သစ်ပင်ပန်းမန်လေးတွေဟာ အမြင်လှရုံ၊ လေထုကို သန့်စင်ပေးရုံတင် မဟုတ်ပါဘူး။ 

အိမ်ရာဝန်းကျင်မှာ အသက်ဝင်အောင်၊ ခံစားချက်တွေ လတ်ဆတ်အောင်လည်း သူတို့က လုပ်ပေးနိုင်ပါတယ်။ ဒါအပြင် ဖုန်းရွှေနည်းအရ သူတို့ကို သေချာစိုက်ပျိုးမယ်ဆိုရင် အိမ်ရဲ့ စီးပွားလာဘ်လာဘတွေကိုပါ တိုးစေပါသေးတယ်တဲ့။ သစ်ပင်မရှိတဲ့ အိမ်တစ်လုံးကို စိတ်ကူးယဉ်ကြည့်ပါ။ နွေရာသီမှာ အပင်တွေမရှိ ခြောက်ကပ်နေတဲ့ ရှုခင်းဟာ လူကို ပင်ပန်းစေသလိုပါပဲ။ 

အပင်တွေနဲ့ လူတွေကြားမှာ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ သစ်ပင်ပန်းမန်တွေဟာ အသက်ရှိသလို အသက်လည်း ရှူကြတဲ့ သက်ရှိအရာတွေ ဖြစ်ပါတယ်။ သူတို့ဟာ အိမ်အများစုမှာ ချိတ်ဆွဲထားလေ့ရှိတဲ့ ငါးနှစ်ကောင်ရုပ်ပုံ ပိုစတာ၊ လှိမ့်ဝင်တည်သုံး စဉ့်ရုပ်တုလေးတွေထက် ဖုန်းရွှေစွမ်းအင် ပိုမြင့်ပါတယ်။ ဘယ်လိုစွမ်းအင်တွေလည်းဆိုတော့ - 

- စွမ်းအင်ကို တိုးမြှင့်ပေးခြင်း

သစ်ပင်ပန်းမန်တွေဟာ ကြည့်လိုက်တာနဲ့ မျက်စိအေးပြီး relax ဖြစ်စေသလို တက်ကြွတဲ့ခံစားချက်နဲ့ စွမ်းအင်တို့ကို ထုတ်လုပ်ပေးနိုင်ကြောင့် အပင်နဲ့ အနီးတဝိုက်နေထိုင်သူတွေကို တက်ကြွပြီး fresh ဖြစ်တဲ့ ခံစားချက်ဖြစ်အောင် ဖန်တီးပေးပါတယ်။ 



- ဖုန်းရွှေဓာတ်ကြီးငါးပါးကို ထိန်းညှိပေးခြင်း

အပင်တွေအားလုံးဟာ သစ်သားဓာတ်နဲ့ သက်ဆိုင်ပါတယ်။ သစ်သားဓာတ်ရဲ့ သဘောဟာ စွမ်းအင်တွေကို စုပ်ယူထားနိုင်တာကြောင့် အိမ်ထဲမှာကောင်းတဲ့စွမ်းအင်တွေကို ကြာကြာထိန်းသိမ်းထားနိုင်ပြီး ရင်းနှီးခင်မင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေကိုလည်း တိုးစေပါတယ်။

နောက်ပြီး အပင်တွေကို အိမ်တွင်းမှာ စိုက်ပျိုးမယ်ဆိုရင် ဘယ်လိုနေရာမျိုးတွေမှာ ထားရှိအလှဆင်ထားတာ အကောင်းဆုံးလဲဆိုတော့

- စားသောက်ခန်း

စားသောက်ခန်းထဲမှာ သစ်ပင်ပန်းမန်တွေ ထားရှိတာဟာ တစ်မိသားစုလုံးရဲ့ ငွေကြေးကံကို တိုးတက်စေနိုင်တယ်လို့ ဖုန်းရွှေနည်းမှာ ဖော်ပြထားပါတယ်။ 

- ဧည့်ခန်း

ဧည့်ခန်းထဲမှာ စိမ်းစိမ်းစိုစို အပင်လေးတွေ မြင်ရတာဟာ စိတ်ကြည်လင်စရာပဲ မဟုတ်လား။ အပင်တွေဟာ အိမ်သားတွေရော၊ အိမ်ကိုလာတဲ့ ဧည့်သည်တွေအတွက်ပါ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ကျန်းမာရေးအရလည်း အပင်က လတ်ဆတ်တဲ့လေထုကို ထုတ်လုပ်ပေးတာကြောင့် လေထုသန့်စင်ပြီး အနံ့အသက်ဆိုးတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ 

- စာဖတ်ခန်း၊ အလုပ်ခန်း

သစ်ပင်တွေဟာ သင်ယူလေ့လာနိုင်စွမ်း မြင့်မားစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေတာကြောင့် စာသင်ခန်းနဲ့ အလုပ်ခန်းတွေမှာ ထားရှိခြင်းဟာ လေ့လာမှုတွေကို အထောက်အကူဖြစ်စေမှာပါ။

ကဲ....ဒီဆောင်းပါးလေးကို ဖတ်ပြီး အိမ်မှာ Indoor plant လေးတွေနဲ့ စိမ်းစိုပြီး လာဘ်ကောင်းတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးကြမယ်နော်။

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)