Property Titles
Search Filters
Property Titles
Air Conditioner

သစ်ပင်ရဲ့တန်ဖိုး

Updated 9th Dec 2015

Written by

Yangon Life, Shweproperty

ကျွနု်ပ်တို့ပတ်ဝန်းကျင်မှာ ရှိတဲ့ သစ်ပင်တွေဟာ ကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာ နဲ့ အောက်ဆီဂျင်ကိုပေးတယ်ဆိုတာလူတိုင်းနားလည်ကြပါတယ်။လူသားတွေ ရဲ့ရှင်သန်ရပ်တည်မှုတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ သစ်ပင်တွေဆီကနေ အဆောက်အအုံ၊ ဆေးဝါး နဲ့ အခြားပစ္စည်းကိရိယာတွေကို လည်း ထပ်မံရရှိလာပါတယ်။ဒီနေ့အချိန်မှာတော့ သစ်ပင်တွေဟာ ပိုလို့တန်ဖို့ကြီးလာသလို လူနေထိုင်မှုပုံစံအရ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ သစ်ပင်တွေဆီကနေ အကျိုးတရားတွေကို ပိုလို့ရှာဖွေလာခဲ့ကြပါတယ်။



လူနေထိုင်မှုကိုအကျိုးပြုခြင်း



သစ်ပင်ဟာ လူသားတိုင်းအတွက်  အရေးကြီးတဲ့အစိတ်အပိုင်း တစ်ခုအဖြစ်ပါဝင်နေပါတယ်။ ကျွန်ုပ်တို့လျောက်နေတဲ့လမ်းတွေ၊ အပန်းဖြေကြတဲ့ ပန်းခြံတွေ၊ ကစားကွင်းတွေ၊ မိမိတို့ရဲ့ အိမ်မှာစိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေ၊ သစ်ပင်ပန်းမာန်တွေဟာ ကျွန်ုပ်တို့ရဲ့ စိတ်ကို ငြိမ်းချမ်းစေပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်လေးကို ဖြည့်စွမ်းပေးပါတယ်။ ဒါ့အပြင်လူသားတွေအတွက် သဘာဝတရားအရလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသလို လူတွေအတွက် နေထိုင်မှုစနစ် အဆင့်ဆင်တိုးတက်ပြောင်းလဲလာအောင် အထောက်အကူပြုနိုင်ခဲ့ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ သစ်ပင်တွေစိုက်ပျိုးထားခြင်းဟာ အေးမြတဲ့အရိပ်အာဝါသာကို ပေးနိုင်သလိုနေအပူရှိန်ကြောင့် လမ်းမတွေ၊ အဆောက်အအုံတွေမှတံလျှပ်ဟပ်တဲ့ဒဏ်တွေကိုကင်းဝေးစေပါတယ်။



သက်ရှိသတ္တဝါနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုခြင်း



သစ်ပင်တွေဟာ သူတို့ရဲ့ရှင်သန်ပေါက်ဖွားနေတဲ့ပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုပါတယ်။ အောက်ဆီဂျင်တွေထုတ်လွှတ်ပေးခြင်း၊ လေထုကိုသန့်စင်ပေးခြင်း၊ ရာသီဥတုအခြေအနေကို သာယာကောင်းမွန်စေခြင်း၊ ၊ ရေအရင်းအမြစ်ကို ထိမ်းသိန်းပေးခြင်း၊ မြေဆီလွှာကိုမူလအခြေအနေအတိုင်းဖြစ်အောင်ထိမ်းသိန်းပေးခြင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကိုအထောက်အပံ့ပေးခြင်းတို့ဖြစ်ပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ လေ့လာတွေ့ရှိချက်အရ သစ်တော ၁ ဧက ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ၆ တန်ကို စုပ်ယူနိုင်ပြီး လူတွေရှုရိုက်ဖို့အတွက် အောက်ဆီဂျင် ၄ တန်ကို ထုတ်လွှတ်ပေးပါတယ်။ဒါဟာ လူ ၁၈ ယောက်အတွက် ကောင်းကောင်းလုံလောက်တဲ့ အောက်ဆီဂျင်ဘဲဖြစ်ပါတယ်။ သစ်ပင်တွေ၊ ချုံပုတ်တွေ၊မြက်ခင်းတွေဟာ ညစ်ညမ်းတဲ့အရာတွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်တွေကို စုပ်ယူပါတယ်။ဒီလိုနဲ့ သစ်ပင်တွေဟာ လူတွေကျန်းမာရေးကို ထိခိုက်စေမယ့် အမှုံအမွှားတွေကို ဟန့်တားဖယ်ရှားပေးပြီးနောက် မြေပြင်ကို မိုးရေတွေနဲ့ဆေးကြောသန့်စင်လိုက်ပါတယ်။



မိုးရေ၊ လေ နဲ့ နေ ရဲ့ အကျိုးသက်ရောက်မှုတွေကို ညှိုပေးခြင်းဖြင့် သစ်ပင်တွေဟာ ရာသီဥတုကို ထိန်းချုပ်ပေးပါတယ်။ သစ်ရွက်တွေက နေရဲ့ စွမ်းအင်တွေကို စုပ်ယူလိုက်ပြီး ပူပြင်းတဲ့နွေရာသီမှာ လူတွေ အေးအေးလေးနေလို့ရအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် သစ်ပင်တွေဟာ လေပြင်းတွေကို ကာကွယ်ပေးခြင်းဖြင့် လူတွေနွေးနွေးထွေးထွေးနေလို့ရအောင် အထောက်အပံ့ပြုပါတယ်။ လေဒဏ်၊မိုးဒဏ်ကို ကောင်းစွာကာကွယ်ပေးပါတယ်။ သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတ်ငွေ့ပမာဏတွေတိုးပွားလာခြင်းကြောင့်အပူရှိန်ပြင်းလာခြင်းကိုလည်းလျော့ကျစေပါတယ်။



ဒါကြောင့် ကောင်းကင်မှာရော ၊မြေပြင်မှာပါ သစ်ပင်တွေဟာ သက်ရှိသတ္တဝါတွေအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ မြေဆီလွှာထဲမှာ သစ်ပင်တွေရဲ့အမြစ်ကလေးတွေကုပ်တွယ်နေရာယူထားခြင်းဟာ မြေဆီလွှာတိုက်စားခံရခြင်းကို ကောင်းစွာခုခံကာကွယ်နိုင်ပါတယ်။ သစ်ပင်တွေဟာ မိုးရေတွေကို စုပ်ယူ သိုလှောင်ထားပြီး မုန်တိုင်းတိုက်ပြီးနောက် နုန်းအနည်တင်မှုကိုလည်း ကောင်းစွာ လျော့ကျစေနိုင်သလို မြေအောက်ရေပြန်လည်ရယူမှုကိုလည်း အကူအညီပေးပါတယ်။ မြစ်၊ချောင်း၊အင်းအိုင်တွေဆီကို ဓာတ်တုအဆိပ်အတောက်တွေ မစီးဝင်လာအောင်လည်း တားမြစ်သလို ရေကြီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ သစ်ရွက်တွေကြွေရင်မြေကြီးအတွက်မြေဆီသြဇာကို ကြွယ်ဝစေပြန်ပါတယ်။



တိရိစ္ဆာန်တွေထဲမှာ ဆင်၊ ဝက်ဝံ၊ သစ်ကုလားအုပ်တွေဟာ သူတို့ရဲ့ အာဟာရအတွက်သစ်ရွက်တွေကိုစားကြပါတယ်။ မျောက်တွေက ပန်းပွင့်တွေကို စားကြပြီး ဝတ်ရည်တွေကတော့ ငှက်တွေ၊ လင်းနို့တွေနဲ့ ပိုးမွှားလေးတွေအတွက် နတ်သုဒ္ဒ္ဓါအာဟာရဘဲဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေစားကြတဲ့ အသီးတွေကို တိရိစ္ဆာန်တွေလည်းနှစ်သက်စွာစားကြတာရှိပါတယ်။ ဒီလိုစားသုံးခြင်းကြောင့်လဲ သစ်သီးတွေရဲ့အစေ့တွေဟာ ကျွန်ုပ်တို့နဲ့ အရမ်းကို ဝေးလံလွန်းတဲ့အရပ်ဒေသတွေဆီကို ပျံ့နှံ့ရောက်ရှိသွားပါတယ်။ ဒါကြောင့် ရာပေါင်းများစွာသက်ရှိသတ္တဝါတွေဟာ သစ်ပင်တွေကို သူတို့ရဲ့ အိမ်အဖြစ်သတ်မှတ်ကြပါတယ်။ ငှက်ကလေးတွေ၊ ရှဉ့်ကလေးလိုမျိုး တိရိစ္ဆာန်လေးတွေ အတွက် သစ်ပင်အကိုင်းအခက်တွေဟာ သားရဲတိရိစ္ဆာန်တွေရဲ့အန္တာရယ်မှ ကင်းလွတ်စေဖို့အကာအကွယ်ဖြစ်ပါတယ်။



လူတွေအတွက် စိတ်ကျေနပ်မှု ကို ပေးစွမ်းနိုင်ခြင်း



သစ်ပင်မှ လက်တွေ့အသုံးပြုနိုင်တဲ့အကျိုးတရားတွေများစွာရှိပါတယ်။ သစ်သားကို လောင်စာအနေနဲ့အသုံးပြုကြသလို ချက်ပြုတ်ရေးမှာလည်း အသုံးပြုကြပါတယ်။ ကမ္ဘာကြီးရဲ့ လူဦးရေ တစ်ဝက်လောက်ဟာ ချက်ပြုတ်ရေး၊ အနွေးဓာတ်ရရှိရေးအတွက် သစ်သားကို ပထမဆုံးလောင်စာအနေနဲ့ အသုံးပြုနေကြခြင်းဖြစ်ပါတယ်။ဒါ့အပြင် ဆောက်လုပ်ရေးကဏ္ဍ၊ ပရိဘောဂထုတ်လုပ်ရေး၊ အားကစား ပစ္စည်းကိရိယာများအတွက်  အထောက်အကူပြုနေတာဖြစ်ပါတယ်။  ကြွေမွနေတဲ့သစ်သားတွေကို စက္ကူ၊ စာရွက်အဖြစ်ထုတ်လုပ်ဖို့ အသုံးပြုကြပြန်တယ်။



သစ်ပင်က လူတွေ၊ သတ္တဝါတွေကို ထိရောက်စွာ အကျိုးပြုနေတာကြာင့် ကျွန်ုပ်တို့အနေနဲ့ သစ်ပင်ရဲ့တန်ဖိုးရဲ့ကို ကောင်းစွာနားလည်ပြီး စောင့်ရှောက်ကာကွယ်တတ်ဖို့လိုပါတယ်။ မိမိကို အကျိုးပြုနေတဲ့ ဒီသစ်ပင်လေးကို  တန်ဖိုးမထားအလွဲသုံးစားလုပ်ခဲ့တာကြောင့် လူသားတွေခံစားရတဲ့ အကျိုးသက်ရောက်မှုတွေကလည်း ကမ္ဘာတစ်ဝန်းမှာ မနည်းလှပါ။ကမ္ဘာတစ်ဝန်းလုံးမှာ သဘာဝဘေးအန္တာရာယ် ကို ရင်ဆိုင်ခံစားနေကြရတာဟာ သစ်ပင်ရဲ့တန်ဖိုးကို အလေးမထားဘဲ အလွဲသုံးစားလုပ်ဆောင်မှုကြောင့်ဖြစ်ပါတယ်။ သစ်တောတွေ ပြုန်းတီးမှုနဲ့အတူ သဘာဝမျုးိစိတ်တွေလည်း ပြုန်းတီးကာ ရာသီသတုဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာ ခံစားကြနေကြရတာဟာ ဆိုးရွားလွန်းပါတယ်။



ယနေ့ကမ္ဘာကြီး ပူနွေးလာခြင်းဟာလည်း ဒီလို သစ်တောတွေပြုန်းတီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာဖြစ်ပါတယ်။လူတွေအနေနဲ့  မိမိတို့ရဲ့ဘဝကို ရှင်သန်အောင်အထောက်အကူပြုမှုတွေကို အလေးမထားဘဲ မေ့လျောနေကြခြင်းဟာ မိမိတို့ရဲ့ အန္တာရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးမိမိတို့ရဲ့ ပတ်ဝန်းကျင်လေးမှာ ရှိနေတဲ့ သစ်ပင်လေးတွေကို တန်ဖိုးထား စောင့်ရှောက်ခြင်းဟာ မိမိတို့ရဲ့ ဘဝ ကို ဘေးကင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းတစ်မျိုးဖြစ်တယ်ဆိုတာ ဂရုစိုက်ကြဖို့အရမ်းကို အရေးကြီးပါတယ်။

 

Ref : Yangon Life

Posted By : Wai Phyoe Aung

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy