“ပြီးခဲ့တဲ့ ရက်ပိုင်းက ဆရာ့ရဲ့ ကြိုပွိုင့်ဝယ်ယူထားသည့် တိုက်ခန်းများကို ကန်ထရိုက်တာမှ ဆက်လက် မဆောက်နိုင်လျှင်ဆိုတဲ့ ဆောင်းပါး Facebook မှာ ဖတ်လိုက်ရတယ်” ဟု မိတ်ဆွေတစ်ဦးက စာရေးသူ၏ ရုံး ခန်းသို့ ရောက်လာပြီး ဝမ်းသာစရာ စကားကို ပြောလာပါသည်။
“ဒီလို စကားကြားရတာ ဝမ်းသာမိပါတယ်ဗျာ။ စာရေးဆရာဆိုတာလည်း အနုပညာသမားတစ်ဦးပဲ မဟုတ် လား။ စာဖတ်ပရိသတ်ရှိမှ ရှင်သန်တာလေ”
“ဖတ်သူ အကြိမ်သောင်းဂဏန်းကျော်မယ်ထင်တယ် ဆရာ။ အဲဒီ ဆောင်းပါးမှာတော့ တိုက်ခန်းအဝယ်ထပ်တဲ့ ကိစ္စကို ဖတ်လိုက်ရတယ်။ တကယ်လို့များ အိမ်မြေဝယ်တဲ့အခါ ထပ်နေတာမျိုးဖြစ်ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”
“မြေက ပိုပြီး ဂရုစိုက်ဖို့လိုတယ်။ ပါမစ်မြေဖြစ်စေ ဂရန်မြေဖြစ်စေ စိတ်ချလို့ မရဘူး။ ပါမစ်မူရင်း နှစ်စောင် ဂရန်မူရင်းနှစ်စောင်ရှိတာမျိုးလည်း ဖြစ်တတ်တယ်”
“ပါမစ်မူရင်းနှစ်စောင် ဂရန်မူရင်း နှစ်စောင်မျိုးရှိတတ်တယ်ဆိုတာက ဘယ်လိုဖြစ်တာလဲ ဆရာ။ ကျွန်တော်သိ သလောက်က အတုလုပ်တာမျိုး ရှိတယ်လို့ ကြားဖူးတယ်”
“အခုက စာရွက်စာတမ်းအတုနဲ့ မဟုတ်ဘဲ မူရင်း ပါမစ် ဒါမှမဟုတ် မူရင်း ဂရန်စာချုပ် ပျောက်ဆုံးပါတယ်ဆိုပြီး မူရင်းခွဲတွေ ထုတ်ယူကာ နှစ်ခါရောင်းတဲ့ ကိစ္စတွေလည်း ရှိတယ်”
“ဒါဆိုရင် အဝယ်ထပ်နေတဲ့ သဘောပေါ့နော်”
“ဟုတ်ပါတယ်။ တချို့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုထားတာလည်း ရှိတယ်”
“ကျွန်တော်လည်း အဲဒီလို အခု ဖြစ်နေလို့ ဆရာ”
“အိုး – ဘယ်လိုဖြစ်လို့လဲ ရှင်းပြပါဦး”
“မြေက ပါမစ်မြေ ဆရာ”
“ပါမစ်အမည်ပေါက်ဆီက ဝယ်တာလား။ တစ်ဆင့်ဝယ်ထားသူထံက ပြန်ဝယ်တာလား”
“မဟုတ်ဘူး ဆရာ။ ပါမစ် အမည်ပေါက်က ကွယ်လွန်သွားပြီး သူ့ရဲ့ သားသမီးတွေထံက ဝယ်တာ ဆရာ”
“အခု စရန်ငွေပေးပြီးပြီပေါ့”
“ဟုတ်ကဲ့ ဆရာ၊ စရန်ငွေပေးပြီး ကန့်ကွက်ရန် ရှိ မရှိ ကြေညာမှ ကန့်ကွက်သူ ပေါ်လာတယ် ဆရာ”
“သူကလည်း အဲဒီမြေကွက်ကို ဝယ်ထားတယ်ပေါ့။ ဒီလိုလား”
“ဟုတ်တယ် ဆရာ၊ ဒါနဲ့ ရောင်းသူတွေထံပြောတော့ သူတို့က ရောင်းမထားဘူးလို့ ငြင်းတယ်။ ဒါပေမယ့် ကန့်ကွက်သူက အမည်ပေါက်သူဖြစ်တဲ့ ဖခင်ထံမှ တိုက်ရိုက်စာချုပ် ချုပ် ဝယ်တယ်လို့ သိရတယ်”
“ဟုတ်ပြီ။ လက်ရှိ အဆိုပါ မြေကွက်နဲ့ အိမ်ကို ဘယ်သူနေသလဲ”
“ရောင်းမယ်ဆိုတဲ့ သားနှစ်ယောက်နေတာ ဆရာ။ ဝယ်ထားတယ်ဆိုတဲ့ သူတွေက မနေဘူး”
“မိတ်ဆွေကြီး ဝယ်မယ်ဆိုရင် သူတို့က ဆင်းပေးမယ်ပေါ့။ လက်ရောက်အပ်မယ်ပေါ့”
“ဟုတ်ပါတယ် ဆရာ။ ဒါကြောင့် ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်း မသိလို့ ဆရာ့ဆီလာပြီး တိုင်ပင် ဆွေးနွေးတာပါ ဆရာ”
“မိတ်ဆွေကြီးက အမည်ပေါက်ထံက တိုက်ရိုက်ဝယ်မှာ မဟုတ်ဘဲ အမွေဆက်ခံသူထံက ဝယ်တာဆိုတော့ အခက်အခဲရှိနိုင်တယ်”
“သားနှစ်ဦးက ဖခင်ရဲ့ အမွေကို ဆက်ခံခွင့်ရှိတယ် မဟုတ်လား”




“မြေနှင့် အခွန်စည်းကြပ်ရေး ဥပဒေအရ အစိုးရက ဂရန်ထုတ်ပေးထားခြင်း မရှိသေးသော အစိုးရပိုင် မြေပေါ် တွင် နေထိုင်သူသည် အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်မရှိ။ အစိုးရက ဂရန်ထုတ်ပေးပြီးမှသာ ထိုမြေနှင့် စပ်လျဉ်း၍ အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”
“ဒါဆိုရင် ပါမစ်မြေတွေက အမွေဆက်ခံခွင့်မရဘူးဆိုတဲ့ သဘောလား ဆရာ”
“တစ်ခုရှိတာက ပါမစ်စာရွက်စာတမ်းမှာ အမည်ပေါက်သူက မွေးချင်းတစ်ဦးကို အမွေခံအဖြစ် ဖော်ပြထားတဲ့ အချက်ပါဝင်ပြီး မိသားစု ဓာတ်ပုံနဲ့ အတိအလင်းဖော်ပြထားရင်တော့ ဆောင်ရွက်ခွင့် ရောင်းချခွင့်ရှိနိုင်မှာ ဖြစ်ပါ တယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မရင်နုနှင့် မအေးမြင့်ပါ (၂) ၁၉၇၅ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၈၇) အမှုမှာ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ရှိ အချင်းဖြစ်မြေသည် အစိုးရမြေ ဖြစ်ပြီး ဒေါ်မြိုင်၏ အမည်နှင့် နေခွင့် လက်မှတ် (Permit) မြေဖြစ်သည်။ Permit ဖြင့် ရရှိခဲ့သော မြေဖြစ်သဖြင့် ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ယင်းမြေကို ဒေါ်မြိုင်၏ အမွေစား အမွေခံများက အမွေဆက်ခံပိုင်ခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် မူလအမည်ပေါက်ထံက ဝယ်တဲ့သူက ပိုပြီး အကျိုးခံစားခွင့်ရနိုင်တာပေါ့”
“မှန်ပါတယ်။ ဒါကြောင့် ဂရန်လျှောက်ထားတဲ့အခါမှာ မူလပိုင်ရှင် အမည်ပေါက်ထံမှ အဆင့်ဆင့်ဝယ်တဲ့ ကတိ စာချုပ်ကို တင်ပြပြီး လျှောက်ထားခွင့်ရှိပါတယ်”
“ဒါပေမယ့် ဆရာ၊ ကန့်ကွက်သူက လက်ရောက်ရယူမထားတာက စဉ်းစားစရာဖြစ်နေတယ် မဟုတ်လား”
“မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းဝယ်ခြင်းမှာ လက်ရောက် ပေးအပ်ပြီးမှသာ အရောင်းအဝယ်အထ မြောက်ပြီးဆုံးမှာဖြစ်ပါတယ်။ အခုကိစ္စမှာ ပထမဝယ်ထားသူက မြေကို လက်ရောက်ရယူထားခြင်း မရှိတဲ့ အတွက် စရန်ငွေပေးခြင်းသာဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ တွေ့ဆုံပြီး သေချာလေ့လာဖို့ လိုပါတယ်”
“စရန်ပေးထားခြင်းသာဖြစ်ရင် မူလစာချုပ် ပျက်ပျယ်သွားပြီးပေါ့ ဆရာ”
“ဒီလိုလည်း သတ်မှတ်လို့ ရပါတယ်။ တစ်ခုရှိတာက မူလပိုင်ရှင် ဖခင်ရဲ့ ပေးရန်ရှိတဲ့ ကျန်ငွေကို သား နှစ်ယောက်က လက်ခံပြီးဆက်လက် အရောင်းအဝယ်ပြုရင်တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေ ပြောစကားအရ ပါမစ်နှစ်ခုဖြစ်နေတဲ့ သဘောတွေ့ရတယ်။ ဒါကြောင့် ပါမစ်စာရွက်မှာ မိသားစုဓာတ်ပုံပါရှိခြင်းရှိ မရှိ အချက်ကို သေချာစိစစ်ဖို့ လိုပါတယ်။ မြေချပါမစ် မူရင်းနှစ်ခုရှိနေရင်တော့ လက်ရှိနေထိုင်သူ သားနှစ်ဦးမှ ကန့်ကွက်စိစစ်ဖို့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကောမတီထံ လျှောက်ထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”
“အမှုအခင်းထိ ဖြစ်လာနိုင်တာပေါ့နော်”
“ဟုတ်ပါတယ်။ အမှုအခင်းထိဖြစ်လာနိုင်တဲ့အတွက် စရန်ငွေပြန် ပေးမယ်ဆိုရင်တော့ လက်ခံပြီး နောက်ဆုတ် လိုက်တာ သင့်တော်မယ်”ဟု အကြံပြုဆွေးနွေးလို်က်ပါသည်။

ဖတ်ရှု့မှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ခြံမြေ တိုက်ခန်းအား နှုတ်ကတိဖြင့် ဝယ်ယူခြင်းကို အတည်ပြုနိုင်ခြင်

အိမ် ခြံ မြေ ပူးတွဲပိုင်ရှင်တို့ကသာ စွန့်လွှတ်စာချုပ် ချုပ်ဆိုနိုင်ခြင်း

အိမ်ခြံမြေဝယ်မယ်ဆိုရင်

Credit By:ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By :Chan Myae (ShweProperty.com)