By RW, Shweproperty.com
Updated at 18 August 2025
လျှပ်စစ်ဌာနကို Complain အတက်ဆုံး နှစ်ချက်ပြောပါဆိုရင် မီးမလာတာနဲ့ မီတာခများတာရယ်။ မီးကိစ္စကတော့ တတ်နိုင်သလောက် ရှင်းပြရေးပြပြီးပါပီ။ မီတာခ နည်း၊ များ ကိစ္စကတော့ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ပါဘူး။ အကျဉ်းချုံးလေး ရေးပေးပါ့မယ်။ အိမ်သုံးမီတာမှာ Analogue မီတာနဲ့ Digital မီတာဆိုပြီး အကြမ်းဖျင်း(၂)မျိုးရှိပါတယ်။ Analogue မီတာဆိုတာက ဂဏန်းပြဒိုင်ခွက်နဲ့ အောက်မယ် အဝိုင်းပြားကြီးလည်တာမျိုးပါ။ Digital မီတာက 8 Bitကို အခြေခံပြီး ဒီဂျစ်တယ်ဂဏန်းကို ပြပေးတာမျိုးပါ။ ပုံမှန်အားဖြင့် Digital မီတာတွေကို တိုင်ပေါ်မှာ (သို့) ခြံစည်းရိုး (သို့) အိမ်မှာတပ်လေ့ရှိပြီး HHUစက်ဖြင့် ဖတ်လေ့ရှိပါတယ်။ ကိုက်သုံးရာ အကွာမှ ဖမ်းယူရရှိနိုင်တာေကြာင့် လာဖတ်တာ မတွေ့ဘူးပြောနေရေးနေကြတာ ဖြစ်ပါလိမ့်မယ်။ (၁)မီတာနံပါတ် မှန် မမှန်စစ်ဆေးပါ မိမိ၏ နောက်ဆုံးလ၏မီတာဘေလ်ကိုယူပါ။ မီတာအမှတ်ဆိုတာကို ကြည့်ပါ။ Analog ဆိုရင် ရှေ့မှာ အင်္ဂလိပ်အက္ခရာ တစ်လုံး သို့ နှစ်လုံး ခံပြီး နံပါတ်ရေးလေ့ရှိပါတယ်။ နံပါတ်ကြည့် သီးခြားပါတာတွေလည်းရှိပါတယ်။ Digital ကတော့ ဂဏန်းတွေကြည့်ပဲများပါတယ်။ မီတာဘေလ်ပါ နံပါတ်နဲ့ မိမိတပ်ဆင်သုံးစွဲနေသော မီတာနံပါတ် မှန်မမှန် စစ်ပါ။ အရေးကြီးပါတယ်။ မှားနေတာတွေ့ရင် လွဲနေတာရှိရင် ချက်ချင်း မြို့နယ်ရုံးသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ပါ။ (၂) တရက်စာ ပျမ်းမျှယူနစ်သုံးစွဲမှုကိုတွက်ချက်ပါ နောက်ဆုံးလ၏မီတာဘေလ်မှာ ကွာခြားယူနစ်ဆိုတာပါ ပါတယ်။ ယခုလအသုံးထဲက ယခင်လအသုံးကို ခြားနားလိုက်ရင် ကွာခြား ယူနစ်ဟုခေါ်သော မီတာဘေလ်ပါလ၏ အသုံးယူနစ်ကို ရပါတယ်။ ၎င်းသည် လူကြီးမင်း သုံးစွဲခဲ့သော တလစာယူနစ်ဖြစ်ပါသည်။ ၎င်းကွာခြားယူနစ်သည် ရက်၃၀စာဖြစ်၍ ၃၀ဖြင့် စားပါက တရက်စာအသုံးအား ရရှိနိုင်ပါသည်။ မီတာဘေလ်ပါ ကွာခြားယူနစ်၏ လသည် ၃၁ရက်ဆုံးသော လဖြစ်ပါက ၃၁ဖြင့် စား၍ တရက်စာ ပျမ်းမျှယူနစ်ကို တွက်ချက်ပါ။ တလနဲ့တလအသုံးသည် ဓာတ်အားရရှိမှု၊ ရာသီဥတုအခြေအနေ၊ အသုံးပေါ်မူတည်၍ အနည်ငယ် ကွာဟ နိုင်ပါသည်။ (၃) မီတာယူနစ် ဖတ်ချက်အား စစ်ဆေးခြင်း မိမိပထမဆုံး ခွဲခြား၍ သိရှိရမည်မှာ Analog မီတာလား၊ ဒီဂျစ်တယ်မီတာလား ဆိုတာပါပဲ။ ပြီးနောက် တွင် ပြသောဂဏန်းအား ဓာတ်ပုံရိုက်၍ ယူပါ။ စာရွက်ပေါ်တွင် မိမိဓာတ်ပုံရိုက်ယူခဲ့သော မီတာပြဂဏန်အား ချရေးပါ။ ဒဿမကိန်းများ ထည့်သွင်းရန် မလိုအပ်ပါ။ ၎င်းနောက် နောက်ဆုံးလ၏ မီတာဘေလ်တွင် ယခုလ ဖတ်ချက်ကို ကြည့်ပါ။ မီတာဘေလ်ပါ ဂဏန်းအား ချရေး၍ မီတာပြဂဏန်းမှ နူတ်ပါ။ မိမိစစ်ဆေးသည့်နေ့အထိ သုံးစွဲနေသော ယူနစ်ပမာဏကို ရရှိပါမည်။ Analog မှာတော့ သဘောတရားအတူတူပါပဲ။ ဒါပေမဲ့ရှေ့မှာ ပတ်ဂဏန်းတချို့ရှိတတ်ပါတယ်။ မီတာ ယူနစ်ပြဒိုင်ခွက်မှာ ၄၅၀၇ဆိုကြပါစို့။ မီတာဘေလ်မှာက ၁၄၅၀၇ဆိုရင် ရှေ့က ၁ သည် ပတ်ဂဏန်းဖြစ်ပါသည်။ ပတ်ဂဏန်းရှိပါက ထည့်သွင်းခြားနားပေးရမည်ဖြစ်ပါသည်။ ယနေ့ထိ ကွာခြားယူနစ်= မီတာပြဂဏန်း - မီတာဘေလ်ပါ ဂဏန်း (၄) စစ်ဆေးတွက်ချက်ခြင်း မိမိ၏ မီတာတရက်တာ မီတာအသုံးယူနစ်အား မိမိစစ်ဆေးသည့် ရက်၏အရေအတွက်နှင့် မြှောက်ပါ။ မိမိသည် ၂၀ရက်နေ့ စစ်ဆေးသည်ဆိုပါက အကြမ်းဖျင်းအားဖြင့် ၂၀ရက်စာ အသုံးဖြစ်၍ ၂၀နှင့် မြှောက်၍ ယနေ့ထိ အသုံးယူနစ်ကို ရှာပါ။ ၁၅ရက်နေ့တွင် စစ်ဆေးပါက ၁၅ဖြင့် မြှောက်ရမည်ဖြစ်ပါသည်။ (၅)သုံးသပ်ခြင်း မီတာပြဂဏန်းအရ ယနေ့ထိ အသုံးယူနစ်နှင့် မီတာဘေလ်ပါ တလစာအသုံးမှရရှိသော ယနေ့ထိ အသုံးယူနစ်သည်။ ပျမ်းမျှအားဖြင့် ညီမျှနေမည်ဖြစ်ပါသည်။ ကွာဟချက်သည် တလစာအသုံး၏ တဝက်ကျော်ကွာဟနေခြင်း လျော့နည်းနေခြင်းများ ဖြစ်ပေါ်နေပါက မြို့နယ်ရုံးသို့ အသိပေးအကြောင်းကြားသင့်ပါသည်။ အချုပ်ပြောရရင် မီတာပုံမှန် ဖတ်သလား၊ မဖတ်ဘူးလား အကြမ်းဖျင်း စစ်ဆေးဖို့ရာ မခက်ပါဘူး။ မိမိမီတာမှန် မမှန် စစ်ဆေးပါ။ ပြီးရင် မီတာပြဂဏန်းအရ ယနေ့ထိအသုံးနဲ့ တလစာအသုံးအရ ခန့်မှန်းတွက်ချက်ထားသော ယနေ့ထိ အသုံးကို ယှဉ်ကြည့်ရင် ရပါပြီ။ ပုံမှန်အခြေအနေအရ စစ်ဆေးသည့် ပုံစံကို ရှင်းလင်းဖော်ပြထားတာပါ။ ဓာတ်အားခ ကျသင့်ငွေတွက်ချက်ရန် - https://clk.bz/wcdHU Credit - ကေအက်(ခွဲမှူး)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ