အိမ်သစ်ဆောက်ပြီးတဲ့အခါမျိုးမှာ ကိုယ့်အိမ်ကို အစကောင်းစေဖို့ မင်္ဂလာရှိစေဖို့ အိမ်သစ်တက်မင်္ဂလာ၊ အလှူမင်္ဂလာ စသဖြင့် မင်္ဂလာအသံလေးတွေ စီညံနေအောင် လုပ်ဆောင်ကြလေ့ရှိပါတယ်။ ဒါဟာ မြန်မာပြည်မှာမှသာမဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအစဉ်အလာလေးတွေ ရှိတတ်ကြပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အိမ်သစ်၊ အခန်းသစ် ဆောက်လုပ်ပြင်ဆင်ပြီးသူတွေအတွက် ပိုပြီး မင်္ဂလာတိုးအောင် အခန်းတွင်း ပရိဘောဂ အပြင်အဆင်တွေနဲ့ပတ်သက်ပြီး ဖုန်းရွှေနည်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

တချို့တွေ ရှိကြပါတယ်။ အိမ်အသစ်ဆောက်ပြီးအချိန် ကျန်းမာရေး မကောင်းကြတာမျိုး၊ စီးပွားရေးတွေ သိသိသာသာအဆင်မပြေ ဖြစ်လာတာမျိုး၊ မိသားစုတွင်း ခလုပ်ဆူးညှောင့်လေးတွေ ဖြစ်လာတတ်ခြင်း စတဲ့မပြေလည်မှုလေးတွေဖြစ်လာတတ်ပါတယ်။ ဒါဟာ သင့်အိမ်မှာ ဘာတွေမှားနေသလဲ ဆိုတာ သတိထားရမယ့် အရာတွေ ဖြစ်ပါတယ်။ 

သင့်အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ အထားအသို မှားယွင်းနေရင်လည်း ကံကောင်းခြင်းတွေ ရောက်လာဖို့ ဝှေ့ဝိုက်နေတတ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့-
 
- အိပ်ခန်းတခါးနဲ့ အိမ်သာတံခါး မျက်နှာချင်းဆိုင်ရှိနေခြင်း

ဖုန်းရွှေအဆိုအရ အိပ်ခန်းတခါးနဲ့ အိမ်သာတံခါး မျက်နှာချင်းဆိုင် ဖြစ်နေမယ်ဆိုရင် အရိုး၊ကြွက်သားနဲ့ ပတ်သတ်တဲ့ ရောဂါဝေဒနာတွေ ခံစားရတတ်ပြီး ငွေကြေးဆုံးရှုံးမှုတွေလည်း ဖြစ်လာတတ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ရေချိုးခန်း၊ အိမ်သာ ဆိုတာဟာ အညစ်အကြေးတွေကို စွန့်ထုတ်ရာနေရာ ဖြစ်တာကြောင့် အဲဒီအငွေ့အသက်တွေက ဆိုးရွားတဲ့ စွမ်းအင်တွေ ဖြစ်စေတယ်လို့ သိရပါတယ်။ 



- အခန်းတံခါးနဲ့ အိပ်ယာတန်းနေခြင်း 

အိပ်ခန်းမှာ အခန်းတံခါးနဲ့ အိပ်ရာ တန်းနေမယ်ဆိုရင်  ကျန်းမာရေးအရ ခေါင်းကိုက်ခြင်း၊အာရုံ မစူးစိုက်နိုင်ခြင်း ဖြစ်စေတတ်တယ်လို့ သိရပါတယ်။ 

- အိပ်ယာကို မျက်နှာမူထားတဲ့မှန်များ

အိပ်ခန်းမှာ အိပ်ယာနဲ့ ကြည့်မှန်နဲ့ တည့်တာ့်ဆိုင်ဆိုင်ဖြစ်နေရင် မကောင်းတဲ့ စိတ်ခံစားချက်တွေ ရနေမှာပါပဲ။ ဘာလို့လဲဆိုတော့ မှန်ဟာ မကောင်းတဲ့ အငွေ့ အသက်တွေကို စုပ်ယူတယ်လို့ အဆိုရှိပါတယ်။ နောက်ပြီးမှန်ထဲမှာ ဝိဉာဉ်တွေ ပုန်းအောင်းနေတတ်တယ်တဲ့။ ဒါကတော့ အခြားအယူအဆပါ။ ဖုန်းရွှေနည်းမှာတော့ အဲဒီလို အိပ်ရာနဲ့ ကြည့်မှန် တန်းနေရင် စိတ်တွေ လွင့်နေမယ်၊အာရုံစူးစိုက်လို့ မရနိုင်တဲ့ အခြေအနေတွေဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။

- လှေကားအောက်ကအိပ်ယာ

လှေကားအောက်က အိပ်ယာမှာ အိပ်ခြင်းဟာ အိမ်မက်ဆိုးတွေ မက်ခြင်း၊ ကံဆိုးခြင်းတို့  ဖြစ်တတ်တာကြောင့် ဒါကတော့ လုံးဝအိပ်ရာမထားသင့်တဲ့ နေရာထဲမှာ ပါပါတယ်။ 

နောက်ပြီး အိပ်ယာအထက်တည့်တည့်မှာ ထုတ်တန်းရှိနေမယ်ဆိုရင် ပူပန်မှုတွေ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပြီး အိပ်ရေးမဝတာ ၊ခေါင်းကိုက်တာတွေပါ ဖြစ်တတ်တယ်ဆိုတဲ့ အကြောင်းလည်း ယခင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးပါတယ်နော်။ 

ဒီဆောင်းပါးကို အစအဆုံးဖတ်ပြီးရင်တော့ သင့်အိမ်သစ်မှာ ဖုန်းရွှေနည်းအရ ဘာတွေမှားယွင်းနေလဲဆိုတာ အဖြေရှာလိုက်တော့နော်။ 

ShweProperty ရဲ့ စာဖတ်သူတို့အားလုံး လာဘ်လာဘကောင်းတဲ့ အိမ်ကောင်းယာကောင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)