အိမ်ဆိုတာဟာ တွေးလိုက်ရုံနဲ့ ရင်ထဲနွေးသွားအောင် အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေ ရှိနေတတ်တဲ့နေရာပါ။ ဒါဟာ အိမ်မှာရှိတဲ့ လူတွေကြောင့်လည်း ဖြစ်ပေမယ့် အိမ်တစ်အိမ်ရဲ့ အပြင်အဆင်နဲ့ ပစ္စည်းတွေရဲ့ အထားအသို ဖွဲ့စည်းပုံတွေဟာလည်း နေအိမ်အတွက် ပျော်စရာ vibe တစ်ခုကို ပေးနိုင်ပါတယ်။ ပျော်စရာနေရာတစ်ခုဟာ ဖုန်းရွှေနည်းအရ ဆိုရင်လည်း ကြည်လင်တဲ့၊ လာဘ်ကောင်းတဲ့ အဓိပ္ပာယ်ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ အဲဒီ happy vibe လေး အိမ်ထဲမှာ အမြဲစီးဆင်းနေစေဖို့ ရှေးခေတ်တရုတ်ရိုးရာ ဖုန်းရွှေနည်းအရ ရှောင်သင့်တဲ့ အရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

ရှုပ်ယှက်ခတ်နေတဲ့ အရာတွေကို အိမ်ထဲမှ ရှင်းပစ်ပါ

မခေါက်ရသေးတဲ့ အဝတ်ပုံတွေ၊ မရှင်းရသေးတဲ့ အိမ်ခေါင်နားက ပင့်ကူမျှင်တွေ၊ အသုံးဝင်နိုးနိုး သိမ်းထားတဲ့ ပစ္စည်းအဟောင်းတွေဟာ အိမ်ရဲ့ စွမ်းအင်ကောင်းတွေကို ဖျက်ဆီးပစ်နေတယ်ဆိုတာ သတိထားမိရဲ့လား။ ဖုန်းရွှေနည်းအရ ရှုပ်ပွနေခြင်းတွေဟာ နေအိမ်ထဲ စွမ်းအင်စီးဆင်းမှုကို ဟန့်တားစေတယ်လို့ ဆိုထားပါတယ်။ အဲဒီအရာတွေက လူကိုပင်ပန်းစေတယ်၊ အိပ်ငိုက်စေတယ်၊ လန်းဆန်းတဲ့ vibe ကို ဖျောက်ပစ်နိုင်လို့ ရှောင်သင့်ပါတယ်နော်။ 

တံခါးမကြီးနဲ့ လမ်းတစ်လျှောက် အနား အတားအဆီးတွေ မရှိပါစေနဲ့

တချို့ တိုက်ခန်းအိမ်ရာတွေမှာဆိုရင် အိမ်ရှေ့အဝင်တံခါးမကြီးနဲ့လမ်းကြောင်းကို ဆက်တီခုံနဲ့ ကန့်လန့်ခံထားမိတာမျိုး ရှိပါတယ်။ ဒါဟာ သတိမထားမိတဲ့ အမှားပါ။ အိမ်ရဲ့အဝင်ပေါက်ဟာ ကောင်းတဲ့စွမ်းအင်တွေ စီးဆင်းရာ နေရာဖြစ်တာကြောင့် သူလာမယ့်လမ်းကြောင်းကို ရှုပ်ယှက်ခက်နေတာမျိုး၊ အတားအဆီး ဖြစ်စေတာမျိုး မလုပ်သင့်ပါဘူး။



အိမ်အတွင်း လူသွားလမ်းတွေမှာ အတားအဆီးမရှိပါစေနဲ့

အိမ်အတွင်း အိမ်ရှေ့မှအိမ်နောက်၊ အိမ်ရှေ့မှ အိပ်ရာခန်း စသဖြင့် လူသွားလူလာများတဲ့ လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီလမ်းကြောင်းတွေမှာ အမှိုက်တွေ ပုံနေမိတာမျိုး၊ အမှိုက်မလှဲမိတာမျိုး၊ လမ်းကြောင်းပိတ်အောင် ပစ္စည်းတွေ ထားတာမျိုး မလုပ်သင့်ပါဘူး။ လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း ဖွင့်ထားမှသာ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ ကြီးပွားတိုးတက်ခြင်းတွေ နေအိမ်ထဲ ကောင်းမွန်တဲ့ စွမ်းအင်တွေ ဝင်ရောက်ဖို့ လွယ်ကူမှာဖြစ်ပါတယ်။ 

အလင်းရောင်ကောင်းကောင်းမရအောင် ပိတ်လှောင်ထားခြင်း

အိမ်ခန်းထဲမှာ အလင်းရောင်ကောင်းကောင်း မရရင် စိုထိုင်းထိုင်းနဲ့ အနံ့အသက် မကောင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတာက ဒါဟာလည်း ဖုန်းရွှေ အရ မကောင်းတဲ့ စွမ်းအင်တွေ ကိန်းဝပ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေကို တတ်နိုင်သမျှဖွင့်ပါ။ အခန်းထဲ အမွှေးနံ့သာ ပတ်ဖြန်းပေးသင့်ပါတယ်။

ပျော်ရွှင်တဲ့ မိသားစုတွေနေတဲ့ အိမ်ဟာ စီးပွားလာဘ်လာဘတွေ တိုးအောင်ဖိတ်ခေါ်နိုင်စွမ်းရှိပါတယ်။ တကယ်လို့ အိမ်မှာ အငွေ့အသက်တွေက ခံစားလို့ မကောင်း ဖြစ်လာတယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ ဖုန်းရွှေနည်းတွေအတိုင်း လုပ်ပြီး ကောင်းတဲ့စွမ်းအင်လေးတွေ ပြန်လည်စီးဆင်းလာအောင် ဆောင်ရွက်နိုင်ပါတယ်နော်။

Written By : Lily (ShweProperty.com)