၁။ မရွှေ့မပြောင်းနိုင်သော အိမ်၊မြေ၊ မြေကွက်နှင့် တိုက်ခန်း စသည်များလွှဲပြောင်းရောင်းချခြင်း နှင့် ငှားရမ်းခြင်း တို့ကို ပိုင်ရှင်ထံမှ အထွေထွေကိုယ်စားလှယ်စာ ( General Power ) သို့မဟုတ် အထူးကိုယ်စားလှယ်စာ ( Special Power ) ရရှိထားသူက တရားဝင် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

မှတ်ချက်။ ကိုယ်စားလှယ်စာပေးသူ သေဆုံးသွားပါက ကိုယ်စားလှယ်စာမှာ အာနိသင်မရှိတော့ပါ။

၂။ ပိုင်ရှင်ထံမှ ရယူသော အထွေထွေကိုယ်စားလှယ်စာ သိုမဟုတ် အထူးကိုယ်စားလှယ်စာကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်သော ကိုယ်စားလှယ်စာ ဖြစ်ရန်လိုအပ်ပါသည်။ Notary Public တွင် ပြုလုပ်သော ကိုယ်စားလှယ်လွှဲစာကို စာချုပ်စာတမ်းမှတ်ပုံတင် ရုံးက လက်ခံမည်မဟုတ်ပါ။

၃။ ပိုင်ရှင်ထံမှ ရရှိထားသော အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာဖြင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြေပုံမြေရာဇဝင်ဌာနတွင် မြေပုံမြေ ရာဇဝင် ကူးယူနိုင်ခွင့်ရှိပါသည်။



မှတ်ချက် ။ မြေပုံမြေရာဇဝင် မိတ္တူကူးယူရာတွင် ကိုယ်စားလှယ်စာပေးသူမှာ အသက်ထင်ရှား ရှိကြောင်းနှင့် ကိုယ်စားလှယ်စာ ရရှိသူကို သိရှိကြောင်း သက်သေ ( ၂ )ဦး၏ ကျမ်းကျိန်လွှာ ပူးတွဲပါရှိရပါသည်။

၄။ အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာဖြင့် အိမ်၊ မြေ သို့မဟုတ် မြေကွက်ရောင်း ချသည့် ကိစ္စဖြစ်ပါက ကိုယ်စား လှယ်စာ ရရှိသူသည့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ပြုလုပ်သည့်အခါ ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှားရှိကြောင်းနှင့် စပ်လျဉ်း၍ တရားရုံး၌ ပြုလုပ်သော ကျမ်းကျိန်လွှာကိုပါ ပူးတွဲတင်ပြရန် တာဝန်ရှိပါသည်။ အကြောင်းမှာ ကိုယ်စားလှယ်စာပေးသူ သေဆုံးသွားပါက ကိုယ်စားလှယ် စာမှာ အသက်မရှိတော့၍ ကိုယ်စားလှယ်ရရှိသူအနေဖြင့်လည်း ဥပဒေအရ ဆောင်ရွက်ခွင့်တစ်စုံတစ်ရာ မရှိ တော့ပါ။

၅။ အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာ ရရှိသူသည် ပိုင်ရှင်၏ ကိုယ်စား ဆောင် ရွက်ခြင်းဖြစ်၍ ပိုင်ရှင်၏ ရပိုင်ခွင့်နှင့် တာဝန်များကို လက်ခံဆောင်ရွက် နိုင်ပါသည်။

၆။ အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စာလှယ်စာရရှိသူသည် ရောင်းသူ၏ နေရာတွင်သာ ဆောင်ရွက်ခွင့်ရှိပြီး ဝယ်သူအနေဖြင့် စာချုပ်ချုပ်ဆိုနိုင်ခွင့်မရှိပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ရောင်းသူက ကိုယ် စားလှယ်အနေဖြင့် ဆောင်ရွက်ရာတွင် တစ်ချိန်တည်း ဝယ်သူအနေအဖြင့် ပါဝင်ဆောင်ရွက်ခွင့်ကို စာချုပ် စာတမ်းမှတ်ပုံတင်ရုံးက ခွင့်မပြုကြောင်း သတိပြုသင့်ပါသည်။



၇။ အိမ်၊ မြေ သို့မဟုတ် မြေရောင်းချရန် ကိစ္စအလို့ငှာ ပိုင်ရှင်က အထူးကိုယ်စားလှယ်ပြုလုပ် ပေးလျှင်လုံ လောက်ပါသည်။ အထွေထွေကိုယ်စား လှယ် ပြုလုပ်ပေးလျှင်လုံလောက်ပါသည်။ အထွေထွေကိုယ်စားလှယ်မှာ ပိုင်ရှင်၏ ပစ္စည်းအရပ်ရပ်အပေါ် စီမံခန့်ခွဲခွင့်ရှိသည့် ကိုယ်စားလှယ်စာမျိုး မပေးသင့်ပါ။

[ ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည်များ ရောင်းချ ခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၆ ] ။ 

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့်အချက်များ

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စုပေါင်းကျခံရမည့် ကန်ထရိုက်တိုက် အဆောက်အအုံ ပြင်ဆင်စရိတ်စနစ်

အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်

အိမ်မြေ ဝယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုလျှင်

Credit By: DVB Lawlab
Posted By : Sint Sint (ShweProperty.com)