အိမ်ရှေ့တံခါးဝန်းကျင်ဟာ ကျက်သရေရှိရှိဖြစ်နေစေဖို့ အရေးကြီးပါတယ်


ကိုယ့်ရဲ့အသိအိမ်ကိုဖြစ်ဖြစ် သွားရောက်လည်ပတ်ကြတဲ့အခါ ပထမဆုံးတွေ့ရတဲ့အရာက ဘာလဲ။ အိမ်ရှေ့တံခါးပဲမဟုတ်လား။ အိမ်တစ်အိမ်ကိုရောက်တဲ့အခါ အိမ်ထဲကိုဝင်လိုက်တာနဲ့ ထိတွေ့ခံစားလိုက်ရတဲ့ အနံ့အသက်၊ ကြားရမြင်ရတာတွေက လူရဲ့ကိုယ်စိတ်နှလုံးကို လွှမ်းမိုးသက်ရောက်မှုဖြစ်စေတာအမှန်ပါ။ ဒါကို အိမ်ရဲ့ကျက်သရေ လို့ပြောရမလား။ အိမ်တစ်အိမ်အတွက် အိမ်ရှေ့တံခါးဟာ လာရောက်လည်ပတ်သူဧည့်သည်တို့ကို အထင်ကြီးလေးစားစရာဖြစ်စေတဲ့ အရာတစ်ခုထဲပါဝင်နေပါတယ်။ အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ ဒီအိမ်ရှင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို အိမ်ရဲ့အခြေအနေဝန်းကျင်က ဖော်ပြနေတာပဲဖြစ်ပါတယ်။


မွှေးရနံ့ဟာ အိမ်တစ်အိမ်ကို ကြီးမားတဲ့ကျက်သရေဖြစ်စေဖို့ အထောက်အကူပြုပါတယ်


အိမ်ထဲကိုဖြစ်ဖြစ်၊ အခန်းထဲကိုဖြစ်ဖြစ်ဝင်လိုက်တာနဲ့ မကောင်းတဲ့အနံ့အသက်တို့ ဆီးကြိုနေတာတွေက ဘယ်ဧည့်သည်ကိုမဆို စိတ်ထဲမသာမယာဖြစ်မိစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အိမ်အဝင်ဝတစ်ခုလုံးကို ကျက်သရေမင်္ဂလာရှိရှိနဲ့ အပြောင်းအလဲဖြစ်သွားစေဖို့ ရနံ့မွှေးတဲ့ဖယောင်းတချို့ကိုအသုံးပြုပေးလို့ရပါတယ်။ ဒီထက်ပိုကောင်းတာကတော့ ကြာရှည်လည်းခံ၊ ထားရတာလည်း လွယ်ကူတဲ့ အမွှေးဆီပါ အမွှေးတိုင်လိုမျိုးတုတ်ချောင်းတို့ကို အိမ်တံခါးအဝင်ဝနားမှာ ထားထားလို့ရတာပါပဲ။ သူတို့ကို ၄ လတစ်ခါဖြစ်ဖြစ်၊ ၆ လဝန်းကျင်လောက်မှာဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့အနံ့လေးကိုရွေးပြီး ဖြည့်ပေးမလား၊ ကိုယ်ကြိုက်သလိုလုပ်လို့ရနိုင်တာပါပဲ။




မီးရောင်မှိန်မှိန်လေးဟာ အိမ်တွင်းကျက်သရေကို ပိုကောင်းစေဖို့ပံ့ပိုးပေးပါတယ်


အခုခေတ်မှာ နည်းပညာတိုးတက်လာတော့ အရင်လို မီးအားတွေအရမ်းဆွဲတဲ့ မီးသီးတွေကို သုံးစရာမလိုတော့ဘဲ လင်းလင်းထိန်ထိန်ရှိတဲ့ မီးချောင်းတို့ကို သုံးစွဲလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို လင်းထိန်နေတဲ့မီးချောင်းမျိုးကို မီးဖိုချောင်တို့၊ အိမ်အပြင်ဘက်၊ ခြံဝင်းအပြင်ဘက်တို့မှာသာ သုံးလို့ ပိုသင့်တော်တာကိုတွေ့ရပါတယ်။ အိပ်ခန်းတွေလို လူတွေအနားယူတဲ့အခန်းတွေ၊ ဧည့်ခန်းတွေ၊ အိမ်ရှေ့တံခါးအနီးဝန်းကျင်တို့မှာကျတော့ မီးရောင်ဖျော့ဖျော့လေးတွေက ပိုလို့ကောင်းတာတွေ့ရပါတယ်။ မီးရောင်မှိန်မှိန်လေးတွေက လူတွေရဲ့မျက်စိကို ရုတ်တရက်ကျိန်းစပ်တာတို့မဖြစ်စေဘဲ ပတ်ဝန်းကျင်ကိုလည်း အေးမြ စေသလို လူကိုလည်း သက်သောင့်သက်သာဖြစ်စေလို့ပါပဲ။


အနုပညာရပ်ဆိုင်ရာပစ္စည်းတို့ဟာ အိမ်တွင်းကျက်သရေကို ပိုလင်းလက်စေပါတယ်


နာမည်ကြီးပုံတူပန်းချီကားချပ်လေးတွေဟာ အိမ်ထောင်စုတော်တော်များများတို့ရဲ့ အိမ်နံရံတို့မှာ နေရာယူလာကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အရေးကြီးတာက အဲဒီပန်းချီကားချပ်လေးတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိဖို့လိုပါတယ်။ ရိုးရိုးလေးလမ်းညွှန်ရရင်တော့ ပန်းချီကားချပ်တွေကို မိမိတို့အိမ်နံရံမှာ အလှဆင်ချိတ်ဆွဲတော့မယ်ဆိုရင် ကိုယ်အသုံးပြုမယ့် ပန်းချီကားချပ်လေးတွေရဲ့အတိုင်းအတာကိုသိဖို့လိုပါတယ်။ နေရာကျဉ်းကျဉ်းလေးသာရှိတဲ့ ရေချိုးခန်းတို့၊ အိမ်သာတို့မှာ ချိတ်ဆွဲမယ့်ကားချပ်တို့ဆိုရင် အခန်းအကျယ်အဝန်းနဲ့လိုက်ဖက်တဲ့ ကားချပ်သေးသေးလေးတို့သာ ချိတ်ဆွဲသင့်တာမျိုး၊ နံရံကျယ်ကျယ်ကြီးရှိနေတဲ့ အဝင်တံခါးဝလိုနေရာ၊ ဧည့်ခန်းတို့၊ အိပ်ခန်းတို့လိုနေရာမျိုးကျတော့ ကြီးမားခန့်ထည်တဲ့ ပန်းချီကားချပ်အကြီးကြီးတို့နဲ့သာ လိုက်ဖက်ပြီး၊ အခန်းကိုကြည့်လိုက်တဲ့အခါလည်း နဂိုမူရင်းထက် ပိုကျယ်ဝန်းသလိုမြင်ရစေတာဖြစ်ပါတယ်။


အိမ်တံခါးအဝင်လမ်းတွေ ရှင်းလင်းနေခြင်းကလည်း အိမ်ကျက်သရေတစ်မျိုးပါ


အဝင်လမ်းတွေမှာ ပစ္စည်းတွေပြုတ်ကျလို့ ဟိုတစ်စ ဒီတစ်စပြန့်ကျဲကျနေတာတွေ၊ ပစ္စည်းတွေက အစဉ်တကျမရှိဘဲ ဟိုတွဲလောင်း၊ ဒီတွဲလောင်းနဲ့ ရှိနေတာတွေက မြင်ရသူစိတ်ကို အနေကျုံ့စေပြီး စိတ်ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် သင့်ရဲ့အိမ်အဝင်တံခါးဝန်းကျင်တွေကို အလှဆင်ဖို့ ပစ္စည်းတွေအများကြီးမဝယ်သင့်သလို၊ အဲဒီလိုနေရာမျိုးတွေက ရှင်းရှင်းလင်းလင်းထားနိုင်မှ သပ်သပ်ရပ်ရပ်နဲ့ မြင်ရသူတို့ကိုလည်း  စိတ်ထဲပေါ့ပါးစေပါတယ်။ အိမ်ထဲဝင်လိုက်တာနဲ့ စိတ်ထဲရှင်းရှင်းလင်းလင်း မြင်ရတဲ့ခံစားမှုက တကယ့်ကို ခံစားမှုကောင်းစေပါတယ်။




အိမ်သာရင် ဧည့်လာတယ်ဆိုသလို ကိုယ့်ရဲ့အိမ်ကို ရပ်နီးရပ်ဝေးမှ မိတ်ဆွေ သူငယ်ချင်းတို့ အလည်အပတ်ရောက်လာခဲ့ရင် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ကောင်းကောင်းမွန်မွန် ဧည့်ဝတ်ကျေပြွန်နိုင်ဖို့ ကိုယ့်ရဲ့အိမ်ဟာ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံနေဖို့လိုပါတယ်။ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတယ်လို့ဆိုရာမှာ အထက်မှာဖောြ်ပထားသလိုပဲ သန့်ရှင်းတဲ့အိမ်ခန်းဝန်းကျင်ဖြစ်နေဖို့လိုခြင်း၊ အနံ့အသက်ကင်းပြီး လတ်ဆတ်တဲ့လေထုတို့ရှိနေခြင်း၊ ဧည့်သာစေဖို့ နွေးထွေးတဲ့အိမ်ဝန်းကျင်ဖြစ်နေဖို့လိုခြင်း အစရှိတဲ့ အဂါင်္ရပ်တို့ပြည့်စုံနေသင့်ပါတယ်။ ဒါက ကိုယ့်ကိုခင်မင်လို့လာရောက်တဲ့မိတ်ဆွေကို စိတ်ပျော်စေရုံမက၊ အိမ်ရဲ့လာဘ်လာဘစီးပွားကိုလည်းတိုးစေတဲ့အတွက် ကိုယ့်ရဲ့အိမ်ကို ကျက်သရေအဖြာဖြာဖြစ်စေဖို့ ဂရုပြုစရာအချက်လေးတွေအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေ ဗဟုသုတများ


မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ


ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရအောင် သိထားဖို့


ပစ်ပယ်လို့မရတဲ့ အိမ်တွင်းနိမိတ်ဆိုး ၁၂ မျိုး


အိမ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဖုန်းရွှေပညာရပ်များ


Credit : Yangonlife
Photo Credit : realestate-myanmar
Posted By : Sint Sint (ShweProperty.com)