လူတိုင်းလူတိုင်းအတွက် ကျန်းမာရေးက အဓိကကျတာပါ။ ကျန်းမာမှချမ်းသာမယ်။ ကျန်းမာနေမှ ဖြစ်ချင်တဲ့အရာတိုင်းကိုလုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ဆိုနိုင်တာပါ။ မကျန်းမာရင် စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်ဘူး။ဒါတွေကြုံတွေ့လာပြီဆိုရင် သင်စိတ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ဝေဒနာဆိုးကျိုးကိုပါ ခံစားရမှာပါ။ဘာတွေက သင့်ကျန်းမာရေးကို ထိခိုက်စေမှာလဲ။ အိမ်မှာနေရင်ကော ကျန်းမာရေးညံ့မှာလား။

အပြင်စာတွေစားတာ၊ ဆေးလိပ်၊အရက်သောက်တာ စတဲ့ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အရာတွေထက် သင့်ကျန်းမာရေးကိုပိုထိခိုက်စေတဲ့အရာတွေ သင့်အိမ်ထဲမှာတင်ရှိနေတယ်ဆိုတာ လက်ခံယုံကြည်ပါလား။ အဲဒီအရာတွေက ကျန်းမာရေးကိုထင်မထားလောက်အောင်ထိခိုက်စေနိုင်တယ်ဆိုတာ သတိပြုရမှာပါ။မကောင်းတာမှန်သမျှလည်း ရှင်းလင်းထားရပါမယ်။

(၁) ကြမ်းပြင်၊ရေချိုးခန့်သန့်စင်ဆေးရည်များ၊ချွတ်ဆေးများ

ကြမ်းပြင်သန့်စင်ဆေးရည်၊ ရေချိုးခန်း၊အိမ်သာသန့်စင်ဆေးရည်တွေနဲ့ ချွတ်ဆေးတွေရဲ့ အနံ့တွေက နာတာရှည်ခေါင်းကိုက်ရောဂါကိုဖြစ်စေနိုင်ပြီး ကလေးတွေနဲ့ထိတွေ့တဲ့အခါမှာလည်း အန္တရာယ်များပါတယ်။ ဒါကြောင့် အဲ့ဒီအရာတွေကို အသုံးပြုတဲ့အခါ mask တပ်ထားတာ၊လေဝင်လေထွက်ကောင်းအောင်အိမ်တံခါးတွေဖွင့်ထားတာမျိုး၊ကလေးတွေလက်လှမ်းမမီတဲ့အမြင့်နေရာမှာထားတာမျိုးတွေကို သတိထားလုပ်ပေးဖို့လိုပါတယ်။ဖြစ်နိုင်ရင်တစ်ခါသုံးလောက်ဝယ်သုံးတာမျိုး ၊တကယ်လို့ အသုံးပြုလို့ပိုနေတယ်ဆိုရင် မနှမြောပါနဲ့ ။စွန့်ပစ်လိုက်တာဟာ အကောင်းဆုံးလို့ပြောချင်ပါတယ်။
 
(၂) စိုထိုင်းမှု
 
အိမ်အတွင်းမှာစိုထိုင်းနေတာက သာမန်မျက်စိနဲ့မမြင်ရတဲ့မှိုတွေကိုပေါက်ဖွားစေပြီး ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်ပါတယ်။ စိုထိုင်းတဲ့နေရာတွေမှာဖြစ်လာတဲ့မှိုတွေက ၂၄ နာရီအတွင်းမှာ မယုံနိုင်လောက်အောင်ပြန့်ပွားလာတက်ပါတယ်။ အိမ်ထဲမှာပျံ့နှံနေရင် ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုဖြစ်စေတက်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ တတ်နိုင်သလောက်ခြောက်သွေ့နေအောင်ထားဖို့၊ အထူးသဖြင့် မီးဖိုချောင်၊ ရေချိုးခန်း၊အိမ်သာတွေကို အမြဲတမ်းစိုစိုစွတ်စွတ်ဖြစ်မနေအောင်ထားဖို့လိုပါတယ်။




(၃) ဆေးဝါးများ
 
အိမ်တိုင်းမှာ အရေးပေါ်သုံးဖို့ဆေးဝါးတွေဝယ်ဆောင်ထားတတ်ကြပါတယ်။ ဆေးဝါးတွေက အန္တရာယ်ရှိနေလို့မသုံးရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဲ့ဒီဆေးဝါးတွေရဲ့ ရက်လွန် နေ့စွဲတွေကို မစစ်ဆေးဘဲ အချိန်ကြာတဲ့အထိသုံးနေတက်လို့ အန္တရာယ်ရှိတယ်လို့ပြောချင်တာပါ။ ဆေးဝါးတွေကို မကြာခဏစစ်ဆေးပြီး ပစ်သင့်တာပစ်ပြီး သုံးသင့်တာကိုပဲသုံးဖို့ အထူးသတိထားဖို့လိုပါတယ်။
 
(၄) မီးဖို၊ရေပူ၊ရေအေးစက်၊အဝတ်အခြောက်ခံစက်များ
 
အိမ်ထဲကအသုံးအဆောင်တွေထဲမှာ မီးဖို၊ရေပူ၊ရေအေးစက်၊ အဝတ်အခြောက်ခံစက်တွေကနေ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုပြီး အိမ်ကိုလုံနေအောင်ပိတ်ထားမယ်ဆိုရင် အိမ်ထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေစုဝေးလာပြီး ခေါင်းမူးခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း၊ အမြဲလိုလိုမလန်းဆန်းခြင်းနဲ့ သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုနေတဲ့အခါ၊အသုံးပြုပြီးတဲ့အခါတွေမှာ အိမ်ထဲကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။
 
(၅) ပင့်ကူမျှင်နဲ့ဖုန်များ
 
အိမ်ထဲမှာ ပင့်ကူမျှင်နဲ့ဖုန်တွေများနေတဲ့အခါ သေသေချာချာရှင်းလင်းပေးဖို့လိုပါတယ်။ဒါတွေရှိလို့ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့။ ပင့်ကူမျှင်တွေနဲ့ဖုန်တွေများလာတဲ့အခါ အသက်ရှူလမ်းကြောင်းထဲလွယ်လွယ်ဝင်ရောက်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေအထိဖြစ်စေနိုင်ပါတယ်။အခုဆိုရင်တော့ ကိုဗစ်ကာလကြီးမှာ အိမ်မှာပဲ အလုပ်တွေပိနေတဲ့သူ ‌တွေအတွက်လည်း နည်းလမ်းလေးတွေလည်း ရှိပါသေးတယ်။ အရင်ကတော့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးထိခိုက်စေမယ့် အရာမျိုးလိုပေါ့။ ဒါပေမယ့်လည်း အိမ်မှာ Work From Home လုပ်လည်း ဒါတွေကို လိုက်နာရမှာပါ 
 
 ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ

ငွေရေးကြေးရေး အဆင်ပြေချင်တဲ့သူတိုင်း သိထားသင့်တဲ့ ဝင်ငွေရရှိနိုင်မယ့် လမ်းကြောင်း(၇)ခု

အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ

အိမ်ထဲမှာ ရေစိုအဝတ်လှန်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ
 
 
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)