By ဆရာအောင်စေ ဗေဒင်သုတေသီ, Shweproperty.com
Updated at 24 July 2025
အိမ်ဆောက်လ ရွေးနည်း "လင်္ကာ" လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။ လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။ ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။ နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။ ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။ တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။ တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။ ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။ ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။ နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။ ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။ တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။ တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။ အိမ်ဆောက်ရက် ရွေးနည်း တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။ တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။ အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။ ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။ ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။ သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။ စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။ ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။ ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။ တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။ အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။ ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။ ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။ သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။ စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။ အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။ Credit : ဆရာအောင်စေ ဗေဒင်သုတေသီ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ