မြေငှားဂရန်တစ်ခု လျောက်ရင် လျောက်လွှာမှာ ဥပဒေအရ အောက်ပါအချက်များသာ ပါဝင်ရမှာဖြစ်ပါတယ်။


(က) လျှောက်ထားသူ၏ အမည်၊ နေရပ်နှင့် အလုပ်အကိုင်၊


(ခ) လျှောက်ထားသည့်မြေ တည်ရှိသည့် ရပ်ကွက်၊ လမ်း သို့မဟုတ် တည်နေရာ၊


(ဂ) မြေ၏ နယ်နိမိတ်၊


(ဃ) ဆောက်လုပ်မည့် နေအိမ်၏ အရွယ်ပမာဏနှင့် ဆောက်လုပ်ရာတွင် အသုံးပြုမည့်ပစ္စည်း၊


(င) အဆောက်အအုံ ဆောက်လုပ်ရာတွင် လူနေထိုင်ရန်၊ စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်ရန်  စသည်ဖြင့် မည်သည့်အတွက် အငှား ရလို ကြောင်း ဖော်ပြချက်၊


(စ) လျှောက်ထားသည့် မြေကို နယ်နိမိတ် သတ်မှတ်ပြီး ဖြစ်ကြောင်း ဝန်ခံချက်၊ ထို့ပြင် မြေသည့် အစိုးရက တိုင်းတာပြီးဖြစ်လျှင် အစိုးရမြေပုံမှ ကူးယူသော မြေပုံနှင့်အတူပူးတွဲ တင်ပြရမည်။ (အဆောက်အအုံပုံစံနှင့် ရှေ့နောက် ဘေးမြင်ပုံနှင့် အဆောက်အအုံ နေရာချပုံတို့သည် ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် မြေငှားစာချုပ်တွင် မြင်ကွင်းနှင့်တကွ အထူးစည်းကမ်း သတ်မှတ်ချက် ထည့်သွင်း ဖော်ပြရန်လိုအပ်ခြင်း မရှိခဲ့သော် အဆောက် အအုံအစိတ်အပိုင်းများ ပြည့်စုံစွာ ဖော်ပြရန်မလိုအပ်ပါ) 


ဒါက အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများဥပဒေအရ ပြုထားတဲ့ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ အခန်း ၂၊ နည်းဥပဒေ (၁၁) မှာ ဖော်ပြထားတဲ့ ပြဌာန်းချက်ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို ကျော်လွန်ပြီး အခြားမည် သည့်အချက်ကိုမှ လျောက်လွှာမှာ ထပ်ထည့်စရာမလိုပါဘူး။ လိုအပ်လို့ ထပ်ပြီးထည့်ချင်ရင် ပြုပြင်ချင်ရင် ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်ပြီးမှ လုပ်လို့ရပါမယ်။ 


နည်းဥပဒေ ပုဒ်မ ၁၇ မှာ နိုင်ငံတော်သမ္မတသည် ဂရန်စာချုပ်စည်းကမ်းများ၊ လျောက်ထားခြင်းနည်းလမ်း၊ ဂရန်ထုတ်ပေးခြင်း နည်းလမ်း၊ မြေခွန်ကောက်ခံခြင်းနည်းလမ်း၊ အခွန်လွတ်ပေးခြင်းများကို နည်းဥပဒေ ထုတ်ပြန်ခွင့်ရှိသည်။ ပုဒ်မ ၄၄ မှာ ထုတ်ပြန်ပြီးသော နည်းဥပဒေများကို အများပြည်သူသိရှိရန် တရားဝင် ထုတ်ပြန်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေငြာပြီးမှသာ အာဏာသက်ရောက်စေရမည်ဖြစ်ကြောင်းနှင့် မကြေငြာခဲ့လျင် အာဏာသင်ရောက်မှုမရှိစေရလို့ အတိအကျရေးထားပါတယ်။ 





ထွေအုပ်ညွှန်ချုပ် (ဘဏ္ဍာတော်မင်းကြီး)က နိုင်ငံတော်သမ္မတထုတ်ပြန်ထားတဲ့ နည်းဥပဒေအရ မြေငှား ဂရန်နဲ့ပတ်သက်လို့ အသုံးပြုရမည့် စာရင်းဇယားများ၊ မှတ်ပုံတင်များ၊ ကြေငြာချက်၊ နို့တစ်စာများနှင့် အခြားစာတမ်းအမှတ်အသားများကို နိုင်ငံတော်သမ္မတ၏ သဘောတူညီချင်ဖြင့် ပြုလုပ်ခွင့်ရှိသည်လို့ပုဒ်မ ၄၂ မှာပြဌာန်းထားပါတယ်။ ညွှန်ချုပ်အဆင့်ကတောင် မြေငှားဂရန်နဲ့ ပတ်သက်လို့ ကိုယ်သတ်မှတ်ချင်တာတွေ၊ ထည့်ချင်တာတွေ ထည့်လို့မရပါဘူး။ ဥပဒေ နည်းဥပဒေက ပေးထားတဲ့အတိုင်းပဲ လုပ်ရမှာဖြစ်ပါတယ်။ 


အောက်ခြေမှာတော့ မြေငှားဂရန်လျောက်မယ်ဆိုရင် လျောက်လွှာမှာ ပါဝင်ရမည့် အချက်များဆိုပြီး သတ်မှတ်ချက်များစွာနဲ့ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို တစ်နေရာနဲ့ တစ်နေရာ မတူတာတွေလည်း ရှိပါတယ်။ နမူနာ တစ်ခုကို တင်ပြပေးပါမယ်။ လျောက်ထားရာမှာ 


(က) လျှောက်လွှာ၊ (လျှောက်ထားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊ ၅ဝဝိ/- တန် တံဆိပ်ခေါင်း ကပ်ပြီး သတ်မှတ်ပုံစံဖြင့် လျှောက်ထားရမည်။


(ခ) မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေစာရင်း ပုံစံ (၁၀၅၊ ၁၀၆)၊ မြေစာရင်းပုံစံ (၁၀၅) တွင် တံဆိပ်ခေါင်း ၅ဝဝိ/- တန်ကပ်ရန်၊


(ဂ) မြေပိုင်ဆိုင်မှု အထောက်အထား၊


(၁) သက်ဆိုင်ရာက ချပေးသည့် မြေပေးမိန့် သို့မဟုတ်


(၂) ဝယ်ယူခြင်း စာချုပ်စာတမ်း မှတ်ပုံတင် သို့မဟုတ်


(၃) မေတ္တာဖြင့် ရရှိခြင်း စာချုပ်စာတမ်း မှတ်ပုံတင် သို့မဟုတ်


(၄) အမွေရရှိခြင်း စာချုပ်စာတမ်း မှတ်ပုံတင် သို့မဟုတ်


(၅) စွန့်လွှတ်ခြင်း စာချုပ်စာတမ်း မှတ်ပုံတင် သို့မဟုတ်


(၆) တရားရုံး ကျမ်းကျိန်လွှာ စာချုပ်စာတမ်း မှတ်ပုံတင် သို့မဟုတ်


(၇) အခြားပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား (တည်ဆဲဥပဒေ တစ်ရပ်ရပ် အရ ဖော်ပြနိုင်ခြင်း ရှိလျှင်)





(ဃ) မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ပတ်ဝန်း ကျင် အခြေအနေပြ မြေပုံ


(င) မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ရပ်ကွက် အခြေပြ မြေပုံ


(စ) မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြို့အကွက်ပြ မြေပုံ


(ဆ) သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊


(ဇ) အဆောက်အအုံ၏ ရှေ့မြင်ဓာတ်ပုံ၊ ဘေးမြင်ဓာတ်ပုံ၊ နောက်မြင် ဓာတ်ပုံ သို့မဟုတ် အဆောက်အအုံ မဆောက်လုပ်ရသေးလျှင် BP, BQ တစ်စုံနှင့် တစ်နှစ်အတွင်း ဆောက်လုပ်မည့် ဝန်ခံချက်။ 


ဒီလိုတွေ အချက်များစွာနဲ့ ဖြစ်နေပါတယ်။ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ၊ အကြောင်း အချက်များ ဖြစ်ပါတယ်။ အများပြည်သူအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စရာတွေ အများကြီးပါ။ အထူးသဖြင့် (ဂ) မြေပိုင်ဆိုင်မှုအထောက်အထား၊ ခုမှ မြေတရား ဝင်ပိုင်ဖို့ လျောက်ပါတယ်ဆိုမှ မြေပိုင်ဆိုင်မှုအထောက်အထားဆိုတော့ ခက်ပြီ၊ နည်းဥပဒေမှာလည်း ဒီအချက်မပါပါဘူး။ နောက် (ဃ၊ င၊ စ) မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ပတ်ဝန်းကျင် အခြေ အနေပြ မြေပုံ၊ ရပ်ကွက်အခြေ ပြ မြေပုံ၊ မြို့အကွက်ပြ မြေပုံတွေ ဘာလုပ်ဖို့ပါလိမ့်၊ ဌာနက လိုအပ်ရင် ဌာနချင်းဆက်သွယ်လုပ်၊ ကွင်းဆင်းကြည့်၊ ဌာနဘက်ကလုပ်ရမှာ ပြည်သူကို တင်ပြခိုင်းနေတော့ အလုပ်ပို အချိန်ကုန် ငွေကုန်ရပါတယ်။ 


မလိုတာတွေ ထည့်ရင် ဥပဒေကိုကျော်လွန်နေတာလည်း ဂရုစိုက်ရပါမယ်။ ဥပဒေနားလည်တဲ့ပြည်သူက ဥပဒေမှာ မပါတာတွေ မပေးနိုင်ဘူးဆိုရင် ဘယ်လို ဆက်လုပ်ရပါ့။ နောက်တစ်ခု (ဇ) အဆောက်အအုံပုံ၊ မဆောက်ရသေးရင်လည်း BP BQ တဲ့၊ နည်းဥပဒေနဲ့ကွဲလွဲ ကျော်လွန်နေတာတွေပါ။ မဖြစ်သင့်ပါဘူး။ နိုင်ငံပိုင်မြေကို ပြည်သူရော ဌာနဆိုင်ရာကပါ ဥပဒေအရမဟုတ်ပဲ စိတ်ထင်ရာလုပ်လို့ မရပါဘူး။ 


မြေငှားဂရန်ချထားပေးဖို့ လုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ပေးနေပါတယ်၊ ဘယ်ရက်အတွင်းအပြီး မြေငှားဂရန် လုပ်ပေးရမယ်လို့ သတ်မှတ်ပေးတယ်၊ အများပြည်သူ ဝန်ထုတ်ဝန်ပိုး ဖြစ်စေမည့်အရာတွေကို ဖြေလျော့ပေးနေချိန်မှာ ဒီလိုအချက်တွေကိုလည်း ပြန်လည်စိစစ်ပြီး လုပ်ဆောင်ဖို့လိုပါတယ်။ ဥပဒေ နည်း ဥပဒေကို ကျော်လွန်ပြီး ညွှန်ကြားလုပ်ဆောင်တာမျိုးလည်း မဖြစ်သင့်တော့ပါဘူး၊ နည်းဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းခြင်း မပြုဘဲ ဌာနတွင်း ညွှန် ကြားချက်တွေကို ထုတ်ပြန်တာကလည်း နည်းဥပဒေကို မလွှမ်းမိုးနိုင်ပါဘူး။ လိုအပ်ရင် ဥပဒေ နည်းဥပဒေကို ပြင်ဆင်ပြဌာန်းရမှာသာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။


မှတ်ချက်။ ဤတင်ပြချက်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မပါ၊ အခြားမြို့ရွာများအတွက်သာ ဖြစ်ပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ


စက်မှုဇုန်မြေနေရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် ဘာတွေလိုအပ်မလဲ


အိမ်မြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ


ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရဖို့ သတိပြုစရာ


Credit : ဆရာ ဦးမျိုးမင်းထွန်း 
Posted By : Sint Sint (ShweProperty.com)