ဆရာဦးဝင်းဇော် ( သစ်တော) ၏ မြန်မာတို့ရဲ့ ဖုန်းရွှေ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
မီးဖိုချောင်ဘယ်နေရာမှာ ထားရမယ်ဆိုတာကို ဆက်လက်ဖော်ပြပါမယ်။ 

 ဖုန်းရွှေပညာမှာတော့...အိမ်သူအိမ်သား မိသားစု ကံကြမ္မာအတွက် ပထမအရေး အကြီးဆုံးက တံခါးမကြီးပဲ။ 

ဒုတိယအရေးကြီးဆုံးက မီးဖိုချောင်ပေါ့။မိသားစုအားလုံး ကံကောင်းဖို့အတွက် မီးဖိုထားတဲ့နေရာကို သေသေချာချာ ရွေးရမယ်။

ဧည့်ခန်းမကနေပြီး ကြည့်လိုက်ရင် မီးဖိုချောင်ကို မြင်နေရရင် ဖုန်းရွှေညံမယ်။

အိမ်ရှေ့တံခါးမကြီးတည့်တည့်က ဝင်ဝင်ချင်းမီးဖိုကိုတန်းပြီး မမြင်အောင် ထားရမယ်။
ဒါက ယင်၊ ယန် အချိုးမျှတမှုကို မဖြစ်စေတဲ့ အကြောင်းပဲ။ 

ယုတ္တိဗေဒ ဆင်ခြေတုံတရားနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဧည့်သည်ဟာ အိမ်ထဲသို့ဝင်ဝင်လာခြင်း သူရဲ့အမြင်အာရုံက မီးဖိုချောင်ကို ရောက်သွားမယ်။ အမြင်မလှဘူးဖြစ်မယ်။ 

ဖုန်းရွှေပညာကတော့ တံခါးမကြီးကဝင်လာတဲ့ ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ မီးဖိုချောင်ကိုတန်းပြီး ရောက်သွားရင် မကောင်းဘူး။ ဧည့်ခန်းမှာပဲ ရှိနေသင့်တယ်လို့ ဆိုထားတယ်။

အိမ်တွင်းမှာရှိတဲ့ တံခါးပေါက်နှစ်ခု၊ ဒါမှမဟုတ်ရင် သုံးခုဟာ မီးဖိုချောင်နဲ့တန်းနေရင် ဖုန်းရွှေညံမယ်။ အိမ်သူအိမ်သားတွေရဲ့ ကျန်းမာရေးညံ့မယ်။
စိတ်ဖိစီးမှုတွေကို ခံရလိမ့်မယ်လို့ဆိုထားတယ်။ 

မီးဖိုချောင်ထဲက မီးဖိုမှာ နောက်ခံရှိရမယ်။ နောက်ခံအုတ်နံရံရှိနေရမယ်။ ဒါမှမဟုတ်ရင် ပျဉ်ကာရှိရမယ်။ ပြတင်းပေါက်နဲ့ တည့်တည့်မထားရဘူး။ 
မီးဖိုဟာနောက်ခံမရှိပဲဖြစ်နေရင် မကောင်းဘူး။ ဖုန်းရွှေညံ့မယ်။ မီးဖ်ုချောင်နဲ့ ထမင်းစားခန်း ကပ်လေလေ...ပို၍ကောင်းလေလေပဲ။

 မီးဖိုချောင်ဟာ အိမ်ရှေ့တံခါးမကြီးနဲ့ ဝေးရမယ်။ တန်းမနေရဘူး။ မီးဖိုချောင်တံခါးကို အမြဲပိတ်ထားပါ။ တံခါးပေါ်မှာ မှန်ကပ်ထားရမယ်။ 
မီးဖိုရဲ့ရှေ့မှာ ရေဘုံပိုင် ပိုက်ခေါင်းမထားရဘူး။ အပူနဲ့အအေး ဆန့်ကျင်ဘက်ဖြစ်ပြီး ယင်၊ ယန် အချိုးတွေ မျှတမှုမရှိပဲဖြစ်မယ်။
အိမ်မှာနေကြတဲ့ အိမ်ထောက်ရှင်တွေ၊လင်မယားတွေ...ပူညံပူညံအမြဲဖြစ်လိမ့်မယ်။

 ဖြေရှင်းပုံကတော့ ...မီးဖို  ဒါမှမဟုတ် ရေဘုံပိုင် ပိုက်ခေါင်းကို နေရာလွှဲပေးလိုက်တာပါပဲ။
 မီးဖိုချောင်သန့်ရှင်းရေးကို ဂရုစိုက်ရမယ်။ မီးဖိုချောင်သန့်ရှင်းမှ ယင်၊ ယန် အချိုးမျှတပြီး ဖုန်းရွှေကောင်းမယ်။ 
မီးဖိုချောင်နဲ့ ရေချိုးခန်း ဝေးဝေးထားရမယ်။ 

မီးဖိုချောင်နဲ့ ရေချိုးခန်းနီးနေရင် ဝင်ငွေနည်းပြီး ထွက်ငွေများမယ်။
အိမ်သာဆိုတာကတော့ အိမ်ရဲ့အနိဋ္ဌအရပ်၊ အမင်္ဂလာအရပ်နေရာမှာရှိရမယ်။
နှစ်ထပ်အိမ်တွေမှာ သတိထားရမှာက အပေါ်ထပ်မှာအိမ်သာ၊ အောက်ထပ်မှာ မီးဖိုချောင်၊ ထမင်းစားခန်းတွေမရှိစေရဘူး။ မြန်မာ၊ ဆန်းဗေဒင်ပညာမှာလဲ... အိမ်သာအောက်မှာ ထမင်းစားခန်း၊ မီးဖိုချောင်ရှိရင် ဆန်းပျက်တယ်။
အိမ်သာအောက်မှာ ကုတင်ရှိရင်လည်း... အဲ့ဒီကုတင်မှာအိပ်တဲ့သူဟာ ကျန်းမာရေးချူ ချာမယ်။ 
ကုတင်အောက်မှာအိမ်သာရှိရင်လည်း အဲ့ဒီကုတင်မှာ အိပ်တဲ့သူဟာ အိပ်မပျော်တဲ့ရောဂါ စွဲကပ်လိမ့်မယ်။ 
ဒါကဖုန်းရွှေပညာမှာ ပါတဲ့အတိုင်းကိုပြောပြတာပါ။ 

စောစောကပြောခဲ့သလို... တိုက်ခန်းတွေမှာဆိုရင် အိမ်သာနဲ့ဘုရားစင်ကို တစ်တန်းတည်း မထားမိဖို့က ပိုအရေးကြီးတယ်။
 ဖုန်းရွှေပညာမှာတော့ အိမ်သာကို အနောက်မြောက်အရပ်မှာထားရင် ဖုန်းရွှေညံ့တယ်။ အိမ်ထောင်ဦးစီး ကံနိမ့်တတ်တယ်လို့ဆိုထားတယ်။ 
အိမ်သာတံခါးက တခြားတံခါးတွေနဲ့ တန်း မနေစေရဘူး။ 

ဖုန်းရွှေပညာမှာ 'မှန်' ဟာအစွမ်းထက်တဲ့ ယတြာပစ္စည်းတစ်မျိုးပဲ။ '
မှန်' ချပ်တွေကို အိမ်တွင်းမှာ နေရာမှန်မှန်ချိတ်ဆွဲထားနိုင်ရင် အိမ်တွင်းမှာ ကောင်းတဲ့ကမ္ဘာမြေပြင်ချီ ဓါတ်တွေ ပျံနှံနေလိမ့်မယ်။  
အိမ်တစ်အိမ်မှာ 'မှန်' ချပ်တွေကို နေရာမှန်မှန်ချိတ်ဆွဲပြီး ယင်၊ ယန် အချိုးမျှတအောင် ကစားယူလို့ရတယ်။

ကုမ္ပဏီရုံးခန်းကြီးတွေမှာ၊ ဆိုဒ်ကြီးတွေမှာလည်း 'မှန်' ကိုရမ်းပြီး မချိတ်ရဘူး။ ဖုန်းရွှေပညာနဲ့ တွက်ဆပြီးမှ ချိတ်ရမယ်။ 



ကုမ္မဏီရုံးခန်းကြီးတွေ၊ စတိုးဆိုင်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ 'မှန်'ကိုဘယ်လိုချိတ်ရမယ်။ ဘယ်နေရာမှာ ချိတ်ရမယ်ဆိုတာကို နောက်မှပြောပြတော့မယ်။ 
ခုတော့... အိမ်တစ်အိမ်မှာ ဘယ်နားမှာ 'မှန်'ချိတ်ရမယ်။ ဘယ်နားမှာ 'မှန်'မချိတ်ရဘူးဆိုတာကိုပြောပြပါမယ်။

မှန်' ရဲ့အစွမ်းသတ္တိဟာ မကောင်းတဲ့အငွေ့အသက်တွေ၊ စွမ်းအင်တွေကို အလင်းပြန်သလို ပြန်ထွက်သွားနိုင်အောင် ပြုလုပ်နိုင်တယ်။ '
မှန်' တစ်ချပ်ကိုမီးခံသေတ္တာရှေ့မှာရှိတဲ့ နံရံမှာ ချိတ်ထားသင့်တယ်။ ဒါ ဖုန်းရွှေ ပညာရဲ့ အဆိုပဲ။

 'မှန်' မှာအရိပ်ထင်ပြီး မီးခံသေတ္တာထဲက ဥစ္စာပစ္စည်းတွေ နှစ်ဆတိုးပွားတယ်လို့ ဖုန်းရွှေပညာကဆိုထားတယ်။ အယူတော်မင်္ဂလာနိမိတ်ယူ နည်းနဲ့လည်း တူပါတယ်။ မြန်မာဆန်းဗေဒင်ပညာနဲ့ ပြောရင်လည်း ဆန်းဝင်တယ်လို့ပြောလို့ရပါတယ်။
အိမ်တစ်အိမ်မှာ အသုံးမပြုတော့တဲ့ တံခါးတွေရှိရင်... အဲ့ဒီတံခါးပေါ်မှာ 'မှန်'ချိတ်ထားပါ။

မှန်' ကိုကုတင်ခေါင်းရင်း၊ ကုတင်ခြေရင်းမှာ မထားရဘူး။ 
ကုတင်အရိပ်မထင်တဲ့နေရာမှာ 'မှန်' ကိုထားရမယ်။ ယင်၊ ယန် နဲ့ ချီအကြောင်းကို သေသေချာချာသိထားရင် 'မှန်'ကို ဘယ်လိုအသုံးပြု ပြီး ဖုန်းရွှေကောင်းအောင်လုပ်နိုင်လိမ့်မယ်။ 
အိမ်တွင်းမှာဆိုရင် ဖုန်းရွှေကောင်းအောင်ပြု ပြင်နိုင်တာက 'မှန်'။ အိမ်ပြင်ပ၊ အိမ်အနီးဝန်းကျင်မှာ ဖုန်းရွှေကောင်းအောင်ပြု ပြင်နိုင်တာက 'သစ်ပင်' ။
အိမ်တစ်အိမ်ရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ "အိပ်ခန်း" အကြောင်းကို ဆက်ပြောပါမယ်။

 "အိပ်ခန်း" ဟာ လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံကို အသုံးပြု ခဲ့တဲ့နေရာပဲ။ တစ်နေ့မှာ ၂၄ နာရီလေ။ 
တစ်နေ့မှာ ၈ နာရီ ပျမ်းမျှအိပ်တယ်ဆိုတော့... သုံးပုံတစ်ပုံပေါ့။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားတွေကိုပြန်လည်ဖြည့်စွမ်းပေးတဲ့ နေရာဟာ 'အိပ်ခန်း' ပဲ။ 
စိတ်ရော... ကိုယ်ပါ အနားယူနိုင်တဲ့ နေရာပေါ့။

 ပထမဆုံးပြောရမှာကတော့ ...အချိုး အစားမညီတဲ့ အိပ်ခန်းကို ရှောင်ရမယ်။ အချိုးအစားမညီတဲ့ အိပ်ခန်းမှာညအိပ်တဲ့ ဇနီးမောင်နှံတွေဟာ စိတ်သဘောခြင်း မတိုက်ဆိုင်ပဲ ကွဲကြတာများတယ်။
အချိုးအစားမညီ၊ အချိုးအစားမကျတဲ့ အိပ်ခန်းမျိုးကို ဘယ်အိမ်မှာမှမရှိသင့်ဘူး။ အချိုးအစားမညီ၊ အချိုးအစားမကျတဲ့ အိပ်ခန်းမှာ ယင်၊ ယန် အချိုးမျှတမှု မရှိတော့ ... ဖုန်းရွှေညံ့မယ်။

နံရံတွေပေါက်၊ နံရံတွေကွာ၊ နံရံတွေအက်ကွဲကျနေတဲ့ အိပ်ခန်းမျိုး မဖြစ်စေရဘူး။အဲ့ဒီလိုအိပ်ခန်းမျိုး မှာအိပ်တဲ့ ဇနီးမောင်နှံတွေဟာ သားသမီးမရပဲ မြုံ နေတတ်တယ်။ ဇနီးမောင်နှံမသင့်မြတ်မှု လည်း မကြာခဏဖြစ်မယ်။ နောက်ဆုံးအိမ်ထောင်မမြဲဘူး။ ကွဲလိမ့်မယ်။ ဒါကတော့... အိပ်ခန်းနံရံတွေ ပြန်ပြီးပြု ပြင် လိုက်ရင် ကောင်းသွားမှာပါ။

အိပ်ခန်းတံခါးဝနဲ့ လှေကားအတက်အဆင်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေရင် မကောင်းဘူး။ အိပ်ခန်းတံခါးဝအပြင်ဘက်အပေါ်မှာ 'မှန်' တစ်ချပ်ချိတ်ကပ်ထားရမယ်။

အိပ်ခန်းတံခါးနှစ်ခု မျက်နှာချင်းဆိုင်မထားရဘူး။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှတော့... ဒီအချက်ကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။

အိပ်ခန်းတံခါးနဲ့ ရေချိုးခန်းတံခါးနှစ်ခု တည့်တည့်ဖြစ်နေရင် ဖုန်းရွှေညံ့တယ်။ အိပ်ခန်းထဲမှာအိပ်တဲ့သူ ကျန်းမာရေးညံ့မယ်။
 ဒီလိုပဲ ... အိပ်ခန်းတံခါးနဲ့မီးဖိုခန်းတံခါးနှစ်ခု တည့်တည့်ဖြစ်နေရင်လည်း မကောင်းဘူး။ မီးဖိုချောင်၊ မီးဖိုတံခါးမှာရော...အိပ်ခန်းတံခါးမှာပါ လိုက်ကာ၊ ခန်းစီးတစ်ခုခုကို တပ်ပေးရမယ်။ အိပ်ခန်းပေါ်မှာ အိမ်သာရှိရင် လုံးဝမကောင်းဘူး။

အိပ်ခန်းထဲက ကုတင်ဟာလည်း ဖုန်းရွှေပညာမှာ အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။

ကုတင်' ဟာ'အိပ်ခန်း' အပေါက်ဝနဲ့ တည့်တည့်မရှိသင့်ဘူး။ အိပ်ခန်း' ရဲ့ထောင့်တစ်နေရာရာမှာ 'ကုတင်'ရှိရမယ်။
'ကုတင်' တစ်ခုတည်းမှာ မွေ့ယာနှစ်ခုဆက်မထားရဘူး။ ဇနီးမောင်နှံနှစ်ဦးအနက် တစ်ဦးဦးက သစ္စာဖောက်တယ်။ 
'ကုတင်' ဟာထောင့်မှန်စတုဂံပုံပဲဖြစ်ရမယ်။ အဝိုင်းတွေ၊ အနားမညီတဲ့ 'ကုတင်' တွေဟာအိမ်ထောင်ရှင်တွေကို ပြိုကွဲ၊ ပျက်စီးစေတယ်လို့ ဖုန်းရွှေပညာမှာ ဆိုထားပါတယ်။
'ကုတင်'ကိုအုတ်နံရံနှင့် ခွဲမထားရ။ ကပ်ထားရမယ်။'မှန်' ကို ကုတင်ခေါင်းရင်းနဲ့၊ ကုတင်ခြေရင်းမှာ မထားရဆိုတာကိုတော့'မှန်' အကြောင်းမှာပြောခဲ့ပြီးပြီ။

'ကုတင်' ခေါင်းရင်းဘက် ကပ်လျှက်နံရံမှာ မီးဖိုရှိနေရင်တော့...အဲဒီကုတင်မှာအိပ်တဲ့သူဟာ လုပ်ငန်းတွေမှာ စိတ်ဖိစီးမှုများနေလိမ့်မယ်။ ဦးခေါင်းပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးလည်း စွဲကပ်လိမ့်မယ်။ ဒါက ဖုန်းရွှေပညာမှာ ဆိုထားတာပါ။

တို့မြန်မာတို့ရဲ့ ဆန်းဗေဒင်ပညာမှာလဲ 'ကုတင်' ခေါင်းရင်းဘက်ကကပ်လျက်နံရံမှာ အိမ်သာရှိရင် ဆန်းပျက်တယ်။ ကိုယ့်ရဲ့ ဣဋ္ဌအရပ်မှာ အိမ်သာဆိုတဲ့ အနိဋ္ဌအရပ် ရှိနေလို့ပဲ။
ကုတင်ပေါ်မှာ ထုတ်တန်းကြီးရှိနေရင်...ကုတင်မှာအိပ်စက်သူမှာ နာတာရှည်ဝေဒနာ ခံစားရတက်တယ်။ 'ကုတင်'ပေါ်ကို ထုတ်တန်းက ထက်ဝက်ခန့်တည့်တည့်မတ်မတ်ကြီး ရောက်နေရင်တော့...အဲ့ဒီ'ကုတင်'မှာအိပ်တဲ့ ဇနီးမောင်နှံဟာ အမှု ဖြစ်ပြီးကွာရှင်းရလိမ့်မယ်။

'ကုတင်'ခေါင်းရင်းမှာ ချိတ်ဆွဲထားတဲ့ ဗီဒိုကြီးတွေ ရှိမနေသင့်ဘူး။ 'အိပ်ခန်း'ထဲက 'ကုတင်'နဲ့ ပတ်သတ်လို့ကတော့ ဒီလောက်သိထားရင် လုံလောက်ပါတယ်။

Credit By : Myayadanar Furniture
Posted By : Ra Wai (ShweProperty.com)