒီအဝတ်ကို လမ်ညှစ်ခါထုတ်မပစ်ခင် အိမ်သာအုံကို သုတ်တာတို့ကိုလည်း ဆက်တိုက်လုပ်ပစ်လိုက်စမ်းပါ။ စုစုပေါင်း(၂)မိနစ်။

 

ဘိုထိုင်ခွက် အတွင်းပိုင်းကိုသုတ်တာ စက္ကန့်သုံးဆယ်၊ ဘိုထိုင်ခွင်နဲ့ ဖင်ထိုင်ခံအပြားအဝိုင်းကိုသုတ်တာ (၁၅)စက္ကန့်။ ဘိုထိုင်အင်တုံခွက်ကြီးကို ဘရပ်နဲ့ဆေးတာက (၁၅)စက္ကန့်၊ မှန်နဲ့ဘုံဘိုင်ခေါင်းကိုသုတ်တာက (၁၅)စက္ကန့်။ အရိုးရှည်တပ်ထားတဲ့ ရေသုတ်တံနဲ့ တံခါးကို သန့်ရှင်းရေးလုပ်တာ စက္ကန့်(၃၀)။ ရေချိုးခန်းတစ်ခုလုံးနဲ့ ခန်းစည်းလိုင်နာတွေကို သုံးပြီးတိုင်း ဆေးဖျန်းဗူးနဲ့ ဖျန်းပေးတာက (၁၅)စက္ကန့်။

 

ရေချိုးခန်းပြီးတော့ အိပ်ခန်းထဲကူးကြရအောင်။ မနက်စောစော ရေမချိုးခင် ကိုယ့်အိပ်ယာကိုယ်သိမ်းတာက(၆)မိနစ်ခွဲ။ သပ်ယပ်တဲ့ အိပ်ရာက တခြားတွေရာလေးပါးကိစ္စတွေအပေါ် အာရုံပြုရာမှာ စိတ်နှစ်လို့ရအောင် ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ထဲက ကပြေးတုံးတိုက် မသွားရခင် လုံးလုံးဖောင်းဖောင်း ပြည့်ပြည့်တင်းတင်း ခေါင်းအုံးဖက်လုံးလေးတွေ၊ နူးညံ့တဲ့ အိပ်ရာခင်းလေးတွေကို ရှင်းရှင်းလင်းလင်း သေသေသပ်သပ် တွေ့မြင်ခွင့်ရဖို့ဟာ မဟာဦးစားပေး ကိစ္စရပ်ကြီးတစ်ခု မဟုတ်တာတော့ မှန်ပါရဲ့။ တစ်နေကုန်လို့ ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာတဲ့အခါကျရင် ဖရိုဖရဲမဟုတ်ဘဲ သန့်ပြန့်သားနားနေတဲ့ အိပ်ရာဖွေးဖွေးလေးပေါ် ခြေပစ်လက်ပစ် လှိမ့်ချကျောခင်းချလိုက်ရရင် ပင်ပန်းသမျှ အမောတွေ လုံးဝဥသုံ ပြေပျောက်သွားနိုင်စေမှာကတော့ အသေအချာပဲပေါ့။

 

အိပ်ရာသိမ်းတာက(၂)မိနစ်။ လက်ဝတ်ရတနာဆွဲကြိူးတို့ ဘာတို့ကို သိမ်းတာ၊ အဝတ်တွေကိုခေါက်တာ၊ ချိတ်နဲ့ချိတ်တာက (၄)မိနစ်။ ပြီးတော့ အိပ်ရာမျက်နှာပြင်ကို ပြန့်ပြန့့်ရန့်ရန့်ဖြစ်အောင် ဆွဲဆန့်ပြုပြင်ခင်ကျင်းတာက စက္ကန့်(၃၀)။ အိပ်ခန်းကပြီးတော့ အရေးကြီးဆုံးနဲ့ ပဓာနကျဆုံး ဧည့်ခန်းဘက်လှည့်ကြရမှာ မဟုတ်လား။

 

ဝင်လာတဲ့ တစ်ယောက်ယောက်ဟာ တံခါးမကြီးကို ကျော်လိုက်ရင် တန်းတိုးမှာက ဧည့်ခန်းပဲဖြစ်ပါတယ်။ ဒါကို သန့်ရှင်းဖို့ကတော့ (၆)မိနစ်ကုန်မှာပါ။ ရှည်လျားတဲ့ ဆိုဖာခုံကြီးတွေ ဖရိုဖရဲကစဉ့်ကလျား ဖြစ်နေမယ်ဆိုရင် သင်ဧည့်ခန်းဟာ အကျည်းတန်နေတော့မှာပါ။ မှီအုံးလေးတွေကို ခါပစ်ပါ။ ပြီးတော့ နေရာတကျ စီထားပေးပါ။ ဧည့်ခန်းထဲက တောက်တိုမယ်ရတွေကို ကောက်သိမ်းပါ။ အရုပ်တွေကို လက်ကိုင်ဖုန်စုပ်စက်သုံးပြီး သန့်စင်ပါ။ (၁)မိနစ်။ ကူရှင်တွေကို ကြက်မွေးနဲ့ ခါပေးပါ။ မှီအုံးတွေကို အကွာအေဝးအနေတော် ဖြစ်အောင်စီပါ။(၂)မိနစ်။စားပွဲမျက်နှာပြင်တွေ ဖုန်တင်နေတဲ့ ဘီရိုတွေကို အဝတ်နဲ့သုတ်ပါ။(၁)မိနစ်။ ကော်ဖီစားပွဲပေါ်က စာအုပ်တွေ မဂ္ဂဇင်းတွေကို ကျကျနနပြန်စီပါ။ သတင်းစာတွေကို ဖယ်ရှားပါ။ စီဒီချပ်တွေကို နေရာတကျပြန်ထားပါ။(၂)မိနစ်။

 

ကိုင်း...တစ်အိမ်းလုံးသန့်စင်ရေးကို ပြန်ချုပ်ကြည့်လိုက်ကြဦးစို့။ မီးဖိုချောင်(၄)မိနစ်ခွဲ၊ ရေချိုးခန်း၊အိမ်သာ(၆)မိနစ်၊ အိပ်ခန်း(၆)မိနစ်ခွဲ၊ ဧည့်ခန်း(၆)မိနစ်။ စုစုပေါင်း ကုန်ကျချိန် မိနစ်ပေါင်း(၁၉)မိနစ်။ အချိန်က ရွှေဖြစ်ပါတယ်။ ဒီလောက် အချိန်တိုတိုလေးကို ဒီလိုအသုံးကျအောင် လုပ်နိုင်ရင် တစ်ဘဝလုံးစာအတွက် အလုပ်လုပ်ဖို့ အသားတင်အချိန်တွေ ဘယ်လောက်ပိုထွက်လာနိုင်တယ်ဆိုတာ သတိထားမိရင်တော့ ဆင်ခြင်စရာမဟုတ်လားဗျာ။

 

Written By : Htet Mhu (ShweProperty.com)

Photo Credit : Stayathomemum

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy