လောကမှာ လူတိုင်းလိုလိုဟာ တစ်အိုးတစ်အိမ် ထူထောင်ပြီးရင်တော့ အိမ်ထဲကို ကောင်းတဲ့ အရာတွေ၊ စီးပွားရေးတိုးတက်မှုတွေ စီးဝင်နေတာမျိုးကို လိုချင်ကြပါတယ်။ "ရတနာရှိရာ ရတနာလာ" ဆိုသလို ကိုယ့်ရဲ့အိမ်ကို ကျတ်သရေရှိစွာ ပြင်ဆင်ထားတယ်ဆိုရင် အိမ်ထဲကို မင်္ဂလာရှိတဲ့ သတင်းတွေ၊ စီးပွားလာဘ်လာဘတွေ ဝင်ရောက်လာဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် ကိုယ်တိုင်သတိမထားမိဘဲ လုပ်ဖြစ်နေတဲ့ အရာလေးတွေက အိမ်ကို လာဘ်ပိတ်စေတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါက ဘာတွေဖြစ်မလဲ။ ဖုန်းရွှေပညာရှင်တွေ ပြောပြထားတဲ့ အိမ်ကို လာဘ်တိတ်စေတဲ့ အရာတွေကို စာဖတ်ပုရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ 

- နေအိမ်ရှုပ်ပွနေခြင်း

ပစ္စည်းတွေ သူ့နေရာနဲ့သူ ရှိမနေဘဲ အိမ်ဟာ မလျှော်ရသေးတဲ့ အဝတ်အစားတွေ၊ မရှင်းလင်းရသေးတဲ့ ပင့်ကူမျှင်တွေ၊ တိုလီမုတ်စ ပစ္စည်းလေးတွေနဲ့ ရှုပ်ပွနေမယ်ဆိုရင် နေထိုင်သူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း ရှုပ်ထွေးစေပြီး ပျော်ရွှင်စရာ ရိပ်မြုံလေး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ကို ရှုပ်ပွနေတာမျိုး အဖြစ်မခံပါနဲ့။ မလိုတာတွေ စွန့်ပစ်၊ လိုအပ်တာတွေ သိမ်းဆည်းပြီး မင်္ဂလာရှိတဲ့ အိမ်ခန်းလေးဖြစ်အောင် ဖန်တီးသင့်ပါတယ်။ 

- အိမ်ရှေ့တံခါးမကြီးမှ အိမ်ထဲဝင်ရောက်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရှုပ်ပွနေခြင်း 

ဖုန်းရွှေပညာရပ်မှာ အိမ်ရှေ့တံခါးဟာ အလွန်အရေးပါပါတယ်။ "ချီ်" ဆိုတဲ့ ကောင်းတဲ့စွမ်းအင်တွေဟာ အိမ်ရှေ့တံခါးမှ ဝင်ရောက်လေ့ ရှိတာကြောင့် သူလာရာလမ်းမှာ ရှုပ်ပွနေရင်  ကောင်းမွန်တဲ့ စွမ်းအင်တွေ အိမ်ထဲကို စီးဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီနေရာ တစ်ခုလုံး ပြောင်ပြီးရှင်းလင်းနေစရာ မလိုပါဘူး။ ဒါပေမယ့် ပစ္စည်းတွေဟာ သူ့နေရာနဲ့သူ ရှိနေသင့်ပါတယ်။ ဥပမာ - ချွတ်ထားတဲ့ ခြေအိတ်က ဧည့်ခန်းထဲ ရောက်နေတာမျိုး၊ မီးဖိုချောင်သုံး ယောင်းမက ဆိုဖာခုံပေါ် ရောက်နေတာမျိုးကို ဆိုလိုပါတယ်။ 



- အပျက်သဘောဆောင်တဲ့ ပစ္စည်းများ

အိမ်ရဲ့ ဧည့်ခန်းမှာ ကွဲအက်နေတဲ့မှန်ကို လွှင့်မပစ်ဘဲ ဆက်ချိတ်ထားခြင်း၊ ထိုင်ခုံ ၁ လုံးထဲ ချထားခြင်း၊ ဧည့်ခန်းမှာ ချိတ်ထားတဲ့ ပုံတွေမှာ တစ်ယောက်တည်းပုံတွေ၊ အထီးကျန်တဲ့ပုံတွေ ချိနတ်ဆွဲထားတာ များနေတယ်ဆိုရင် စီးပွားလာဘ်လာဘတွေ ဝင်ရောက်ဖို့ ပျင်းသွားပါလိမ့်မယ်။ 

- အလင်းရောင် ကောင်းကောင်းမရခြင်း

အလင်းရောင် ခပ်မှိန်မှိန်ပဲ ရနေတဲ့ အိမ်ခန်းငယ်ဟာ ကျန်းမရေးအတွက်ရော၊ အိမ်ရဲ့စီးပွားရေး အတွက်ရော ကောင်းမွန်ခြင်း မရှိပါဘူး။ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ အခန်းကို လင်းနေပါစေ။ လင်းရှင်းနေတဲ့ အခန်းဟာ နေထိုင်သူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း တက်ကြွစေပြီး ကောင်းမွန်တဲ့ ကံတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ 

ဒါတွေကတော့ ဖုန်းရွှေပညာရှင်တွေပြောတဲ့ အိမ်ကိုလာဘ်တိတ်စေတဲ့ အချက်တွေကို ကိုးကားဖော်ပြခြင်း ဖြစ်ပါတယ်။ သင့်ရဲ့အိမ်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီမှု ရှိနေတယ်ဆိုရင် အခုပဲ ပြန်ပြင်ဆင်လိုက်ပါ။ အိမ်တိုင်းအိမ်တိုင်း စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)