ဂရန်မြေဟာ အိမ်ခြံမြေ လောကမှာ အခိုင်မာဆုံး မြေပိုင်ဆိုင်မှု အထောက်အထားတစ်ခု ဖြစ်ပါတယ်။ ဂရန်မြေ လျှောက်ထားရာမှာ ဘာတွေလိုအပ်တယ်၊ ဘာတွေသိထားဖို့ လိုတယ်ဆိုတာကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။ 

ဂရမ်မြေ ဆိုတာဟာ အစိုးရ စည်ပင်သာယာရေးကော်မတီမှ တရားဝင် နှစ်(၃၀)၊ နှစ်(၆၀)၊ နှစ်(၉၀)စသဖြင့် အဌားချထားတဲ့ မြေကွက်များကို ဆိုလိုပါတယ်။ 

ဂရမ်မြေဟာ အစိုးရမှ အဌားချထားတာ ဖြစ်တာကြောင့် မြေဌားဂရမ်လို့လည်း ခေါ်ဆိုပါတယ်။ ဒါကြောင့် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရပါတယ်။ ဒါကြောင့် (၃)လတစ်ကြိမ် မြေခွန်ဆောင်ရခြင်း၊ အဆောက်အအုံဆောက်လိုရင် စည်ပင်ကို ပုံစံတင်ရခြင်း၊ ခွင့်ပြုတဲ့ ပုံစံအတိုင်း ဆောက်ရခြင်း၊ အဆောက်အအုံပြီးရင် ဆောက်အအုံခွန် (၃)လတစ်ကြိမ် ဆောင်ရခြင်းတို့ ရှိပါတယ်။  မြေဌားစာချုပ်အရ မြေအောက်မှာ ကျောက်မြတ်ရတနာ အရင်းအမြစ်တွေ တွေ့ရှိခဲ့ရင်လည်း အစိုးရကိုပြန်ပေးရတာမျိုး ရှိပါတယ်။ 

ဂရန်မြေလျှောက်ထားခြင်း

မြေငှားဂရန် မှာ (က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနဲ့ (ခ)မူလဂရန်ရှိပြီးမြေကို အကြောင်းအရာ အမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ 
(က) အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်းမှာလည်း (၁) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက် များအား ဂရန်သစ်ထုတ်ပေးခြင်း နဲ့  (၂) မူလမြို့ဟောင်းရှိ အနေကြာဂရန်လျှောက်ထားခြင်း မရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ်ပေးခြင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ 

( ၁ ) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးတဲ့ မြေကွက်များကို ဂရန်လျှောက်ထားရာမှာ မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းတဲ့ ငွေရပြေစာများ ပါရှိရင် သတင်းစာကြော်ငြာခြင်းမပြုစေဘဲ အချိန်သီတင်း (၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါတယ်။ 

( ၂ )  မူလမြို့ဟောင်းရှိ အနေကြာ ဂရန်လျှောက်ထားခြင်း မရှိတဲ့ အစိုးရမြေများကို ဂရန်မြေ လျှောက်ထားပါက ဦးစွာပထမမြေပုံ ရေးကူးခွင့် လျှောက်ထားရမည်ဖြစ်ပြီး မြေပုံ ရေးကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံ ချက်၊ အဆောက်အဦး ဓါတ်ပုံများနဲ့ အမှုတွဲတည်ဆောက်ပြီး သတင်းစာမှာ ကြော်ငြာကာ ကန့်ကွက်မှုအရှုပ်အရှင်း မရှိပါက (၁)လအတွင်း ဂရန်သစ်ထုတ်ပေးပါတယ်။ 



( ခ ) မူလဂရန်ရှိပြီးမြေကို အကြောင်းအမျိုးမျိုးဖြင့် ဂရန်ပြန်လည် လျှောက်ထားခြင်း
 မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံးခြင်းကြောင့်သော်လည်းကောင်း၊ လွှဲပြောင်းလိုခြင်းကြောင့်သော်လည်းကောင်း၊ ဦးပိုင်ခွဲခြင်းကြောင့်သော်လည်းကောင်း၊ ဂရန်ပျောက် မိတ္တူလျှောက်ခြင်းကြောင့်သော်လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်း လျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုးအစားအတိုင်း ဆာင်ရွက်ပါတယ်။ 
(၁) ဂရန်အမည်ပြောင်း၊
(၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောင်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း)
(၈) တောမှမြို့ပြောင်းလျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)
(၉) တောမှမြို့ပြောင်း၊ အမည်ပြောင်း(တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။)

 ၂။  အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည် ဆိုပါက

(၁) ကာယကံရှင်ရဲ့ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နဲ့ ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုမြေ ဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အဦးဓါတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊
(၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ စတဲ့ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြပေးဖို့ လိုအပ်ပါတယ်။ 

အထက်ဖော်ပြပါ ဂရန်ပြန်လည်လျှောက်ထားမှုတွေကို သတင်းစာ ကြော်ငြာပြီးနောက် ကန့်ကွက်မှု မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက်နိုင်ပါတယ်။ 
ဒီဆောင်းပါးလေးကိုတော့ စာဖတ်သူတို့ ဗဟုသုတရစေရန်အတွက် "ဥပဒေရေးရာ" Facebook Page မှ ဖော်ပြချက်များကို ကောက်နုတ်ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ 

Posted By : Ra Wai (ShweProperty.com)