အိမ်ဝယ်ရာမှာသာမက အိမ်ငှားရာမှာလည်း တိုက်ရဲ့လူနေထိုင်ခွင့် BCC ကို စစ်ကြည့််ဖို့ လိုပါတယ်။ အထူးသဖြင့် တိုက်အသစ်စက်စက်တွေမှာ ကိုယ်က ပထမဆုံး ငှားရမ်းသူ ဖြစ်နေရင် ပိုပြီး သတိထားသင့်ပါတယ်။ BCC မကျသေးတဲ့ တိုက်တွေဟာ ဈေးသက်သာသလို ငှားရင်လည်း အိမ်ငှားခ သက်သာပါတယ်။ ဒါပေမယ့် ဖြစ်လာနိုင်မယ့် ပြဿနာတွေကို သေချာမသိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ 

ဒီတော့ BCC မကျသေးတဲ့ တိုက်တွေမှာ နေတော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။ 

- BCC မကျသေးတဲ့ တိုက်မှာ နေထိုင်တဲ့ အိမ်ငှားအတွက် ဥပဒေ တိုက်ရိုက် ကျရောက်တာမျိုး ရှိလား? 
 ဥပဒေအရ လူနေထိုင်ခွင့်ရမှ အဆောက်အအုံထဲမှာပဲ ဝင်ရောက်နေထိုင်ခွင့်ရှိပါတယ်။ တစ်ခါတစ်လေမှာ ကန်ထရိုက်က အကြောင်းအမျိုးမျိုးကြောင့် ဆောက်လက်စ တန်းလန်း ဖြစ်နေတဲ့ တိုက်တွေမှာဆိုရင်လည်း BCC မကျနိုင်သေးပါဘူး။ ဒီလိုဆိုရင် အိမ်ဝယ်မယ့်သူတွေကတော့ တက်နိုင်သလောက် ရှောင်ကြပါတယ်။ အိမ်ငှားအတွက်ကတော့ အိမ်ရှင်နဲ့ စာချုပ်ချုပ်ထားတာ ဖြစ်တဲ့အတွက် ဥပဒေ တိုက်ရိုက်ကျရောက်တာမျိုးတော့ မရှိပါဘူး။ 

- စည်ပင်က လာစစ်တဲ့အခါ လူနေ ထိုင်ခွင့်မရသေးဘဲ ဝင်နေတာကို သိရင် အရေးယူနိုင်လား? 
ဒါကတော့ တိုင်တန်းမှု တစ်စုံတစ်ရာရှိလို့ စည်ပင်က လာစစ်တဲ့အခါ အိမ်ငှားပေမယ့်လည်း အရေးယူ ခံရနိုင်ပါတယ်။ သို့ပေမယ့် ကြုံထောင့်ကြုံခဲပါပဲ။ 



BCC မကျသေးဘဲ နှောင့်နှေးနေရတဲ့ အကြောင်းအရင်း ၂ ချက်
------------------------------------------------------------------

ပထမ အချက် - စည်ပင်မှ ပြဌာန်းချက်များနဲ့ မကိုက်ညီဘဲ ဆောက်လုပ်မှု အရည်အသွေးညံ့ဖျင်းခြင်း။  
ဒုတိယအချက် -  အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) အရ - " မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်" ဆိုပြီး ပြဌာန်းထားတာကြောင့် ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ်ဆေးပြီး မူလခွင့်ပြုချက်နဲ့တကွ သက်ဆိုင်ရာ စည်းကမ်းချက်မျာနဲ့ ကိုက်ညီရင် လူနေထိုင်ခွင့် ခွင့်ပြုနိုင်ပါတယ်။ ဒါ့အပြင် အဆောက်အဦးတစ်ခု ဆောက်လုပ်ပြီဆိုရင် စတင်ဆောက်လုပ်ခွင့် ပါမစ်ရစဉ်မှစ သတ်မှတ်ထားတဲ့ ကာလတစ်ခု( ဥပမာ – ၈ လအတွင်း၊ ၁၂ လအတွင်း )စသည်ဖြင့် ပြီးစီးအောင် ဆောက်လုပ်ပါမယ်လို့ မြို့တော်စည် ပင်သာယာရေး ကော်မတီအဆောက် အအုံ ဌာနမှာ ဝန်ခံလက်မှတ်ထိုးရပါတယ်။ သို့ပေမယ့် သတ်မှတ်ချိန်အတွင်း မပြီးတဲ့အခါ သက်ဆိုင်ရာက စိစစ်ပြီး ဒဏ်ငွေရိုက်ရင် ငွေများစွာ ကုန်ကျမှာ ဖြစ်တဲ့အတွက် အဆောက်အဦးကို လူနေထိုင်ခွင့် မလျှောက်တော့တာမျိုး ရှိတတ်ပါတယ်။ 

မည်သို့ပင်ဖြစ်စေ ... နေအိမ်တိုက်ခန်း၊ ကွန်ဒို ဝယ်မယ်၊ ငှားနေမယ်ဆိုရင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်း မဖြစ်ရအောင် BCC ကို စစ်ပြီးမှသာ ငှားရမ်း/ ဝယ်ယူသင့်ကြောင်း အကြံပေးလိုက်ပါတယ်။ 

Posted By : John (ShweProperty.com)