ကိုဗစ်ကြောင့် လူအများစုကတော့ အိမ်မှာပဲ မိသားစုနဲ့အချိန်ကုန်လွန်ကြပါတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ စီမံခန့်ခွဲပြီး လုပ်ကိုင်နေကြရပါတယ်။ အဲတော့ အိမ်ရဲ့ လျှပ်စစ်မီးအသုံးပြုမှုက အရင်ကထက်ပိုမို သုံးစွဲဖြစ်ကြပါတယ်။ Myanmar Home & Decor ရဲ့ စာဖတ်ပရိတ်သတ်အတွက် မီတာခချွေတာဖို့ အသုံး၀င်စေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။

တီဗီ၊ ဗီစီဒီစက်၊ playstation၊ ကွန်ပြုတာနှင့် အခြားလျှပ်စစ်ပစ္စည်းများကို အသုံးမလိုတော့ပါက မီးခလုတ်များကို ပိတ်ထားပါ။ အကယ်၍ ပလပ်တပ်ပြီး stand by mode ဒါမှမဟုတ် power ဖွင့်ထားခဲ့လျှင် မီးသုံးစွဲမူ ၁၀ ရာခိုင်းနှုန်းကိုသာ သက်သာစေမှာဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာသုံးစွဲရာမှ ခေတ္တမျှသာပိတ်ထားလိုပါက sleep mode ဖြင့်ထားရှိခဲ့နိုင်ပါတယ်။

တစ်နေ့တာ ဆောင်ရွက်စရာများပြီးစီး၍ ကွန်ပြုတာ အသုံးမလိုသောအချိန်တွင် power လုံးဝပိတ်လိုက်ခြင်းဖြင့်စွမ်းအင်ကို ချွေတာနိုင်ပါတယ်။

မိမိအိမ်၌ လက်ရှိသုံးစွဲနေသော လျှပ်စစ်မီးချောင်း၊ မီးလုံးများအစား Energy saving စာသားပါရှိသော မီးချောင်း၊မီးလုံးများကိုအစားထိုးပါ။ လက်ရှိသုံးစွဲနေသောမီးချောင်း၊ မီးလုံးများထက် စျေးနှုန်းမြင့်မားနိုင်သော်လည်း ကြာရှည်ခံနိုင်ရည်ရှိမှုအပြင် လျှပ်စစ်စွမ်းအင်ကိုပါ ပိုမိုသက်သာစေပါတယ်။ ဘုရားခန်းရှိ ယခုသုံးစွဲနေသော ဘုရားဆင်းတုနောက်ခံမီးဆိုင်း၊ မီးလုံးများအစား LED spotlight များကို ပြောင်းလဲသုံးစွဲပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်အိပ်ခန်းအတွက် အလင်းရောင် ပိုမိုရရှိစေရန် ခြေတံရှည်မီးတိုင် သို့မဟုတ် မီးအိမ်ကိုပြောင်းလဲအသုံးပြုရန် အကြံဉာဏ်ပေးချင်ပါတယ်။ နံရံနှစ်ဘက်မှ အလင်းပြန်မှုရရှိပြီး အလင်းရောင် ပိုမိုကောင်းမွန်စွာရရှိစေရန် အခန်းနံရံထောင့်တွင် ထား၍ သုံးစွဲသင့်ပါတယ်။

အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်ရာတွင်လည်းလျှော်ကန်၏ ၃ပုံ၂ပုံစာ အဝတ်ရှိမှသာ လျှော်သင့်ပါတယ်။ လျှော်ဖွတ်ပြီးသည့်အခါတွင်လည်း အခြောက်ခံသင့်သည့်စက်ထက် ရေညှစ်သည့်စက်ကို ပိုမိုဦးစားပေး သုံးသင့်ပါတယ်။ အခြောက်ခံစက်ကိုအသုံးပြု၍ ခြောက်သွေ့စေခြင်းထက် သဘာဝနေရောင်ခြည်၊ သဘာဝလေထုနှင့် ခြောက်သွေ့စေခြင်းက ပိုမိုကောင်းမွန်ပါတယ်။ ရေညှစ်စက်ထဲမှ အဝတ်များကို သေချာစွာခါပြီးလှမ်းခြင်းဖြင့်လည်း ကြေမွမှုနည်းပြီးမီးပူတိုက်ရာမှာလည်း သက်သာစေတဲ့အတွက် လျှပ်စစ်စွမ်းအင်ချွေတာရာရောက်ပါတယ်။



Air-con filter များ ကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒါမှမဟုတ် ရင်တော့ သင့်Air-con filter မှာလည်းလေထုထဲမှ မသန့်ရှင်းသော ဖုန်မှုန့်များပြည့်နေပြီး Air-con မှာ ပုံမှန်ထက်ပို၍ အလုပ်လုပ်ရတာကြောင့် လျှှပ်စစ်စွမ်းအင်ကိုပိုမို ကုန်ကျစေပါတယ်။

သင့်ရေခဲသေတ္တာတွင်လည်း အစားအသောက်များ ပြည့်ကျပ်မနေစေရန် ဂရုပြုသင့်ပါတယ်။ ပြည့်ကျပ်နေအောင်ထည့်ခဲ့မိရင်တော့ ရေခဲသေတ္တာသည် လေလည်ပတ်မှု ကောင်းစွာမရရှိနိုင်တဲ့အတွက် ပိုမိုအလုပ်လုပ်ရပြီး စွမ်းအင်ပိုမိုကုန်ကျစေနိုင်ပါတယ်။ အပူငွေ့ရှိတဲ့ အစားအသောက်များကို ရေခဲသေတ္တာထဲသို့ထည့်၍ သိမ်းဆည်းမည်ဆိုလျှင်လည်းအပြင်မှာ အအေးခံပြီးမှ သိမ်းဆည်းသင့်ပါတယ်။
 
အချို့သောအရည်များကို အဖုံးပါသော ဘူး၊ ခွက်တို့ဖြင့်ထည့်ခြင်းကလည်း အငွေ့ပြန်ခြင်းကြောင့် သင့်ရေခဲသေတ္တာ ပိုမိုအလုပ်လုပ်ရပြီး လျှပ်စစ်စွမ်းအင်ကို ပိုမိုကုန်ကျစေခြင်းမှ ကာကွယ်ရာရောက်ပါတယ်။ ဒါ့အပြင် အေးခဲသောအရာများအား အရည်ပျော်စေရန် ပြုလုပ်ရာတွင်လည်း အပြင်သို့ထုတ်ထားခြင်းထက် ရေခဲသေတ္တာ၏ သာမာန်အအေးခန်း (ရေမခဲသောအခန်း) တွင် ခေတ္တမျှထားပြီး ပျော်စေခြင်းက ၎င်း၏အအေးဓာတ်နှင့်ပင် အခြားအရာများကိုပါ အေးစေနိုင်ပြီး ရေခဲသေတ္တာ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။

သင့်အိမ်ရဲ့ အစားအသောက်များချက်ပြုတ်ရန်အတွက် လျှပ်စစ်မီးဖိုဖြင့် အသုံးပြုသည်ဆိုလျှင် တစ်မျိုးပြီးတစ်မျိုးဆက်တိုက် ချက်ပြုတ်နိုင်ရန် အဆင်သင့်စီစဥ်ထားသင့်ပါတယ်။ စားခါနီးမှ အပူပြန်နွှေးခြင်းနှင့် ပမာဏအနည်းငယ်ကို ချက်ပြုတ်ခြင်းတို့အတွက် microwave (သို့မဟုတ်) induction cooker များဖြင့်သာ ပြုလုပ်သင့်ပါတယ်။ လျှပ်စစ်စွမ်းအင်ကို ပိုမိုသုံးစွဲနိုင်သော်လည်း အချိန်မြန်မြန်ချက်ပြုတ်နိုင်ခြင်းကြောင့် လျှပ်စစ်မီးဖိုနှင့် ယှဥ်လျှင် စွမ်းအင်ကို ပိုမိုချွေတာနိုင်ပါတယ်။ အကင်စက်ကို အသုံးပြုမယ်ဆိုရင်လည်း ကြိုတင်မီးဖွင့်ထားခြင်းနှင့် အဖုံးကို အချိန်ကြာမြင့်စွာထားခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးလိုလို့ ရေနွေးတည်တဲ့အခါမှာ လိုတဲ့ရေပမာဏကိုပဲ ထည့်ပြီး ရေနွေးတည်သင့်ပါတယ်။ ပမာဏများလေလေ လျှပ်စစ်စွမ်းအင်ပိုမိုသုံးစွဲလေဖြစ်တာကြောင့် စွမ်းအင်ချွေတာနဲ့အနေနဲ့ လိုသလောက်ရေကိုချင့်ချိန်ပြီး ရေနွေးကျိုသင့်ပါတယ်။ သို့မှသာ မိမိသုံးစွဲသော ပစ္စည်းများ၏ အရည်အသွေးကို  ကြာရှည်စွာ ထိန်းသိမ်းအသုံးပြုနိုင်ပြီး လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာရောက်မှာဖြစ်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ရေချိုးခန်း သန့်ရှင်းရေးလုပ်မယ်ဆို အသုံးတည့်မယ့်အချက် (၅) ချက်

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ

Credit By:home decor
Posted By : Chan Myae (ShweProperty.com)