စီးပွားရေးမှာ ဆိုင်ခန်းတွေ တစ်ဆိုင်ပြီးတစ်ဆိုင် ပိုင်လာဖို့ဟာ မလွယ်ကူပါဘူး။ စီးပွားရေးတွေ တိုးတက်ဖို့ အတွက် ကာယ၊ ဉာဏ၊ ငွေအား စိုက်ထုတ် ထူထောင်ခဲ့ကြရသလို မပျက်မစီးဘဲ ဆက်လက်ထိန်းသိမ်းနိုင်ဖို့လည်း ကြိုးပမ်းကြရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်ရဲ့ လုပ်ဆောင်မှု ပုံစံတွေက ဆိုင်ရဲ့လာဘ်ကို ပိတ်သွားစေတဲ့ အဟန့်အတား ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ အဲဒီအရာတွေက ဘာတွေလဲ၊ စီးပွားရေး တက်စေဖို့ ဖုန်းရွှေနည်းနဲ့ ဘယ်လိုပြင်ဆင်လို့ ရနိုင်မလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။  

- ဆိုင်ခန်းထဲမှာ ရေကန်ထဲက လရိပ် ပုံစံ ပန်းချီဖြစ်စေ၊ ဓာတ်ပုံဖြစ်စေ ချိတ်ဆွဲပါ။ 
"လ" ဟာ လာဘ်ကို ကိုယ်စားပြုပါတယ်။ ရေကန်ထဲက လရိပ်ပုံ ဟာ လာဘ်ကိုချူတဲ့ သဘော ဖြစ်တဲ့အတွက် ဆိုင်ရဲ့ ငွေစီးလမ်းကြောင်းကို ကောင်းစေပါတယ်။  

- ဆိုင်ခန်းရှေ့မှာ မီးဖိုမထားပါနဲ့ 

ဆိုင်ခန်းရှေ့မှာ မီးဖိုထားပြီး ချက်ပြုတ်မှုတွေ ပြုလုပ်ခြင်းဟာ ဖုန်းရွှေနည်းအရ လာဘ်ပိတ်စေပါတယ်တဲ့။ ဒါအပြင် ဆိုင်မှာ ဝန်ထမ်းမမြဲတာ၊ ဆိုင်ရှင် ကျန်းမာရေး ချို့တဲ့တာတွေ ဖြစ်နိုင်လို့ လုံးဝမထားသင့်ပါဘူး။ 

- ဆိုင်ရဲ့ ဘုရားစင်မှာ ဘုရားပန်းတွေ မနွမ်းခြောက်နေပါစေနဲ့ 

ဆိုင်မှာပဲဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ ဘုရားစင်မှာ ဘုရားပန်းတွေ ခြောက်နေရင် လာဘ်တိတ်စေလို့ အမြန်ဆုံးလဲလိုက်သင့်ပါတယ်။ နောက်ပြီး ဘုရားစင်မှာ ဘုရားဆင်းတုတော်ကို ၁ ဆူဖြစ်စေ၊ ၃ ဆူ ဖြစ်စေသာ ထားသင့်ပါတယ်။ ၂ ဆူ မထားသင့်ပါ။ 



- တိရိစ္ဆာန် အစိတ်အပိုင်းတွေနဲ့ အလှမဆင်ပါနဲ့။
 
ဆိုင်ခန်းထဲမှာ အထူးသဖြင့် ငွေရှင်းကောင်တာ အနီးမှာ တိရိစ္ဆာန် ဦးချို၊ သားရေ စတာတွေနဲ့ အလှမဆင်သင့်ပါဘူး။ အဲဒီအရာတွေဟာ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စေတတ်ပါတယ်။ 

- ကြည့်မှန်ချိတ်ဆွဲထားပါ။

ကြည့်မှန်ဟာ မကောင်းတဲ့ အရာတွေ၊ ကံဆိုးမှုတွေကို တန်ပြန်ထွက်သွားနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် ဆိုင်တော်တော်များများမှာ ကြည့်မှန်လေးတွေ ချိတ်ဆွဲထားလေ့ရှိပါတယ်။

မိမိဆိုင်ထဲ အောက်လမ်းနဲ့ မကောင်းတာတစ်ခုခု အလုပ်ခံထားရသလို ခံစားနေရရင် အိုးအသစ်တစ်လုံးထဲ ဆားထည့်ပြီး ရေတစ်ဝက်ခန့်ထည့်ထားလိုက်ပါ။ ဆားရဲ့ ဂုဏ်သတ္တိဟာ မကောင်းတဲ့ အရာတွေ ၊ အငွေ့အသက်တွေကို စုပ်ယူနိုင်စွမ်း ရှိပါတယ်။ 

ဒီနည်းလမ်းတွေကတော့ ဖုန်းရွှေနည်းအရ သင့်ရဲ့ ဆိုင်ခန်းမှာ လာဘ်ကောင်းစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေဟာ သင့်ရဲ့ ကြိုးစားမှု၊ ဈေးကွက်ချဲ့ထွင်မှုတွေအပေါ် ပိုကောင်းမွန်စေအောင် ထောက်ပံ့ပေးနိုင်စွမ်းပဲ ရှိတာပါ။ တကယ်အောင်မြင်ဖို့ကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)