Property Titles
Search Filters
Property Titles
Furniture

ကျန်းမာချင်သူများ ဝေးဝေးရှောင်သင့်သည့် (၇) ချက်

Updated 24th May 2016

Written by

Messenger, Shweproperty

 

ယနေ့လူသားများသည် မိမိတို့ကို မကျန်းမာစေသော ပစ္စည်းများဝန်းရံကာ နေထိုင်နေကြသည်ဟု ဆိုရမည်။ အချို့ပစ္စည်းများသည် သက်ဆိုင်ရာက ဘေးကင်းသည်ဟု ခွင့်ပြုပေးထားသည့်တိုင် ရေရှည်တွင်ကား လူကိုဒုက္ခပေးသည့် ပစ္စည်းများဖြစ် နေခြင်းမှာလည်း စိုးရိမ်ဖွယ်ဖြစ်သည်။



           နေ့စဉ်သုံး ပစ္စည်းများ၊ နေ့စဉ် နေထိုင်မှု ပုံစံများထဲတွင် လူကိုမကျန်းမာအောင် လုပ်နေတာတွေ အများအပြား ပါဝင်နေသည်။ ထိုအရာများနဲ့ ဝေးဝေးနေနိုင်လေ ကျန်းမာလေ ဖြစ်မည်။ အောက်တွင် ကျန်းမာအောင် ရှောင်ရမည့် (၇) ချက်ကို တင်ပြပါမည်......



၁။ အချိုကဲသော အစားအစာများ



          အချိုကဲသော အစားအစာများသည် လူကို ဆီးချို၊ နှလုံး၊ လေဖြတ်၊ ရင်ကျပ်ခြင်းမှအစ ရောဂါအမျိုးမျိုးဝင်အောင် လုပ်နိုင်သည်။ အစာချေ လုပ်ငန်းကိုလည်း အနှောင့်အယှက် ပေးသလို၊ အူလမ်းကြောင်း ရောဂါများလည်း ဖြစ်ပွားစေနိုင်သည်။



          အိုင်ယာဝါ တက္ကသိုလ် သုတေသန တစ်ရပ်တွင် သွေးဆုံးပြီး အမျိုးသမီး ခြောက်သောင်းကို လေ့လာထားသည်။ တစ်ရက်လျှင် သကြားဓာတ်များသော အချိုရည်မျိုး နှစ်ဘူးနှင့် အထက် သောက်သုံးသူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ (၃၀) ရာခိုင်နှုန်း ပိုများသလို၊ အခြားဆက်စပ် ရောဂါများဖြင့် သေဆုံးနိုင်ခြေလည်း (၅၀) ရာခိုင်နှုန်း ပိုများလာကြောင်း တွေ့ရသည်။



၂။ အီလက်ထရောနစ် ပစ္စည်းများ



          အီလက်ထရောနစ် ပစ္စည်းများကို နေရာတကာ တွေ့နိုင်သည်။ ထိုပစ္စည်းများက ထွက်သော ရေဒီယိုလှိုင်းများလည်း နေရာတိုင်းမှာ ပျံ့နေသည်။ လုပ်ဆောင်ချက် တစ်ခုခု၏ ဆိုးကျိုးကို နောင်ဆယ်စုနှစ်များ ကြာပြီးမှ လူသားတို့ သိရှိတတ်ကြသည်။ ဖုန်းများ၊ ဝိုင်ဖိုင်လှိုင်းများ၏ ဆိုးကျိုးသည်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။



          လေ့လာမှု စစ်တမ်းများစွာကလည်း ဖုန်းရေဒီယိုလှိုင်းများသည် ကင်ဆာ ဖြစ်စေသည်ဟု ဆိုထားကြသည်။ နိုင်ငံတကာ ကင်ဆာ သုတေသန အဖွဲ့အစည်း (IARC) ကလည်း ဖုန်းရေဒီယိုလှိုင်းများသည် ကင်ဆာဖြစ်စေသည့် လက်သည် ဖြစ်သည်ဟု ၂၀၁၁ ခုနှစ်ကတည်းက ဆိုထားသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဖုန်းရေဒီယိုလှိုင်းများသည် ကင်ဆာဖြစ်စေသည်ဟု ဝန်ခံထားသည်။



၃။ ပိုးသတ်ဆေး



          ပိုးသတ်ဆေးတွေမှာပါသော ဓာတုပစ္စည်းများသည် ဟင်းသီးဟင်းရွက် သစ်သီးဝလံများက တစ်ဆင့် လူ့ခန္ဓာကိုယ်ထဲ ရောက်ရှိလျှင် သန္ဓေသား အင်္ဂါမစုံခြင်း၊ ကင်ဆာ၊ ဦးနှောက်စွမ်းရည်ကျရောဂါ၊ ရင်ကျပ်ရောဂါ အပါအဝင် နောက်ဆက်တွဲ ရောဂါများစွာ ဖြစ်ပွားစေသည်။ လူသားများသည် ပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုခြင်းဖြင့် ကိုယ့်ကိုယ်ကို အဆိပ်ခတ်လျက် ရှိချေသည်။



၄။ တစ်ကိုယ်ရေသုံး ပစ္စည်းများ



          အရေပြားလှ လိမ်းဆေးအစ မျက်နှာသစ် ဆပ်ပြာအလယ် ခေါင်းလျော်ရည် အဆုံး တစ်ကိုယ်ရေသုံး ပစ္စည်းများထဲတွင်ပါသော ဓာတုပစ္စည်းများသည် အရေပြားကို ဒုက္ခပေးနိုင်သည်။ ထိုပစ္စည်းများထဲတွင် ပါဝင်သော ဓာတုပစ္စည်းများသည် အရေပြားဆဲလ် လုပ်ငန်းများကို အနှောင့်အယှက် ပြုနိုင်သည်။ အကျိုးဆက်အဖြစ် ဆဲလ်များ ဖွဲ့စည်းပုံ မှားယွင်းကာ ကင်ဆာရောဂါ ဖြစ်ပွားစေသည်။



           ကနေဒါနိုင်ငံ မနီတိုဘာ တက္ကသိုလ်၏ လေ့လာမှုအရလည်း နေရောင်ကာ လိမ်းဆေးများထဲတွင် ပါသော ဓာတုပစ္စည်း အများစုသည် အရေပြားဆဲလ်များ ဆီထိ စိမ့်ဝင်သွားကြကြောင်း တွေ့ရှိခဲ့ရသည်။



၅။ လေသန့်ဖျန်းဆေး



          ကျန်းမာရေးနှင့် ပတ်သက်လာလျှင် အိမ်မှာမထားသင့်ဆုံးက လေသန့်ဖျန်းဆေးဘူးတွေ ဖြစ်သည်။ ဖျန်းလိုက်လျှင် အခန်းထဲ မွှေးကြိုင်သွားသည် မှန်သော်လည်း ကျန်းမာရေး အတွက်ကား အဆိုးဝါးဆုံး ရန်သူကြီးဖြစ်သည်။ ဖျန်းဆေးထဲတွင် ပါဝင်သော ဓာတုမှုန်များသည် အမေရိကန် နိုင်ငံသားတိုင်း၏ သွေးထဲ ဝင်နေသည်ဟုပင် ဆိုနိုင်သည်။ ထိုဖျန်းဆေးမှုန်များကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားရသလို၊ ကိုယ်တွင်း ကလီစာများ အဆိပ်သင့် ပျက်စီးမှုလည်း ဖြစ်ပွားနိုင်သည်။



          လေသန့်ဖျန်းဆေးဘူးများသည် အိမ်ထဲမှာ၊ ရုံးခန်းထဲမှာ မွှေးကြိုင်လန်းဆန်းပြီး ကျန်းမာသော လေထုရှိနေအောင် ကူပေးနိုင်သည်ဟု ကြော်ငြာရောင်းချနေသည့်တိုင် ဖျန်းဆေးထဲတွင်ပါသော သယ်လ် အိတ်ဓာတုပစ္စည်းသည် ဟိုမုန်းပုံ မမှန်မှု၊ သန္ဓေသား အင်္ဂါမစုံမှု၊ မျိုးပွားမှု အခက်အခဲများ ဖြစ်ပွားစေနိုင်ကြောင်း လေ့လာတွေ့ရှိထားသည်။



၆။ ပလတ်စတစ်ဘူးတွေ၊ ခွက်တွေ



          အမျိုးသမီးများတွင် မျိုးပွားခြင်း၊ သန္ဓေတည်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည့် EDCs ဓာတုပစ္စည်းများသည် ပလတ်စတစ်ဘူးတွေ၊ ခွက်တွေထဲမှာ ပါဝင်နေကြောင်း ဂျာမနီ သုတေသီများက ဆိုလိုက်သည်။ ပလတ်စတစ် ပစ္စည်းများထဲတွင် ပါသော ဓာတုပစ္စည်း ၂၄၅၂၀ ခန့် အနက် DEHF ဒြပ်ပေါင်းသည် လူ့ခန္ဓာကိုယ် အတွင်းရှိ ဟိုမုန်းများကို ကစဉ့်ကလျား ဖြစ်စေနိုင်စွမ်းရှိသည်။



           အကျိုးဆက်အဖြစ်ကား ခန္ဓာကိုယ်ဆဲလ်များ ဖွံ့ဖြိုးမှု မူမမှန် ဖြစ်ပွားကာ ဆဲလ်ပျက်စီးခြင်း အကျိုးဆက်အဖြစ် ကင်ဆာဖြစ်ပွား လာနိုင်ကြောင်း သုတေသီများက သတိပေးသည်။ ထို့အပြင် အထက်တွင် ပြောခဲ့သည့်တိုင် ကလေး အင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာခြင်းများလည်း ဖြစ်ပွားနိုင်သည်။



          သို့ဖြစ်ရာ အိမ်မှာ ဖန်ပန်းကန်၊ ဖန်ခွက်စသဖြင့် ဖန်နှင့် လုပ်ထားသော ပစ္စည်းများ သုံးစွဲသင့်သည်။ ကလေးနို့ဘူးကိုလည်း   ဖြစ်နိုင်လျှင် ဖန်နှင့် လုပ်ထားသော ပစ္စည်းများ သုံးစွဲခြင်းဖြင့် ကလေးကို ပလတ်စတစ် ထဲတွင်ပါသည့်  ဓာတုပစ္စည်းများ မနှောင့်ယှက်အောင် ကာကွယ်ပေးရမည်။



၇။ ထိုင်ခုံပေါ်မှာ ထိုင်နည်းအမှား



          ထိုင်ခုံသည် မထိုင်တတ်သူအဖို့ ကျန်းမာရေး ဆိုးကျိုးပေး၏ဟု သုတေသနများစွာက ထောက်ပြထားကြသည်။ အချိန်ကြာကြာ ထိုင်ခြင်းသည် ကျန်းမာရေး ဆိုးကျိုးများစွာနှင့် ဆက်စပ်နေသလို သက်တမ်း မစေ့မီလည်း သေဆုံးစေနိုင်သည်။ ပုံမှန်ကျန်းမာရေး လေ့ကျင့်ခန်းလုပ်သူ၊ ခန္ဓာကိုယ် ကျစ်လျစ်သွယ်လျသူများကိုပင် ဆိုးကျိုးပေးနိုင်သည်။



          ဗြိတိန် ဆေးပညာဂျာနယ် (BMJ) တွင် ဖော်ပြထားသော စစ်တမ်းအရလည်း နေ့စဉ် အချိန်ကြာမြင့်စွာ ခုံမှာထိုင်ကာ အလုပ်လုပ်ရသူ (အထူးသဖြင့် နည်းစနစ်မှားစွာ ထိုင်သူများ) သည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်း ပိုများလာသလို၊ ကျန်းမာရေး ပြဿနာ အမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေလည်း ပိုများလာကြောင်း  တွေ့ရှိထားသည်။



         ထိုင်ခုံမှာ အချိန်ကြာကြာ ထိုင်ရသူများ အနေဖြင့် ခါးကို မတ်မတ်ထား၊ ရင်ကိုဖွင့်ကာ၊ ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်မှာ ကပ်နေအောင် ချထားပြီး ထိုင်သင့်သည်။ ထိုသို့ ထိုင်ရုံနှင့်လည်း မလုံလောက်သေး။ မကြာမကြာ ထထသွားသွား လှုပ်လှုပ်ရှားရှားလေး လုပ်ပေးဖို့လိုသည်။ သို့မှသာ တစ်ပုံစံတည်း ထိုင်နေခြင်းကြောင့် ခန္ဓာကိုယ်အပေါ် ဆိုးကျိုးသက်ရောက်ခြင်းကို ချေဖျက်နိုင်မည်။

 

Posted By : Wai Phyoe

Photo Credit : Messenger

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy