“တိုက်ခန်းဝယ်ရင် ခိုင်မာမှု ရှိပါ့မလားဆိုတာ တိုက်ခန်းဝယ်ဖို့ စဉ်းစားသူတိုင်း တွေးမိတတ်တဲ့အရာပါ။ 

တချို့ကလည်း တိုက်ခန်းဆိုတာ ဝယ်ရောင်းသမားတွေပဲ မြက်မယ်လို့ ပြောကြတယ်၊ နှစ်တွေကြာနွမ်းလို့ အိုဟောင်းဆွေးမြေ့သွားရင် တိုက်ခန်းတွေဟာ ရောင်းလည်းမထွက်၊ နေဖို့လည်း အဆင်မပြေနဲ့ ပိုင်ဆိုင်မှု မခိုင်မာနိုင်ဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။ 

ဒီဆောင်းပါးလေးမှာတော့ တိုက်ခန်းဝယ်မယ့်မိတ်ဆွေများအတွက် ပိုင်ဆိုင်မှု ခိုင်မာအောင် လုပ်နိုင်ဖို့ သိမှတ်ဖွယ်ရာတချို့ကို ဖော်ပြပေးလိုက်ပါတယ် ။ 

တိုက်ခန်းဝယ်ရင် ဒါတွေကိုအရင်ကြည့်ပါ။ 

- ပိုင်ဆိုင်မှုသေချာစေဖို့အတွက် တိုက်သစ်ဆိုရင် လူနေထိုင်ခွင့် BCC ကျပြီလားဆိုတာ အရင်ကြည့်ပါ။ လူနေထိုင်ခွင့်ရှိမှ စရန်ချပါ။ ဒီကိစ္စဟာ ဘာမှမဖြစ်ရင်တော့ မဖြစ်ပါဘူး။ စည်ပင်မှာ တိုင်ကြားခံရရင်တော့ ချက်ချင်းဆင်းပေးရနိုင်ပါတယ်။ နောက်မှအလုပ်ရှုပ်နေရမယ့်အစား BCC ကျပြီလားဆိုတာ အရင်မေးရပါမယ်။ 

- စရန်ပေးပြီးရင် ကန့်ကွတ်သူ ရှိ၊ မရှိ သတင်းစာထဲထည့်ကြေညာပါ။ ဒါကတော့ အိမ်ခြံမြေအရောင်း၊ အဝယ် လုပ်သူတိုင်း လုပ်ကိုလုပ်ရမယ့် အချက်ပါပဲ။ 

- ငွေအပြေချေချိန်မှာ တိုက်ခန်းနဲ့ အတူ မြေရှင် လက်မှတ်ရဖို့လည်း အရေးကြီးပါတယ်။ တိုက်ခန်းဝယ်ပြီးမှ မြေရှင်က "သူမသိရပါဘူး" ဆိုပြီး ပြဿနာ ရှာတာတွေ ရှိတတ်ပါတယ်။ မြေရှင်ရဲ့ သဘောတူညီမှု လိုအပ်ပါတယ်။ နောက်ပြီး မြေရှင်ရဲ့ လက်မှတ်ကို တောင်းလဲဆိုရင် မြေရှင်ဟာ ဆောက်လုပ်ထားတဲ့ အဆောက် အအုံရှိ တိုက်ခန်းတွေ အပါအဝင် ဥပစာကို အကန့်အသတ်မရှိ လက်ဝယ်ထားပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့် တွေရှိတဲ့ အိမ်ငှားစားသူ ပိုင်ရှင်တစ်ဦးဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ 

တိုက်ခန်း အမျိုးအစားတွေမှာ ပုဂ္ဂလိကပိုင်နဲ့  ပြည်သူပိုင်/ အစိုးရပိုင်ဆိုပြီး အဓိကနှစ်မျိုးနှစ်စားရှိပါတယ် ။ 



ပုဂ္ဂလိကပိုင်တိုက်ခန်းတွေဟာ ပုဂ္ဂလိကပိုင်မြေပေါ်မှာ ပုဂ္ဂလိကပိုင်ငွေနဲ့ ဆောက်လုပ်ထားတဲ့ အခန်းအမျိုးအစားဖြစ်ပါတယ်။ 

မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန( ယခင်အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာမှ ပုဂ္ဂလိကကို အပြီးအပိုင် ရောင်းချထားတဲ့ တိုက်ခန်းတွေဟာ ပုဂ္ဂလိက တိုက်ခန်း အမျိုးအစားမှာ ပါဝင်ကြပါတယ်။

ပြည်သူပိုင် သို့မဟုတ် အစိုးရပိုင် တိုက်ခန်းတွေကတော့ မြိုပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုက်ခန်းတွေ ဖြစ်ကြပါတယ်။ နိုင်ငံတော်ပိုင် မြေပေါ်မှာ နိုင်ငံတော်ပိုင်ငွေနဲ့ ဆောက်လုပ်ပြီး ဝန်ထမ်းတွေကို နေထိုင်ခွင့် အငှားချထားပေးတဲ့ အခန်း အမျိုးအစားတွေ ဖြစ်ပါတယ်။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ စည်ပင်သာယာရေးကော်မတီ တို့မှ အဆောက်အအုံတွေ ဆောက်လုပ်ပြီး အခန်းတွေကို ရောင်းချပေးပါတယ်။ 

အထက်ဖော်ပြပါ တိုက်ခန်းတွေကို ရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်တဲ့အခါ ပုဂ္ဂလိကပိုင်တိုက်ခန်းကို ရောင်းချရာမှာ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းချနိုင်ပြီး မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီပိုင် တိုက်ခန်းတွေကိုတော့ ထပ်ဆင့်ဝယ်ယူသူတွေကတော့ ဆက်စပ်စာချုပ်တွေနဲ့ ဆိုင်ရာဌာနမှာ မိမိ အမည်ပေါက် ပြောင်းလဲ နိုင်ပါတယ်။ 

ဒီဆောင်းပါးလေးဟာ တိုက်ခန်းဝယ်ယူမယ့် မိတ်ဆွေများအတွက် အကူအညီဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ 

စာဖတ်သူများအားလုံး အိမ်ကောင်းကောင်း ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

( ဒီအချက်တွေကို အိမ်၊ ခြံ၊ မြေ ကျွမ်းကျင် ဥပဒေရေးရာ ပညာရှင်တွေရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားခြင်း ဖြစ်ပါတယ်။) 

Written By : Lily (ShweProperty.com)