အိမ်တစ်အိမ်မှာ ရုတ်တရက်ကြီး စီးပွားကျသွားမယ်၊ အိမ်သားတွေအချင်းချင်း အမြင်တွေစောင်းလာမယ်၊ ခိုက်ရန်တွေဖြစ်လာမယ်၊ နဂိုတုန်းက အေးချမ်းနေခဲ့တဲ့အိမ်က ချက်ချင်းကြီး ဆူပူ​ပြီးအိမ်တွင်းရေးမသာမယာဖြစ်နေတယ််ဆိုရင် ဒါက အတိုက်အခိုက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေ့တော့ အိမ်အတိုက်ခံရတဲ့ အခါ အတိုက်တွေချက်ချင်းလွင့်ပါးသွားစေမယ့် အစီအရင်မျိုးကို Shwe Property ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ 

 (၁) သံပုရာအစီအရင် 

သံပုရာဟာ အပူအပုတ်တွေစင်စေပြီး မကောင်းတဲ့ဓာတ်တွေကို လွင့်ပါးပြယ်ပျက်စေနိုင်တဲ့ ဓာတ်သဘောအဖြစ် နာမည်ကြီးပါတယ်။ လူထူထူနေရာတွေသွားရင် တို့ဆေးမိမခံရအောင် သံပုရာသီးတစ်လုံးလောက်ဆောင်သွားတတ်တဲ့အလေ့အထမျိုးလည်း မြန်မာလူမျိုးတွေကြားမှာ ရှိတတ်ပါသေးတယ်။ အိမ်မှာအတိုက်တွေများနေတယ်၊ ရုတ်တရက် အိမ်ပူနေတယ်ဆိုရင် မကောင်းတဲ့ဓာတ်တွေ အိမ်ထဲကိုမဝင်ရောက်စေဖို့နဲ့ အိမ်ထဲက အပူဓာတ်တွေထွက်သွားစေဖို့ သံပုရာသီးအစိမ်းတစ်လုံးကို အိမ်တံခါးဝမှာ၊ အဝင်အထွက်နေရာနားမှာ ထားပေးရပါမယ်။ သံပုရာသီးကို အိမ်တံခါးမှာ ကြိုးနဲ့တွယ်ထားတာဖြစ်ဖြစ်၊ တိပ်နဲ့ကပ်ထားတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။ သံပုရာသီးက ဝါလာပြီိဆိုရင်တော့ အိမ်နဲ့ဝေးရာမှာ စွန့်ပစ်ပေးရပါမယ်။ 

(၂)  အိမ်ရဲ့အထွဋ်အမြတ်နေရာကို သန့်ရှင်းတောက်ပြောင်အောင်ထားပါ 

အိမ်ရဲ့ ဘုရားစင်လို နေရာမျိုး၊ ဘုရားဝတ်ပြုရာနေရာမျိုးတွေမှာ ဖုန်တွေရှိနေမယ်၊ မသန့်ရှင်းတာတွေရှိနေမယ်ဆိုရင် သန့်ရှင်းပေးသင့်ပါတယ်။ အိမ်မှာ အိမ်ဆူနေပြီဆိုရင် ဘုရားစင်နဲ့အနီးတစ်ဝိုက်မှာ မရှိသင့်တာတွေရှိနေလား၊ အခြားတစ်ခုခုရှိနေလားဆိုတာကို စစ်ဆေးကြည့်ပြီး အရုပ်တွေ၊ ရုပ်တုအသေးလေးတွေနဲ့ အခြား မရှိအပ်တဲ့အရာတွေကို လွှင့်ပစ်ပေးသင့်ပါတယ်။ 

(၃) ယိုစိမ့်နေတာတွေ ဖာထေးပါ

ဖုန်းရွှေ အလိုအရဆိုရင်အိမ်ရဲ့ စွမ်းအင် (Energy)လို့ ခေါ်ပြီး မြန်မာ့ဗေဒင်ပညာမှာ ကျက်သရေလို့ခေါ်တဲ့ စွမ်းအားတစ်ခုက အိမ်တိုင်းမှာ၊လူတိုင်းမှာ ကိန်းအောင်းနေတတ်ပါတယ်။ အိမ်မှာ ယိုစိမ့်နေတာတွှေရှိမယ်၊ ပိုက်တွေ၊ ပိုက်ခေါင်းတွေ၊ အိမ်နံရံတွေ စတာတွေရှိမယ်ဆိုရင် အိမ်မှာ ပျော်ရွှင်မှုတွေ၊ ငွေတွေနဲ့ ကောင်းတဲ့အရာတွေအဖတ်မတင်ဘဲ ယိုစိမ့်သွားတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ယိုစိမ့်နေတာတွေရှိမယ််ဆိုရင်အမြန်ဖာထေးပြီး ပြုပြင်သင့်ပါတယ်။ 



(၄) အိမ်သန့်ပေးပါ 

အိမ်မှာ ပုဏ္ဏကတိုက်တာလိုမျိုး ပြင်းထန်တဲ့ အနှောက်အယှက်တွေ၊ ထူးခြားမှုတွေ ဖြစ်လာပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာတွေကို ခေါ်ပြီး အိမ်ကိုသန့်ခိုင်းလိုက်တာမျိုး၊ အိမ်ကို သံဃာငါးပါးပင့်ပြီး ဆွမ်းကျွေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ ကုသိုလ်တရားတွေ အိမ်မှာလုပ်ပေးလိုက်တဲ့အခါ အိမ်က မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားပေးလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ 

(၅) ခရီးထွက်လိုက််ပါ

တစ်ခါတစ်လေ အိမ်ထဲမှာနေတဲ့သူတွေရဲ့ Energy တွေက အိမ်ကို ကူးစက်ပြီးတော့လည်း အိမ်တွင်းရေး မသာယာတာ၊ အိမ်ပူတာတွေဖြစ်တတ်ပါတယ်။ အိမ်တွင်းမှာနေတဲ့သူတွေမှာ သာမန်ထက် လွန်ကဲတဲ့ ဖိအားတွေရှိနေတဲ့အခါ စီးပွားကျတာတွေ၊ ကံမကောင်းတာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုတွေအချင်းချင််း စာနာဖေးမပြီး စိတ်မဆင်းရဲအောင်၊ ပျော်ရွှင်နေအောင် ကူညီပေးပြီး အချင်းချင်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့နေသင့်ပါတယ်။ မိသားစုဝင်တွေမှာ ဖိအားတွေများနေမယ်ဆိုရင်မိသားစုလိုက် အပန်းဖြေခရီးခဏလောက်ထွက်လိုက်တာမျိုး လုပ်သင့်ပါတယ်။ 

ဒီနေ့ပြောပြသွားတာကတော့ အိမ်မှာကြုံနေရတဲ့ အတိုက်အခိုက်တွေလွင့်ပါးသွားစေဖို့ လုပ်သင့်တဲ့အစီအရင်နဲ့ အခြားအထောက်အကူဖြစ်မယ့် အချက်အလက်လေးတွေပဲဖြစ်ပါတယ််။
 
နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

Posted By : John (ShweProperty.com)