ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသည်   နှစ်သက်တမ်းအလိုက်ထုတ်ပေးထားသေုာ  သက်တမ်းမကုန်ဆုံးသေးသည့်  မြေငှားစာချုပ်(ဂရန်) ကို ခွဲစိတ်ပြီးနောက်  မြေငှားစာချုပ် (ဂရန်) ခွဲများ ထုတ်ပေးနိုင်သည်။ 

 ဂရန်ခွဲလျှောက်ထားသူသည်  ဌာနက သတ်မှတ်ထားသည့်  လျှောက်လွှာပုံစံနှင့်အတူ   အောက်ပါ အထောက်အထားမိတ္တူများကို တင်ပြလျှောက်ထားရပါမည် - 

 (က) မြေငှားစာချုပ်(ဂရန်) 
(ခ) မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ (သို့မဟုတ်) မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းကြောင်း လက်မှတ်စာ (သို့မဟုတ်)  နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်/ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းပေးသော မြေလွှဲပြောင်းခြင်းဆိုင်ရာ  အမိန့်စာ၊ 
(ဂ) မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထားသည့် စီရင်ချက်အမိန့်နှင့် ဒီကရီ၊ 
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ 
(င) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) နောက်ဆုံးပေးဆောင် ထားသည့် မြေငှားခပြေစာ၊ 
(စ) မြေကွက်ခွဲစိတ်အတည်ပြုပုံစံ ခွင့်ပြုချက်(၁) စုံ၊ 
(ဆ) မြေကွက်ခွဲစိတ်တိုင်းတာသည့်မြေပုံ(၁) စောင် ။ 
 တို့ကို တင်ပြရမည်ဖြစ်သည်။ 

 ထိုအခါဌာနသည် အောက်ပါ အတိုင်းစိစစ်သွားမည်ဖြစ်သည် - 



(က) ဌာနကသတ်မှတ်ထားသော လျှောက်လွှာပေါ်တွင် ပြည့်စုံစွာဖြည့်စွက်ထားခြင်း ရှိ/မရှိ၊ 
(ခ) တင်ပြထားသည့် အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ 
(ဂ) လျှောက်ထားသူအား ဌာနကသတ်မှတ်ထားသည့် မြေငှားစာချုပ်(ဂရန်) ခွဲဝန်ဆောင်ခ၊ အမည်ပြောင်းဝန်ဆောင်ခ ( အမည်ပေါက်ကိုယ်တိုင်က လျှောက်ထားခြင်း မဟုတ်ပါက) ပေး သွင်းစေခြင်းနှင့် မြေငှားစာချုပ်(ဂရန်) စာအုပ်တန်ဘိုးပေးသွင်းစေခြင်း၊ 
(ဃ) မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို  အစီရင်ခံခြင်း၊ 
(င) တင်ပြထားသော မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှုရှိ/ မရှိ၊
(စ) မြေရာဇဝင်မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း - 
 (၁) မြေစာရင်းတွင် မြေသိမ်းမှတ်ချက် ရှိ/ မရှိ၊ 
 (၂) မြေစာရင်းတွင် မြေတန်ဘိုးဖြတ်မှတ်ချက် ရှိ/ မရှိ၊ 
(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ သို့မဟုတ် အစိုးရအသိအမှတ်ပြု အဖွဲ့ အစည်းများ၏ ကန့်ကွက်တားမြစ်ချက် ရှိ/ မရှိ၊ 
(၄) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် မြေပိုင်ဆိုင်မှုနှင့် ပတ်သက် သည့်  တရားရုံးတွင် စစ်ဆေးဆဲအမှု ရှိ/ မရှိ၊ 
(၅) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် သက်ဆိုင်မှု ရှိ/ မရှိ၊ 
(ဆ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ၊  
(ဇ) မြေတိုင်းမှ ခွဲစိတ်ပေးခဲ့သည့်  အတိုင်းအတာနှင့် မြေပြင်ကိုက်ညီမှု ရှိ/ မရှိမြေပြင်ကွင်းဆင်း စစ်ဆေးရန်နှင့်  အစီရင်ခံတင်ပြခြင်း၊ 
(ဈ) မြေအမည်ပေါက် လျှောက်ထားခြင်းဖြစ်ပါက  ဂရန်ခွဲ ခွင့်ပြုရန်အတွက် ဌာနမှူးထံ အဆင့်ဆင့် အမိန့်တောင်းခံခြင်း၊ 
(ည) မြေငှားစာချုပ် ဂရန်အမည်ပေါက်သူကိုယ်တိုင်က လျှောက်ထားခြင်းမဟုတ်ဘဲ မှတ်ပုံတင် စာချုပ်ဖြင့်ရရှိသူက လျှောက်ထားခြင်းဖြစ်ပါက  မြန်မာ့အလင်း သို့မဟုတ် ကြေးမုံသတင်း စာနှင့် မြို့တော်သတင်းစာနှစ်စောင်တွင် ကန့်ကွက်ရန် ရှိ/ မရှိ ကြော်ငြာခြင်း၊  သတ်မှတ်ရက် အတွင်း ကန့်ကွက်သူမရှိပါက အဆင့်ဆင့် စိစစ်၍  ဌာနမှူး၏ ခွင့်ပြုချက် ရယူခြင်း၊ 
(ဋ) ဂရန်ခွဲ ခွင့်ပြုပါက စာအုပ်တောင်းခံခြင်းနှင့် ဂရန်စာအုပ်တွင် မြေတိုင်းမှ ခွဲစိတ်ပြီးသည့် မြေကွက်၏ အတိုင်းအတာပါသည့် မြေပုံရေးဆွဲခြင်း၊ 
(ဌ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များပေါ်တွင်  လက်မှတ်ရေးထိုးစေခြင်း၊  
(ဍ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြုလက်မှတ်ရေးထိုး ပြီးနောက် ကာယကံရှင်အား မူရင်းကို ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေအရ  သတ်မှတ်ထားသော နှုန်းထားအတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ(ရုံး လက်ခံအား) သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊ 
(ၒ) မြေငှားစာချုပ် ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင်  မှတ်သားထားခြင်းနှင့် ကွန်ပြူတာမှတ်တမ်းတွင် မှတ်သားခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန် အတွက် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲ ထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း။  

မှတ်ချက်။ (၁) မြေငှားစာချုပ် (ဂရန်) ခွဲထုတ်ပေးသည့် အခါတွင် မူရင်းမြေငှားစာချုပ်(ဂရန်) ၌ ခွဲထုတ်ပေးသည့် ဧရိယာကို ခွဲထုတ်မှတ်သားပေးရန်နှင့် ခွဲကျန်မြေငှားစာချုပ်(ဂရန်) ဆို ပါက အဆိုပါမြေငှား စာချုပ်ဂရန်ကို ပြန်လည်အပ်နှံရန်။    

 (၂) ခွဲကျန်ဂရန်များကို မြေပုံမြေရာဇဝင်ရေးကူးပေးခြင်းမပြုဘဲ  ဂရန်ခွဲဦးစွာလျှောက်ထားရန်။ 
(၃) မည်သည့်နှစ်သက်တမ်းဖြင့် ထုတ်ပေးထားသည့် မြေငှားစာချုပ်(ဂရန်) ဖြစ်စေ  ဂရန်ခွဲ လျှောက်ထားလာပါက မူလဂရန်ထုတ်ပေးရက်စွဲမှစ၍ လက်ရှိကာလအထိ သက်တမ်းကို နှုတ်ပယ်ပြီး မူလဂရန်၏ ကျန်သက်တမ်း အတိုင်းသာ ဂရန်ခွဲထုတ်ပေးရန်။ 
ကိုးကား- ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ

အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင်

အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

Credit By: ဆရာကြီးမိုးထက်
Posted By : Ra Wai (ShweProperty.com)