အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ သင့်အိမ်ကို သပ်ရပ်သန့်ရှင်းစေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ 
ဒါပေမဲ့ မှားယွင်းတဲ့ နည်းတွေနဲ့ ပစ္စည်းတွေကို အသုံးပြုမိရင် သန့်ရှင်းဖို့ကြိုးစားရင်း အိမ်ရဲ့ မျက်နှာပြင်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် အောက်မှာဖော်ပြထားတဲ့ ပစ္စည်း (၇) မျိုးကို အိမ်သန့်ရှင်းရေးမှာ ရှောင်ရှားသင့်တယ်လို့ သန့်ရှင်းရေးကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

၁။ သန့်ရှင်းရေးလုပ်တဲ့အခါ ရှလကာရည်နဲ့ သံပရာရည်လို အချဉ်ဓာတ်ပါဝင်တဲ့ ပစ္စည်းတွေကို ဂရုတစိုက် အသုံးပြုသင့်ပါတယ်။ 
အထူးသဖြင့် ကျောက်ပြား၊ ကျောက်တုံး၊ ထုံးကျောက်နဲ့ အင်္ဂတေတွေလို မျက်နှာပြင်မျိုးတွေမှာ အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။ အချဉ်ဓာတ်က မျက်နှာပြင်တွေကို ပွန်းပဲ့စေပြီး အရောင်မှိန်စေနိုင်သလို မျက်နှာပြင်ရဲ့ အပေါ်ယံအလွှာကိုပါ ဖျက်ဆီးပစ်နိုင်ပါတယ်။

၂။ သံပွတ်တိုက်တံတွေ၊ ကြမ်းတမ်းတဲ့ သန့်ရှင်းရေးပွတ်တိုက်တံတွေနဲ့ အမှုန့်ပုံစံ ပွတ်တိုက်ဆေးတွေဟာ အစွန်းအထင်းတွေကို ဖယ်ရှားရာမှာ ထိရောက်တယ်လို့ ထင်ရပေမဲ့ သင့်အိမ်ပစ္စည်းတွေကို ပျက်စီးစေနိုင်ပါတယ်။ 
အထူးသဖြင့် Stainless Steel, ဖန်သားပြင်, ကျောက်ပြားနဲ့ သစ်သား မျက်နှာပြင်တွေကို ပွတ်တိုက်ရာမှာ ခြစ်ရာတွေထင်ကျန်စေပြီး အရောင်တင်ထားတာတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ 
Microfiber အဝတ်စတွေနဲ့ ညင်သာတဲ့ သန့်ရှင်းရေးဆေးရည်တွေကိုသာ အသုံးပြုသင့်ပါတယ်။

၃။ အရောင်ချွတ်ဆေးဟာ အစွန်းအထင်းတွေနဲ့ ပိုးမွှားတွေကို သန့်စင်ရာမှာ အစွမ်းထက်ပေမဲ့ သူ့ကို ဂရုတစိုက် အသုံးပြုဖို့ လိုအပ်ပါတယ်။ 
အခြားသန့်ရှင်းရေးပစ္စည်း (အထူးသဖြင့် Ammonia ပါဝင်တဲ့ ပစ္စည်း) တွေနဲ့ ရောစပ်ပြီး မသုံးသင့်ပါဘူး။ အဆိပ်ဓာတ်ပါဝင်တဲ့ ဓာတုငွေ့တွေ ထွက်လာနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ 
အရောင်ချွတ်ဆေးကို ကြာရှည်စွာ အသုံးပြုပါက အချို့မျက်နှာပြင်တွေရဲ့ အရောင်ကိုပါ ဖျက်ဆီးနိုင်ပါတယ်။

၄။ ဖန်သန့်ရှင်းရေးဆေးတွေက မှန်တွေကို ကြည်လင်တောက်ပစေပေမဲ့ သစ်သားမျက်နှာပြင်တွေ၊ အီလက်ထရောနစ် ဖန်သားပြင်တွေနဲ့ အရောင်တင်ထားတဲ့ ပရိဘောဂတွေမှာ မသုံးသင့်ပါဘူး။
ဖန်သန့်ရှင်းရေးဆေးမှာ ပါဝင်တဲ့ Ammonia သို့မဟုတ် အရက်ပြန်ဓာတ်တွေက သစ်သားရဲ့ အရောင်တင်ဆေးကို ပျက်စီးစေနိုင်ပြီး ဖန်သားပြင်ပေါ်မှာ အစွန်းအထင်းတွေ ကျန်စေနိုင်ပါတယ်။ 
ကွန်ပြူတာ၊ တီဗီ ဖန်သားပြင်တွေကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ ၎င်းတို့အတွက် သီးသန့်ထုတ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။



၅။ ရေစိုနေတဲ့နေရာ၊ အစွန်းအထင်းတွေကို ဆံပင်အခြောက်ခံစက်နဲ့ အခြောက်ခံတာမျိုး မလုပ်သင့်ပါဘူး။ 
အပူချိန်လွန်ကဲပြီး သစ်သားပရိဘောဂတွေ၊ ဆေးသုတ်ထားတဲ့ နံရံတွေနဲ့ ကြွေပြားလို မျက်နှာပြင်တွေကို ကွဲအက်စေခြင်း၊ ပုံပျက်စေခြင်း (သို့မဟုတ်) အရောင်မှိန်စေခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ 
အစိုဓာတ်တွေကို သုတ်ဖို့အတွက် သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်စကိုသာ အသုံးပြုသင့်ပါတယ်။

၆။ သတင်းစာကို မှန်တွေ သုတ်ဖို့ သုံးတတ်ကြပါတယ်။
ဒါပေမဲ့ သတင်းစာမင်တွေဟာ မှန်ပေါ်မှာ အစွန်းအထင်းတွေနဲ့ အရောင်တွေကို ကျန်နေရစ်စေနိုင်ပါတယ်။ သတင်းစာအစား မှန်သုတ်ပဝါနဲ့ မှန်သုတ်ဆေးကို သုံးတာက ပိုပြီးကောင်းမွန်ပါတယ်။ 
သတင်းစာရဲ့ ကြမ်းတမ်းတဲ့ မျက်နှာပြင်ကလည်း မှန်မျက်နှာပြင်ကို ခြစ်ရာထင်စေနိုင်ပါသေးတယ်။

၇။ အလှအပဆိုင်ရာ ဆီ အချို့က သစ်သားပရိဘောဂတွေပေါ်မှာ အသုံးပြုဖို့ မသင့်တော်ပါဘူး။
၎င်းတို့က သစ်သားရဲ့ မျက်နှာပြင်မှာ စွန်းထင်းမှုတွေ ဖြစ်ပေါ်စေနိုင်သလို ဖုန်မှုန့်တွေကို စုဆောင်းမိစေပြီး နောက်ဆုံးမှာ သစ်သားကို ပျက်စီးစေနိုင်ပါတယ်။ သစ်သားအတွက် ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ အစိုဓာတ်ထိန်းဆီတွေကိုသာ အသုံးပြုသင့်ပါတယ်။

ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် သင့်အိမ်ကို ထိခိုက်မှုမရှိဘဲ သန့်ရှင်းတောက်ပနေစေမှာဖြစ်ပါတယ်။