အိမ်ခြံမြေ ဝယ်ယူခြင်းမှာ အလွန်သတိထားပြီး ထောင့်စေ့အောင် စစ်ဆေးပြီးမှ ဝယ်ယူခြင်းကသာ စိတ်ချရပါတယ်။ 

ကိုယ်ဝယ်မယ့်ခြံက ပိုင်ဆိုင်မှု ခိုင်မာရဲ့လား၊ ဂရန်မြေလား၊ ရွာမြေလား တွက်ရတဲ့အပြင် ဒီမြေရဲ့ ပိုင်ရှင်က ဘယ်သူလဲ၊ ပိုင်ရှင်ဘယ်နှယောက်ပိုင်တာလဲ၊ အရှုပ်အရှင်းရှိလား ဆိုတာတွေလည်း စစ်ဆေးသင့်ပါတယ်။ 

ဒီလိုစစ်ဆေးတဲ့အခါ ပိုင်ရှင် ၂ ယောက်ရှိတဲ့ ခြံမျိုးဆို ပြဿနာ အနည်းငယ် ရှိလာပါတယ်။ ဥပမာ - ပိုင်ရှင်က ညီအစ်ကို နှစ်ယောက်ဖြစ်တယ်၊ ခြံကိုအစ်ကိုက ရောင်းတာဖြစ်တယ်ဆိုရင် ဝယ်လို့ ရနိုင်ရဲ့လား၊ ဒီရောင်းချမှုကို ညီဖြစ်သူရော သိရဲ့လား၊ အရှုပ်အရှင်း ရှိလာမလားဆိုတာ စဉ်းစားစရာပါ။ 

နောက်ပြီး အဲဒီညီအစ်ကိုမှာ မိသားစုတွေပါ ရှိနေရင်တော့ ပိုပြီးတော့ စစ်ဆေးတာတွေ လုပ်ရမှာပါပဲ။ 

ဥပဒေအရမှာတော့ အဲဒီလို ၂ ဦးပိုင် အိမ်ရာတွေကို တစ်ဦးတည်း ဆန္ဒနဲ့ ရောင်းချခွင့် မရှိလို့ ဆိုထားပါတယ်။ ရောင်းချမယ်ဆိုရင် ၂ ယောက်လုံးရဲ့ သဘောတူညီချက်ညီပြီး အရောင်းအဝယ်ပြုမှသာ ဝယ်ယူလို့ရပါတယ်။ 



အရေးအကြီးဆုံးကတော့ အရှုပ်အရှင်းတွေ မရှိစေဖို့ သတင်းစာထဲ ထည့်ကြေညာခြင်းပါပဲ။ သတင်းစာထဲ ထည့်ကြေညာပြီးလို့မှ အရှုပ်အရှင်းမရှိဘူးဆိုရင် ဝယ်သူက ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ရောင်းသူဘက်ကတော့ ပိုင်ဆိုင်မှုဟာ ၂ ယောက်ပိုင် ဖြစ်တဲ့အတွက် ရငွေကို တစ်ဝက်ဆီခွဲယူရမှာ ဖြစ်ပါတယ်။ 

အမွေရခဲ့တဲ့ မြေဆိုရင်လည်း ရောင်းသူညီအစ်ကိုဟာ ပထမဆုံး ဒီမြေကွက်ဟာ ညီအစ်ကို နှစ်ဦး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြညာမြွက်ဟ စာချုပ်လုပ်ရမှာဖြစ်ပါတယ်။ အကွက်ရိုက်ရောင်းမယ် ဆိုရင်လည်း မြေကွက်ကို အညီအမျှပိုင်းပြီး တစ်ဖက်က ညီအပိုင်း၊ တစ်ဖက်က အစ်ကိုအပိုင်းခွဲခြားကာ တစ်ဝက်ကို ပိုင်ဆိုင်မှု စွန့်လွှတ်ကြောင်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားရပါမယ်။ ဒါမှသာ တရားဝင် ရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်။

ထပ်ပြောရရင်တော့ အိမ်ခြံမြေ တိုက်ခန်းဝယ်မယ်ဆိုရင် ရောင်းသူဟာ ရောင်းပိုင်ခွင့်ရှိ၊ မရှိ၊ ပိုင်ရှင်အစစ် ဟုတ်မ ဟုတ်၊ အသေးစိတ် စိစစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောင်းပိုင်ခွင့် မရှိ၊ ပိုင်ရှင်အစစ်မဟုတ်သူဆီကနေ ဝယ်မိလို့ ပြဿနာဖြစ်တတ်ကြတဲ့ ဖြစ်ရပ်တွေအများအပြား ရှိလို့ပါပဲ။

အိမ်ခြံမြေဝယ်သူဟာ သက်ဆိုင်ရာ ရုံးဌာနမှာ မြေပုံ မြေရာဇဝင် ကူးယူဖို့ ဆောင်ရွက်တဲ့အခါ ကန့်ကွက်ခံရခြင်း၊ ငွေ အပြီးချေမယ့် အချိန် ကန့် ကွက်သူပေါ်လာခြင်းများ မကြာ ခဏဖြစ်လေ့ရှိပြီး အဲ့ဒီအခါ စရန်ငွေဆုံးတာတို့ ဖြစ်နိုင်ပါတယ်။
 
စာဖတ်သူတို့ အားလုံး သေချာစိစစ်ပြီး အရှုပ်အရှင်းမရှိတဲ့ အိမ်ကောင်းမြေကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

Written By : Lily (ShweProeprty.com)
Posted By : Ra Wai (ShweProeprty.com)