တရိတ်ရိတ်နဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ တိုက်ခန်းဈေးတွေဟာလည်း တရိတ်ရိတ်ကို မြင့်တက်လာခဲ့ပါတယ်။ နေရာကောင်း၊ လမ်းကောင်းဆိုရင် ဈေးမြောက်တတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ဒီလိုတိုက်ခန်းတွေကို ဈေးကြီးကြီးနဲ့ ဝယ်ထားပြီးပြီ ဆိုရင်တော့ ပိုင်ဆိုင်မှု အထောက်အထား သေချာအောင် အမည်ပြောင်းလျှောက်ထားဖို့ဟာ အရေးကြီးပါတယ်။ 

အဲဒီလို တိုက်ခန်းအမည်ပြောင်းလျှောက်တဲ့အခါမှာ အဆင့်တွေ ကျန်ခဲ့တာမျိုး မရှိရအောင် ဒီအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

တိုက်ခန်း အမည်ပြောင်းအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံးကို သတ်မှတ်လျှောက်လွှာပုံစံ နဲ့အတူ ဒီအချက်တွေကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီလို တင်ပြရာမှ
ာ 
- ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင်
အင်ဂျင်နီယာဌာန (အဆောက်အအုံ)ကနေ ထုတ်ပေးတဲ့ အဆောက်အအုံ နေထိုင်ခွင့်စာချုပ်(သို့)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရဲ့ တိုက်ခန်းနေရာချထားခြင်းလက်မှတ် (၁) စောင်
- တိုက်ခန်းလွဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ (၁) စောင်
- သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင်
- တိုက်ခန်းလွဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်
- တိုက်ခန်းလွဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂)ပုံ
- တိုက်ခန်းလွဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်
- တိုက်ခန်းလွဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် (၁) စောင်
- ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနဲ့ ပတ်သတ်တဲါ ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမယ့် ဝန်ခံကတိပြုချက် (၁) စောင် လိုအပ်ပါတယ်။ 



အထက်ပါ စာရွက်စာတမ်းတွေကို စုံစုံလင်လင်နဲ့ တင်ပြလျှောက်ထားပြီးရင် ဌာနက စိစစ်ပြီး -

(က) လျှောက်ထားချက်ကို လွှဲပြောင်းသူနဲ့ လက်ခံသူတို့ ကိုယ်တိုင်လက်ထောက်ဌာနမှူး(မြေရာ)ရဲ့ ရှေ့မှာ လက်မှတ်ရေးထိုး လွှဲပြောင်းပေးခြင်း 
(ခ) လျှောက်ထားသူမှ သက်မှတ်ဝန်ဆောင်ခ ပေးသွင်းပြီး အမည်ပြောင်းခွင့်ပြုခြင်း
(ဂ) တိုက်ခန်းလွှဲပြောင်းသူ ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက နေ့စဉ်သတင်းစာမှာ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာခြင်း
(ဃ) သတ်မှတ်ထားတဲ့ ကာလအတွင်း ကန့်ကွက်ချက် မရှိပါက အမည်ပြောင်း လျှောက်ထားသူမှ မူလအဆောက်အအုံ နေထိုင်ခွင့်စာချုပ်ကို ပယ်ဖျက်ပြီး အမည်ပြောင်းလျှောက်ထားသူ
အမည်နဲ့ စာချုပ် ဆက်လက်ချုပ်ဆိုခြင်း
(င) ကော်မတီက စီမံခန့်ခွဲတဲ့ တိုက်ခန်းတွေရဲ့သတ်မှတ်ထားတဲ့ မြေဌားခကို နေထိုင်သူတွေဆီက တိုက်ခန်းအမျိုးအစား အလိုက်၊ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ် အလိုက် ကော်မတီက ကောက်ခံခြင်းတို့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ဒီအချက်တွေကတော့ တရားဥပဒေ ရှေ့နေတွေမှ ဖော်ပြထားတဲ့ အချက်အလက်တွေကို ကောက်နုတ်မှီငြိမ်းရေးသားထားခြင်းပဲ ဖြစ်ပါတယ်။ 

စာဖတ်သူတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်လေးကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)