“နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်” ဆိုတဲ့သီချင်းလေးလိုပဲ အချို့လူတွေအတွက်တော့ အိမ်ဆိုတာဟာ အမိုးအကာတစ်ခု၊ နေစရာတစ်ခုထက် ပိုပါတယ်။ လူတိုင်းနီးပါးမှာ တစ်နေ့ကျရင် ကိုယ့်စိတ်ကြိုက်အိမ်လေးတစ်လုံးနဲ့၊ ချစ်ရတဲ့မိသားစုနဲ့ ဆိုတာမျိုးတွေးဖူးကြမှာပါ။ ဒီနေ့တော့ Shwe Property  ပရိသတ်တွေအတွက် ကိုယ်ပိုင်အိမ်ဆောက်မယ်ဆိုရင် သိထားသင့်တဲ့အရာလေးတွေကို Sharing လုပ်သွားပေးချင်ပါတယ်။ 
 
အိမ်မြေနေရာ 

အိမ်ဆောက်မယ်ဆိုရင် အရင်ဆုံး ဘယ်နေရာမှာဆောက်မှာလဲဆိုတာကို ရွေးချယ်ရမှာပါ။ အဲဒီအချိန်မှာ အရေးအကြီးဆုံးက မြေက ဂရန်အမည်ပေါက်လား၊ ဘိုးဘွားပိုင်လား၊ ပိုင်ရှင်စစ်မှန်လားဆိုတာကို ကြည့်သင့်ပါတယ်။ ပုဂ္ဂလိကပိုင်တာမဟုတ်ဘဲ ဒီလိုပဲနေလာတာပဲဆိုပြီး မရေရာတဲ့မြေနေရာမှာ မပိုင်ဝက်မွေးဆောက်မယ်ဆိုရင်တော့ ကံမကောင်းလို့ ဆိုင်ရာပိုင်ရာက ဖယ်ပေးခိုင်းတဲ့အခါ မြွေပါလည်းဆုံး သားလည်းဆုံးအဖြစ်မျိုးနဲ့ ကြုံရမှာအမှန်ပါပဲ။ 

ကန်ထရိုက်ရွေးချယ်ခြင်း

အိမ်ဆောက်တော့မယ်ဆိုရင် ကိုယ့်အိမ်ကို အစအဆုံး တာဝန်ယူဆောက်ပေးမယ့် ကန်ထရိုက်တာကို ရွေးချယ်ရပါမယ်။ ဒီနေရာမှာ လူတော်တော်များများက နာမည်ကြိီးတာနဲ့ ၊ဒါမှမဟုတ် စျေးသက်သာတာနဲ့ ဘာမှမကြည့်တော့ဘဲ အယုံလွယ်ပြီး အပ်လိုက်ကြတတ်ပါတယ်။ မြန်မာလူမျိုးဟာ အင်မတန်အယုံလွယ်တတ်တဲ့အမျိုးပါ။ ဒါကြောင့် အိမ်ကလည်း မပြီး၊ ငွေတွေလည်းပြန်မရဘဲ အချိန်တွေကြာပြီး စိတ်ဒုက္ခရောက်နေတဲ့မိသားစုတွေ အများအပြားရှိနေတာပါ။ဒါကြောင့် ကန်ထရိုက်ရွေးချယ်မယ်ဆိုရင် သူတို့အရင်လုပ်ဖူးတဲ့ Project တွေတောင်းကြည့်တာမျိုး၊ သူတို့နဲ့ဆောက်ဖူးသူတွေကို ဆက်သွယ်ပြီး review တွေစုံစမ်းတာမျိုး သေချာပေါက်လုပ်သင့်ပါတယ်။ 

Budget သတ်မှတ်ခြင်း

အိမ်ဆောက်ဖို့အတွက် ကုန်ကျငွေကို သတ်မှတ်တဲ့အခါ အဲဒီသတ်မှတ်ငွေထက် နောက်ထပ် တစ်ဆ လက်ထဲမှာရှိနေမှအိမ်ဆောက်သင့်ပါတယ်။ ဥပမာ သိန်းငါးရာတန်အိမ်ဆောက်ဖို့တွေးထားမယ်ဆိုရင် ကိုယ့်လက်ထဲမှာ သိန်း (၁၀၀၀) အနည်းဆုံးရှိနေသင့်ပါတယ်။ တကယ့်တကယ်အိမ်ဆောက်တဲ့အခါ ကိုယ်တွက်ထားတာထက် အနည်းဆုံး 50% ပိုကုန်ကျနိုင်တာကြောင့်ပါ။



စာချုပ်ချုပ်ဆိုခြင်း

ဒါကလည်း ကန်ထရိုက်နဲ့ဆိုင်ပါတယ်။ အိမ်ကို ဘယ်အထိပြီးရင်ငွေဘယ်လောက်ချေမယ်ဆိုတာမျိုး milestones တွေနဲ့ စာချုပ်ကိုချုပ်ဆိုသင့်ပြီး လူနေခွင့် Permit၊ ရေ၊ မီး စတာတွေကျအောင်တစ်ခါတည်း လုပ်ဆောင်ပေးသလားဆိုတဲ့ သဘောတူညီချက်တွေပါ စာချုပ်ထဲထည့်ပြီး စာချုပ်ကို တရားဝင်ချုပ်ဆိုသင့်ပါတယ်။ 

အမျှော်အမြင်ရှိပါ

အိမ်ဆောက်တဲ့အခါ အရေးအကြီးဆုံးကတော့ အမျှော်အမြင်ရှိဖို့ပါပဲ။ လူအများစုဟာ လက်ရှိအချိန်မှာ နေချင်တဲ့အိမ်လေးဆိုပြီး အိမ်ဆောက်တတ်၊ ဝယ်တတ်ကြပါတယ်။ တကယ်တော့ လက်ရှိအချိန်အပြင် အနာဂတ်အတွက်ပါ ကြိုတွေးပြီး အိမ် design တွေ၊ layout တွေ plan ချသင့်ပါတယ်။ ဥပမာ.. လက်ရှိ ကိုယ့်မှာကလေးမရှိသေးလို့ အိပ်ခန်းတစ်ခန်းပဲ ပါတဲ့ အိမ်ဆောက်မယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး၊ လက်ရှိမှာ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အိမ်လေးကို လိုချင်ပေမယ့် နောက်အနာဂတ်မှာ သားသမီးတွေရှိလာမယ်ဆိုရင် သားသမီးတွေအတွက် အခန်းတစ်ခန်းစီပေးချင်တဲ့အခါ အခက်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုပါ တွေးပြီး အိမ်ဆောက်တဲ့အခါထည့်ပြင်ဆင်သင့်ပါတယ်။ 

ပြန်ရောင်းလို့ရမယ့်အိမ်မျိုးဖြစ်အောင် ဆောက်ပါ 

အိမ်ဆောက်တဲ့အခါ လက်ရှိမှာ ကိုယ်နေချင်တဲ့အိမ်မျိုး ကိုယ်ဆောက်တာမှန်ပေမယ့် အိမ်၊ မြေနေရာတွေဟာ ကိုယ့်အတွက် asset ဖြစသင့်ပါတယ်၊ အဓိပ္ပါယ်က ကိုယ့်မှာ ငွေလိုတဲ့အခါ ထုခွဲရောင်းချနိုင်မယ့်ပစ္စည်း၊ ပိုက်ဆံဖြစ်အောင်ပြောင်းလဲလို့ရမယ့် ပစ္စည်းဖြစ်သင့်ပါတယ်။ ဒါကြောင့် အိမ်ကို သာမန်အိမ်တွေထက်ထူးကဲပြီး ကိုယ်ကြိုက်တဲ့ theme မျိုးဖြစ်အောင် လုပ်တော့မယ်ဆိုရင် ဒီအိမ်ကို တစ်ချိန်မှာပြန်ရောင်းလို့ရပါ့မလား ဆိုတာမျိုးပါ ထည့်တွက်သင့်ပါတယ်။ သာမန်အိမ်မျိုးဟာ ပြန်ရောင်းဖို့လွယ်ပေမယ့် အိမ်နံရံမှာ ကိုယ့်နာမည်တွေထွင်းထားမယ်၊ Cinderella Theme၊ Power Ranger Theme၊ Harry Potter Theme ကြီးတွေဖြစ်နေမယ်ဆိုရင်တော့ ဝယ်ချင်တဲ့လူရှာရတာ ခက်ပါလိမ့်မယ်။ 

အခုပြောပြသွားတာတွေကတော့ ကိုယ်ပိုင်အိမ်လေးမဆောက်ခင် သိသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။  

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

မြေဝယ်မလား တိုက်ခန်းဝယ်မလား

အမွေဆိုင်အိမ်ကို အမွေခွဲတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော်

Posted By : Ra Wai (ShweProperty.com)