ဖုန်းရွှေနည်းပညာဟာ တရုတ်ရိုးရာ သီအိုရီတစ်ခုဖြစ်ပါတယ်။ 

စွမ်းအင်တွေကို လေ့လာတာဖြစ်ပြီး ကောင်းတဲ့ စွမ်းအင်တွေ ကိုယ့်ရဲ့ နေအိမ်ဝန်းထဲမှာ ကျရောက်နေအောင် တည့်မတ်ပေးတဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။ ရှင်းလင်းမြင်သာအောင် ပြောရမယ်ဆိုရင် ဘုရားကျောင်းကန် နေရာတွေဟာ လူတွေ ကောင်းမှုကုသိုလ်ယူဖို့အတွက် လာရောက်ရာနေရာဖြစ်လို့ ကောင်းတဲ့ ကံတွေ စုဝေးပါတယ်။ သင်္ချိုင်းကုန်းလို နေရာမျိုးကတော့ ပူဆွေးသောကရောက်နေသူတွေသာ လာရောက်ကြတာ များတာကြောင့် မကောင်းတဲ့ ကံတွေ စုနေပါတယ်။ 

ဒီလိုပါပဲ ဆဲဆိုနေတတ်သူနားမှာ မကောင်းတဲ့ စွမ်းအင်တွေ ကိန်းနေတတ်သလို စိတ်ကောင်းရှိတဲ့သူမှာလည်း ကောင်းတဲ့စွမ်းအင်တွေ ကိန်းဝပ်နေတတ်ပါတယ်။ ကိုယ့်နေအိမ်ဝန်းကျင်မှာဆိုရင်လည်း မမြင်ရတဲ့ စွမ်းအင်တွေ အများကြီးရှိပါတယ်။ ဒါကို ဖုန်းရွှေနည်းနဲ့ ချိန်ညှိပြီး ကောင်းတဲ့စွမ်းအင်တွေ ကိန်းဝပ်အောင် လုပ်ဆောင်ကြရပါတယ်။ 

ဖုန်းရွှေ ချိန်ညှိရာမှာ အရောင်တွေကလည်း အခြေခံအုတ်မြစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အရောင်တွေမှာလည်း စွမ်းအားရှိလို့ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဖုန်းရွှေနည်းအရ ၂၀၂၄ ခုနှစ်အတွင်း ကံကောင်းစေမယ့် အရောင်တွေကိုဖော်ပြလိုက်ပါတယ်။ 

မြစိမ်းရောင်

မြစိမ်းရောင်ဟာ အေးမြတဲ့ သဘောကို ဆောင်ပါတယ်။ ကျက်သရေရှိတဲ့ အရောင်ဖြစ်ပြီး သိမ်မွေ့မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါအပြင် မြစိမ်းရောင်ဟာ အစိမ်းရောင်နဲ့ အပြာရောင်ရောစပ်ထားတာကြောင့် သစ်သားဓာတ်ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ သစ်သားဓာတ်ကို ဆောင်ထားမယ်ဆိုရင် သဘာဝနဲ့ ဆက်သွယ်မှုကို ပျိုးထောင်နိုင်ပြီး စိတ်ကို ငြိမ်းချမ်းမှု ပေးနိုင်မှာပါ။  မြစိမ်းရောင်ဟာ ၂၀၂၄ ခုနှစ်အတွက် ကံကောင်းတဲ့ အရောင်တစ်ခု ဖြစ်တယ်လို့ ဖုန်းရွှေက ဆိုထားပါတယ်။ 



ရွှေ

ရွှေကိုကြိုက်တဲ့သူတွေအတွက် ဒါက သတင်းကောင်းတစ်ခု ဖြစ်မှာပါ။ ရွှေဟာ ၂၀၂၄ ခုနှစ်ရဲ့ကံကောင်းတဲ့ အရောင်တွေထဲမှာ ပါဝင်နေပါတယ်။ ကံကောင်းချင်တဲ့ နေ့တွေမှာ ရွှေလက်ဝတ်ရတနာတွေ ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ရွှေရောင်အဆင်ဒီဇိုင်းတွေ ဝတ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ဒီတောက်ပြောင်တဲ့ ရွှေရတနာတွေဟာ ပေါကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်။ သင့်စီးပွားရေးအတွက် အရေးကြီးတဲ့ အခြေအနေတွေမှာ ရွှေကို ဝတ်ဆင်သွားသင့်ပါတယ်။

အနီရောင်

တရုတ်နိုင်ငံမှာ အနီရောင်ဟာ မင်္ဂလာအရောင် ဖြစ်ပါတယ်။ အနီရောင်ဟာ မီးဓာတ်ကို ကိုယ်စားပြုပြီး တက်ကြွခြင်း၊ စိတ်အားထက်သန်ခြင်းနဲ့ အခွင့်အလမ်း ကျယ်ပြန့်ခြင်းကို ဖော်ညွှန်းပေးပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကိုယ်ရေးကိုယါတာကိစ္စတွေ၊ ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုတွေအတွက် အနီရောင် ပါဝင်တဲ့ ဝတ်စုံကို ဝတ်ဆင်သွားသင့်ပါတယ်။ 

ဒီဆောင်းပါးလေးဟာ စာဖတ်သူတို့အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။ မိတ်ဆွေများအားလုံး ရည်မှန်းချက်တွေ အောင်မြင်ပြီး ကံကောင်းခြင်းတွေ ရရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

Written By : Lily (ShweProperty.com)