ဂရန်ဆိုသည်မှာ (၁)


ဂရန်ဆိုတာဘာလဲမသိတဲ့အပြင်ကြေးတိုင်နဲ့မြေစာရင်းကဂရန်ပေးတယ်လို့ထင်နေသူတွေအများကြီးတွေ့နေရပါတယ်။မြေစာရင်းက ဂရန်ပေးခွင့်မရှိပါ။တည်ဆဲဥပဒေများတွင်အာဏာအပ်မထားပါအကြောင်းတစ်ရပ်အတွက်သက်သေခံအဖြစ်ကူးပေးရတဲ့သက် သေခံမြေပုံ ၁၀၅ကိုတောင်ဂရန်မှတ်နေတဲ့သူကရှိသေးဂရန်အ ကြောင်းသိချင်ရင်ဖတ်ပါ......


“ဂရန်ဆိုသည်မှာ” အပိုင်း – ၁ ဂရန်


၁။ မြို့မြေများမှာလူနေထိုင်ရန်(Residential Purposes) အတွက်ဖြစ်စေ၊စီးပွါးရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊မြို့ပြဖွံ့ဖြိုးရေး၊စည်ပင်သာယာရေးစတဲ့ကိစ္စရပ်များအတွက်ဖြစ်စေ၊ မြို့မြေကိုတနည်းနည်းအသုံးပြုလိုရင်အစိုးရထံကမြေငှားစာချုပ်နဲ့မြေငှါးရမ်းသုံးစွဲခွင့်လျှောက်ထားရပါတယ်။မြေငှားစာချုပ်ကိုဂရန်(Lease)လို့ခေါ်ပါတယ်။အပိုင်သဘောမျိုးချထားတာကတော့Grantလို့ခေါ်ပါတယ်။အခုတော့Grant ရော၊Lease ရောကိုဂရန်လို့ဘဲခေါ်ကြပါတယ်။


ဂရန်လျှောက်ထားခြင်း


အစိုးရမြေကို(ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ဌာနဆိုင် ရာ၊အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကော်လိပ်တော်အရာရှိထံလိပ်မူပြီးဂရန်လျှောက်ထားကြရပါတယ်။(ရန်ကုန် မန္တလေးမှာတော့မြို့တော်စည်ပင်)။အဲဒီအခါမှာသက်ဆိုင်ရာခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကလျှောက်လွှာကိုလက်ခံပြီးအမှုတွဲဖွင့်လှစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ထိုနောက်အမှုတွဲကိုကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့မြို့နယ်မြေစာရင်းဦးစီးဌာနရုံးများထံသို့အစိုးရမှချထားပေးနိုင်သောမြေဟုတ်-မဟုတ်နှင့်မြေရာဇဝင်ကိုစီစစ်မှတ်ချက်ပြုပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။


အဲဒီလိုပေးပို့တဲ့ မြို့/မြေဂရန်အမှုတွဲတွေကိုမြို့နယ်မြေစာရင်းဦးစီးဌာနက မိမိဌာနမှာရှိတဲ့မြို့ကွက်မြေပုံ(Block Maps)၊မြေရာဇဝင်မှတ်တမ်း (1-A Register)တွေနဲ့တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့မြေနေရာအတွက်မြေရာဇဝင်မှတ်တမ်းဖေါ်ပြပေးခြင်း၊ယင်းမြေနေရာသည်အစိုးရမြေလွတ်မြေလပ်ဟုတ်/မဟုတ်နှင့်အစိုးရမှချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ်မှတ်ချက်ပြုခြင်း၊မြို့မြေဧရိယာအတွင်းကျရောက်ခြင်းရှိမရှိနဲ့အစိုးရအဆောက်အဦးနှင့်အခြားကိစ္စများအသုံးပြုရန်လျာထားမြေများအတွင်းကျရောက်ခြင်းရှိ/မရှိတို့ကိုစီစစ်ပေးခြင်း၊မြေတန်ဘိုးနဲ့မြေငှားခများတွက်ချက်ပေးခြင်း၊စတဲ့ကိစ္စရပ်တွေကိုဆောင် ရွက်ပေးရပါတယ်။


ဂရန်ထုတ်ပေးတာကထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာကမြေစာရင်းဌာန ဖြစ်ပါတယ်။ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာအဓိကတာ၀န်ခံဆောင်ရွက်ပိုင်ခွင့်ရှိပြီးမြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှုအခြေအနေကိုသာစိစစ်ပြန်ကြားရန်တာ၀န်ခံရတာဖြစ်ပါတယ်။ဒါပေမဲ့မြေဆိုရင်မြေစာရင်းကလုပ်တာဘဲဆိုတဲ့အစွဲရှိလေတော့ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်းဦးတည်ပြီး မြေစာရင်းကမတရားဂရန်ထုတ်ပေးထားပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တိုင် တိုင်နေတာတွေ့ရပါတယ်။


ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက်မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပ ဒေတို့ကပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့သမားစဉ်လုပ်ငန်းတွေကိုသတ်မှတ်ထားပြီးသားဖြစ်တာကိုတိုင်တန်းတဲ့သူတွေသေသေချာချာသဘောမပေါက်ကြပါဘူး။


ဒါကြောင့်ဂရန်ဆိုမြေစာရင်းကထုတ်ပေးနေတယ်ထင်ကြလို့ ဖြစ်ပါတယ်။ဂရန်ကိစ္စမှာမြေစာရင်းတာ၀န်ကမြေပုံရေးကူးပေးခြင်းနဲ့မြေရာဇ၀င်ပြန်ကြားခြင်းသာဖြစ်ပြီးအဓိကတာ၀န်ယူဆောင်ရွက်ရတာGADကကော်လိပ်တော်တွေ ဆောင်ရွက်ရတယ်ဆိုတာမသိတဲ့လူအများကြီးပါ။


ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ


အမှန်ကတော့ဂရန်အမှုတွဲကိုတာ၀န်ခံဆောင်ရွက်တာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကော်လိပ်တော်အရာရှိရုံးကဖြစ်ပေမဲ့ဂရန်လျှောက်မဲ့မြေကိုမြေပုံရေးဆွဲပေးရတာ၊မြေရာဇ၀င်ထုတ်ပြန်ပေးရတာအပြင်ဂရန်ပေးနိုင်တဲ့မြေဟုတ်-မဟုတ်ကိုဌာနရှိမြေပုံ၊မြေရာဇ၀င်၊မှတ်တမ်း၊အထောက်အထားများနဲ့တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းကတာ၀န်ယူထားရတဲ့ကဏ္ဍကလည်းမသေးပါဘူး။ဂရန်ပေးသင့်တဲ့မြေမဟုတ်ရင်မဟုတ်ကြောင်းမြေစာရင်းဌာနအနေနဲ့ထောက်ပြရမဲ့တာ၀န်ရှိပါတယ်။ဒါပေမဲ့ပေါင်းစားရင်အရိုးတောင်နူးတယ်ဆိုတဲ့ခေတ်ကြီးမှာသမားစဉ်တွေလည်းပျက်သွားတယ်ထင်ပါတယ်။





ဒါ့အပြင်စစ်အုပ်ချုပ်ရေးဆိုတဲ့တသွေးတသံတမိန့်နဲ့ အာဏာရှင်ဆန်ဆန်တာ၀န်ပေးအပ်မှုကိုစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေအောင့်အည်းဆောင်ရွက်ပေးခဲ့ရတဲ့ကာလတွေကလည်းတမေ့့တမောဆိုတော့အာဏာပိုင်တွေအကြိုက်လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊လုပ်ထုံးလုပ်နည်းတွေကိုအလေးမထား အဖတ်အရှုအလေ့အလာမရှိတော့ဘဲကြုံသလိုဖြစ်သလိုလုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုးစွဲသွားကြတာဌာနတိုင်းလိုလိုဖြစ်တော့ကာထွေအုပ်နဲ့ မြေစာရင်းလည်းမိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာမဆန်းပါ။


အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား


လုပ်ထုံးလုပ်နည်းကိုအလေးမထားခဲ့တဲ့ကာလတွေရဲ့အကျိုးဆက်အဖြစ်ယခုအခါမှာတော့ဂရန်အမှုတွဲတွေမြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာမြို့နဲ့ ကျေးရွာမြေများလက်စွဲဥပဒေမှာပြဌာန်းထားတဲ့လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ကိစ္စတွေကိုဥပဒေပြဌာန်းချက်နဲ့အညီနည်းလမ်းတကျ၊စနစ်ကျနစွာဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ပြည့်စုံစွာစီစစ်မှတ်ချက်မပြုတော့တာတွေကိုတွေ့ရှိလာရပါတယ်။မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလိုနေရာတကာပါနေရတော့တခြားအလုပ်တွေပိလွန်းတဲ့အခါမြို့မြေကိစ္စတွေကိုလှည့်မကြည့်နိုင်တာလဲပါပါတယ်။


စနစ်တကျမစိစစ်တော့ဘဲအလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါအားနည်းချက်တွေရှိသွားပြီးအစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့အခြားမြေများ (ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊မီးရထားမြေ၊လမ်းမြေ၊ဆည်မြောင်းမြေ၊စည်ပင်သာယာပိုင်မြေ၊အစိုးရ ဌာန/ပုဂ္ဂလိကသို့ချထား ပြီးမြေ)စတာတွေကိုအစိုးရကချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ယင်းမြေများကိုဂရန်ချထားပေးရန်ထောက်ခံခြင်း၊စတဲ့လွဲမှားတဲ့မှတ်ချက်ပြုပြန်ကြားမှုတွေဖြစ်လာရပြီးအခြားမသက်ဆိုင်သူတွေအတွက်၊ချထားမပေးသင့်တဲ့အစိုးရဌာနပိုင်မြေများ၊အစိုးရသီးသန့်ထားတဲ့မြေများပေါ်မှာပုဂ္ဂလိကများကိုဂရန်ထုတ်ပေးရန်အထိထောက်ခံပေးခဲ့ခြင်းများရှိသွားကြပါတယ်။


မြေစာရင်းဌာနရဲ့မြေရာဇဝင်ကိုလွဲမှားစွာမှတ်ချက်ပြုထောက်ခံပေးချက်အပေါ် မူတည်ပြီးမချထားသင့်တဲ့မြေများ/ဂရန်ချထားမပေးနိုင်တဲ့မြေများကိုမြေငှါးဂရန်ထုတ်ပေးမိခဲ့လို့ပြဿနာဖြစ်ပွါးရတဲ့ကိစ္စရပ်တွေ၊အရှုပ်အရှင်းဖြစ်ရတာတွေအများကြီးပေါ် ပေါက်လာပါတယ်။


မနေ့တနေ့ကထိမြေစာရင်းနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာဂရန်မြေ အရှုပ် အရှင်းအတွက်အရေးယူခဲ့ရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။မြေစာရင်းဝန်ထမ်းတွေကိုမြေရာဇဝင်မှတ်တမ်းမှားယွင်းထုတ်ပေးမှုအတွက်နဲ့မြေပုံအမှားထုတ်ပေးမှုအတွက်အရေးယူခံရတဲ့ဖြစ်စဉ်တွေလည်းနားမဆန့်အောင်ကြားဘူးကြမှာပါ။


G.A နဲ့ အခြားဌာနကဆရာတွေလည်းထိတာပါဘဲ၊စစ်ကိုင်းတိုင်းကဂရန်မှားပေးမိတဲ့ခရိုင်အုပ်ချုပ်ရေးမှူးတို့၊မော်လမြိုင်ရဲတပ်ဖွဲ့မြေအငှါးချတဲ့ကိစ္စအတွက်သက်ဆိုင်ရာတိုင်းအဆင့်တာဝန်ရှိသူတို့စသည်ဖြင့်မြေကိုင်သွားတာတွေအများကြီးပါ။


မြေဆိုတာဒီဖက်ခေတ်မှာတန်ဘိုးမြင့်ပစ္စည်းတစ်ရပ်ဖြစ်လာနေတော့အကိုင်အတွယ်မှားခဲ့ရင်တစ်ချိန်မှာအရိုးတွန်တတ်ပါတယ်။အဲဒါကြောင့်မို့ဌာနကလူငယ်သွေးသစ်တွေအတွက်ရောပြင်ပကဗဟုသုတအဖြစ်သိမှတ်ချင်တဲ့ပုဂ္ဂိုလ်များအတွက်ပါဂရန်ချထားမှုနဲ့ပတ်သက်တဲ့သိသင့်တဲ့အချက်လေးတွေ၊သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကိုတင်ပြပေးလိုက်ပါတယ်။


မည်သည့်မြေများကိုဂရန်ချထားနိုင်သလဲဂရန်အကြောင်း ပြောကြတဲ့အခါမြို့မြေဆိုတာဘာလဲ၊အစိုးရမှစီမံချထားနိုင်သောမြေဆိုတာဘာလဲဆိုတာကိုအစပြုပြောရပါတယ်။မြို့မြေအ၀န်းအဝိုင်းအတွင်းကျရောက်ပြီးအစိုးရမှချထားနိုင်သောမြေ ဖြစ်မှ သာလျှင်ဂရန်ပေးလို့ရပါတယ်။ဒါကြောင့်မို့မြို့မြေနဲ့ပတ်သက်တဲ့တည်ဆဲဥပဒေညွှန်ကြားချက်၊လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကိုအောက်ပါအတိုင်းအ ကျဉ်းချုပ်ဖေါ်ပြလိုပါတယ်။


(က) အစိုးရစီမံချထားပိုင်ခွင့် ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)၊အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့မြို့မြေမှာအသုံးများတဲ့ဝေါဟာရတစ်ခုပါ။Disposal Land လို့ဖေါ်ကြပါတယ်။





အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ(၄)တို့မှာဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ်သတ်မှတ်ထားတဲ့ဧရိယာအတွင်းကျရောက်ပြီးမည်သူ တစ်ဦးတစ်ယောက်ကိုမျှအစိုးရအနေဖြင့်အပိုင်ဖြစ်စေ၊အငှားဖြစ်စေပေးအပ်ချထားခြင်း၊မြေပိုင်ဆိုင်ခွင့်(သို့)မြေရှင် ဆိုင်ရာဆိုင်ခွင့်အတွက်မည်သူ့ကိုမျှပေးအပ်ထားခြင်းမရှိသေးတဲ့ မြေများ၊လက်ရှိ ဦးပိုင်ပေါက်ပိုင်ဆိုင်ထားခြင်းမရှိတဲ့မြေများ၊မည်သူမျှလက်ဝယ်ထားရှိပိုင်ခွင့်မရရှိသေးတဲ့မြေများကိုခေါ်တာဖြစ်ပါတယ်။


အဲဒီအစိုးရမှချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာလူနေထိုင်ရန်အတွက်လည်းကောင်း၊စိုက်ပျိုးရေးအတွက်လည်းကောင်း၊အသုံးပြုခွင့်ရရှိထားတဲ့၊သုံးနေတဲ့မြေတွေမပါရပါဘူး။ထို့အတူ ရုံး၊စက်ရုံအလုပ်ရုံ၊တပ်ရင်းတပ်ဖွဲ့၊မီးရထား၊သစ်တော၊ဆည် မြောင်း၊လမ်းတံတားစတဲ့အစိုးရဌာနများမှအသုံးပြုရန်သတ်မှတ်ထားပြီးတဲ့မြေများလည်းမပါဝင်ပါဘူး။


ထို့အတူသာသနာ၊သုဿန်၊အင်းအိုင်စတဲ့သီးခြားသတ်မှတ်ချထားပေးပြီး မြေများလည်းမပါဝင်ပါဘူး။ယခင်က Disposal Land ဖြစ်ခဲ့လို့မြေငှားဂရန်ထုတ်ပေးထားတဲ့မြေသည်ပင် နိုင်ငံတော်ပိုင်မြေဖြစ်သော်လည်းအဆိုပါထုတ်ပေးထားတဲ့မြေငှားဂရန်သက်တမ်းကုန်ဆုံးခြင်းမရှိသေးသမျှအစိုးရမှချထားပေးနိုင်မြေအဖြစ်ချထားပေးလို့မရနိုင်သေးပါဘူး။


ဂရန်သက်တမ်းအရသုံးစွဲခွင့်ကျန်ရှိနေသေးတဲ့မြေကို(Land at the disposal of  Government)အစိုးရမှချထားနိုင်သောမြေလို့မသတ်မှတ်နိုင်ပါဘူး။တစ်ဦးတစ်ယောက်ကိုချပေးပြီးဖြစ်နေတဲ့သက်တမ်းအတွင်းသက်တမ်းမကုန်မချင်းယင်းမြေ ကွက်ကိုအခြားတစ်ယောက်သို့ပြောင်းလဲချထား၍မရပါဘူး။


ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည်ဖျက်သိမ်းပေးရပါမယ်။(မူလချထားပေးမှုကိုပြန်ဖျက်မှအစိုးရမြေလွတ်ပြန်ဖြစ်၊ဒါမှသာနောက်တစ်ယောက် ကိုချနိုင်ပါတယ်)။သက်တန်းမကုန်သေးတဲ့မြေကိုချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကိုဖေါက်ဖျက်ရာကျပါတယ်။


မြေတစ်ကွက်ကိုဂရန်ချထားပေးနိုင်ရန်မှာအစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေဖြစ်မှသာလျှင်ချထားပေးနှိုင်တာဖြစ်တဲ့အတွက်အစိုးရမှချထားပေးပိုင်ခွင့် ရှိသောမြေဟုတ်/မဟုတ်အတွက်မြေယာ မှတ်တမ်းထိန်းသိမ်းကိုင်တွယ်တဲ့မြေစာရင်းဌာနရဲ့မှတ်ချက်ဟာအလွန်အရေးပါတယ်ဆိုတာသတိပြုရပါမယ်။


အစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင်မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ပြန်ကြားချက်မှာတိတိကျကျဖေါ်ပြရန် လိုပါတယ်။(မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာဘာလဲဆိုတာမသိရင်တော့မှတ်ချက်အမှားအယွင်းတွေကိုကော်လိပ်တော်အကြိုက်လိုက်လို့ဘဲဖြစ်ဖြစ်၊မိမိကိုယ်တိုင်အဂတိတရား မကင်းလို့ဖြစ်ဖြစ်မှတ်ချက်ပြုမိနိုင်ပါတယ်)။





အစိုးရဌာနပိုင်မြေ၊အခြားပုဂ္ဂလိကမှတရားဝင်ဂရန် ရရှိ၍လက်ရှိထားသောမြေ၊သာသနာမြေ၊လမ်းမြေ၊ မီးရထားမြေ၊သစ်တောမြေ၊မြို့မြေမဟုတ်တဲ့ လ/န(၃၉)မရရှိသေးတဲ့လယ်ယာမြေ၊ စသည်တို့ကိုအစိုးရမှချထားပေးပိုင်ခွင့် ရှိသောမြေဆိုပြီးမြေ စာရင်းဌာနတာဝန်ရှိသူများအနေနဲ့လုံးဝမှတ်ချက်မပြုဘို့သတိချပ်စေလိုပါတယ်။


( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာရှိတဲ့မြေတွေကို အစိုးရကချထားသတ်မှတ်ပေးတဲ့မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများအက်ဥပဒေအခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာအောက်ပါအတိုင်းဖေါ်ပြထားပါတယ်။အဲဒီအချက်များနှင့်ညီညွတ်မှသာမြေပေါ်နေထိုင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။


ပုဒ်မ ၇ ။ အောက်ပါမြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပအခြားမည်သည့်ဆိုင်ရာဆိုင်ခွင့်ကိုမျှမြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။(က) အစိုးရမှချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရရှိသည့်ပိုင်ဆိုင်ခွင့်၊


(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရပိုင်ဆိုင်သောအခွင့်အရေး။(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀တို့တွင်သတ်မှတ်ဖေါ်ပြထားသောပိုင်ဆိုင်ခွင့်၊(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါအခွင့်အရေးကိုမူလပိုင် ဆိုင်သူထံမှတရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊


ပုဒ်မ ၈ ။ စာရင်း၀င်မြို့များ(Scheduled Town)နှင့်အစိုးရမှအမိန့်ထုတ်ပြန်ကင်းလွတ်ခွင့်ပေးထားသောမြေများမှအပအောက်ပါအချက်များနှင့်ညီညွတ်သူမည်သူမဆို (Landholder’s right) မြေရှင်ဆိုင်ရာအခွင့်အရေးကိုရရှိစေရမည်။


(က) မြို့နှင့်ကျေးရွာမြေများပြဌာန်းအတည်မဖြစ်မီလွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊စက်တင်ဘာလ၉ရက်နေ့ထိ မြေကိုတဆက်တည်းပိုင်ဆိုင်လက်ရှိထားလာသူ၊(ခ)သို့မဟုတ် ၁၈၉၉ ခုနှစ်စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီအချို့သောကာလနှင့်ယင်းနေ့နောက်ပိုင်းလက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင်မြေကိုလက်ရှိ ထားပိုင်ဆိုင်လာသောသူ၊


(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊စက်တင် ဘာလ-၉ ရက်နေ့မှစ၍နောက်ပိုင်း ၁၂ နှစ်ကာလတိုင်တဆက်တည်းမြေကို ပိုင်ဆိုင်လက်ရှိထားလာပြီးယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့်အရပ်ရပ်မြေခွန်တော်များ၊အစိုးရသို့ပေးသွင်းရမည့်အခွန်အခများ public demands ကိုထမ်းဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေးရရှိစေရမည်။


ပုဒ်မ ၉ ။ စစ်တွေ၊ပုသိမ်နှင့်ပြည်မြို့များအတွက်(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊စက်တင်ဘာလ-၉ ရက်နေ့ထိ် အဆက်မပြတ်လက်ရှိဖြစ်နေပါက၊


(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှစ၍ယခုအက် ဥပဒေအတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊စက်တင်ဘာလ-၉ ရက်နေ့ထိအဆက်မပြတ်လက်ရှိဖြစ်နေပါက(ဂ)ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ယခုအက်ဥပဒေ အတည်ဖြစ်သည့်၁၈၉၉ ခုနှစ်၊စက်တင်ဘာလ-၉ ရက်နေ့ထိအဆက်မပြတ်လက်ရှိဖြစ်နေပါက၊မည်သူမဆိုမြေပိုင်အခွင့်အရေးရရှိစေရမည်။ဆိုပြီးမြို့မြေပေါ်မှာပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေသတ်မှတ်ပေးခဲ့တာတွေ့ရပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရဖို့ သတိပြုစရာ


အိမ်ဆောက်၊ ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ်အမျိုးအစားများ


PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ


အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း သစ် တွက်နည်း အနုပညာ


Ref : Shwengwegames
Photo Credit : news-ydnp-net
Posted By : Sint Sint (ShweProperty.com)