မိသားစုတစ်ခုမှာ လူကြီး၊ လူငယ်၊ ကလေး မရွေး ရှိနိုင်ပြီး ကိုယ့်အိမ်က မိသားစုဝင်တစ်ဦးချင်းအလိုက် ဖြစ်တတ်တဲ့ အရေးပေါ် ရောဂါတွေ အခြေအနေတွေအတွက် ဆေးဝါးတွေဆိုတာ အရံသင့်ဆောင်ထားသင့်ပါတယ်၊ မိမိအိမ်မှာ မဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဝါးတွေက ဘာတွေလဲ၊ ဆေးဝါးဆောင်မယ်ဆို ဘယ်လိုအချက်တွေ ကိုကြည့်ပြီး ဘယ်လိုဆေးဝါးတွေ ဆောင်သင့်ပါသလဲ..စတာတွေကို Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက အခုလို အကြံပြုထားပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်တဲ့ဆေးတွေဆောင်ပါ
ကိုယ်က ဘာရောဂါဖြစ်တတ်သလဲ။ အစာအိမ်အောင့်တတ်တာလား။ အစာမကြေတာလား။ ခေါင်းခဏခဏ ကိုက်တတ်တာလား အစရှိတဲ့ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်တဲ့ ဆေးတွေဆောင်ပါ။

 ဥပမာ- အိမ်ရှင်မတွေဆို ဓါးရှတာ၊ အပူလောင်မျိုးတွေ ဖြစ်တတ်တဲ့အတွက် ထိခိုက်မှုကို ကာကွယ်ပေးတဲ့ ဆေးဝါးတွေဆောင်သင့်ပါတယ်။ မိသားစုဝင်တိုင်းအတွက် ဖြစ်တတ်တဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်သင့်တဲ့ ဆေးဝါးကို ရွေးချယ်ရပါမယ်။
ဆေးဝါးကို ဘယ်လိုနေရာမျိုးမှာထားရမလဲ
အဲဒီဆေးကို ဘယ်လို နေရာမှာထားမလဲ ဆိုတာမျိုး စဥ်းစားရပါမယ်။ ဆေးတွေကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မထားသင့်ပါဘူး။ ဆေးတွေကို နေရောင်နဲ့ တိုက် ရိုက်ထိတွေ့စေပါက ဆေးအာနိသင် လျော့ကျစေနိုင်ပါတယ်။ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ဆောင်ထားတဲ့ ဆေးဝါးတွေကို အေးမြခြောက်သွေတဲ့ နေရာတွေမှာထားပါ။

နောက်ပြီး ကလေးတွေနဲ့ အတတ်နိုင်ဆုံးဝေးတဲ့နေရာမှာထားသင့်ပါတယ်။ ကလေးက မတော်လို့ ပါးစပ်ထဲထည့်မိတာဆို အသက်အန္တရာယ်ထိခိုက်စေတဲ့ ဆေးမျိုးဆို ပြဿနာရှိနိုင်ပါတယ်။ဒါကြောင့်မို့ ကလေးသူငယ်တွေမမီနိုင်တဲ့ နေရာတွေမှာထားပါ။

ဆောင်မယ့်ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ မတည့်တဲ့အရာတွေကိုလေ့လာပါ
ကိုယ်က ဒီဆေးကို ရွေးလိုက်ပြီဆိုတာနဲ့ ဒီဆေးနဲ့ ကိုယ်က ဓာတ်မတည့်လား၊ တည့်လားဆိုတာ သိသင့်ပါတယ်။ တချို့ကျတော့ပါရာစီတမောနဲ့ မတည့်တာ၊ ပိုးသတ်ဆေးတွေနဲ့ မတည့်တာမျိုး တွေ ရှိတတ်ပါတယ်။ တခြားဘာဆေးနဲ့ မတွဲသင့်ဘူးဆိုတာလည်း သိသင့်ပါတယ် ။ အဓိကက ကိုယ်နဲ့တည့်လား မတည့်လား သိသင့်ပါတယ်။ ဒီဆေးရဲ့ Side Effect ကိုလည်း သိသင့်ပါတယ်။ 


နောက်ပြီး ကိုယ်က ကလေးကို တိုက်မယ်ဆို ကလေးကို ဘယ်လောက် ပမာဏတိုက်သင့်လဲ ဆိုတာ အချိုးအစားကို သေချာသိရပါမယ်။ အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် အစာအိမ်သမားကို တိုက်မယ်ဆို ဒီဆေးကအစာအိမ်သမားနဲ့ တည့်လား။ အသက်ကြီးတဲ့သူသောက်လို့သင့်လားဆိုတဲ့ အညွှန်းတွေကို သေချာသိထားသင့်ပါတယ်။
ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာအလိုက် ဆောင်ထားသင့်တဲ့ဆေးဝါးများ
၁။ အစာအိမ်အောင့်တတ်တဲ့သူတွေအနေနဲ့ အစာအိမ်ဆေးဝါးများ

၂။ ခေါင်းမကြာခဏကိုက်တတ်သူတွေ အတွက် (ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး)

၃။ မကြာခဏထိခိုက်သူတွေအတွက် (ဂွမ်း၊ပတ်တီးလိပ်၊ အရက်ပြန်နဲ့ ဘီတာဒင်းကဲ့သို့အနာထည့်ဆေး)

၄။ ဝမ်းချုပ်တတ်သူတွေအတွက် ဝမ်းပျော့ဆေးများ

၅။ ရောဂါအခံရှိသူတွေအတွက် သက်ဆိုင်ရာဆေးဝါးများ

ဒါပေမယ့် မိမိဖြစ်တဲ့ ‌ရောဂါက ကိုယ့်အိမ်မှာဆောင်ထားတဲ့ ဆေးဝါးတွေနဲ့ မလုံလောက်ဘူးဆိုပါ ဆေးရုံ၊ ဆေးခန်းဆီ တိုက်ရိုက်လာသင့်ပါတယ်။ အလွယ်တကူ စပ်‌ဆေးတွေ မသောက်သင့်ပါဘူး။ နောက်တစ်ခုသတိပြုရမှာပါက အိမ်မှာဆေးဝါးဆောင်တဲ့အခါ ဆေးပြင်းတွေကိုတော့ ဆရာဝန်ခွင့်ပြုချက်မပါဘဲ မဆောင်သင့်ပါဘူး။

စပ်ဆေးတွေ ဘာကြောင့်မသောက်သင့်တာလဲ
၁။ စပ်ဆေးဆိုင်တွေဟာ ဆေးအကြောင်းပဲ သိပြီး လူနာအကြောင်းမသိပါ။

၂။ ကိုယ်နဲ့ မတည့်တဲ့ ဆေးတွေကို စပ်ဆေးထဲပါဝင်လာရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ 

ဒီလောက်ဆိုရင်တော့ အိမ်မှာဆောင်သင့်တဲ့ဆေးဝါးတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိရှိသွားပြီလို့ ယူဆပါတယ်။ နောက်တစ်ခု သတိပြုစေချင်တာက ဆေးဝါးတွေမှာ သက်တမ်းကုန်ဆုံးရက်ရှိတာကြောင့် ဆေးတွေဆောင်ထားတာ တစ်နှစ်နီးပါးကြာပြီဆိုရင် ဆေးဝါးသက်တမ်းတွေကို သေချာစစ်ဆေးပြီး သက်တမ်းကုန်ဆုံးတဲ့ ဆေးဝါးတွေကို မသုံးစွဲမိအောင် လွှင့်ပစ်ဖယ်ရှားဖို့လည်း မမေ့ပါနဲ့နော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု(၉)ခု

သင့်အိမ်က အခန်းတွေကို ပိုတောက်ပသွားစေမယ့် အရောင် (၈)မျိုး

ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့

ဖုန်းရွှေနည်းအရကွန်ဒိုများကို အလှဆင်ခြင်း


Credit By :duwun
Posted By : Chan Myae (ShweProperty.com)