ကံကောင်းခြင်း ဆိုတဲ့အရာကို လူတိုင်းက နှစ်သက်ကြပါတယ်။ လူတစ်ယောက် Negative energy ကင်းကင်းနဲ့ ဘဝမှာ နေပျော်ဖို့ ဆိုတာလည်း  ကံကောင်းခြင်းတွေ၊ လာဘ်ပွင့်ခြင်း ခံစားရနေဖို့ဟာ လိုအပ်ပါတယ်။ သင်ဟာလည်း ကံကောင်းခြင်းတွေကို လိုလားတဲ့သူ တစ်ယောက်ဆိုရင် အခုပြောပြသွားမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေက အလုပ်ဖြစ်မှာပါ။ 
 
သင့်ရဲ့ နေအိမ်အပြင်အဆင်တွေဟာ ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်သလို ကံဆိုးခြင်းတွေကိုလည်း ဖိတ်ခေါ်နိုင်စွမ်း ရှိတယ်ဆိုတာ သင်သတိထားမိရဲ့လား။ ကဲ ဒီဆောင်းပါးလေးထဲမှာတော့ ဖုန်းရွှေက ပြောပြတဲ့ သင်သတိမထားမိပေမယ့် သင့်အိမ်ကို လာဘ်တိတ်စေနေတဲ့ အရာတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ 

အိပ်ရာကို အခန်းတံခါးဝရှိတဲ့ နံရံတစ်ချပ်တည်းမှာပဲ ကပ်ထားခြင်း။ 

အိပ်ရာဆိုတာ နေအိမ်တစ်အိမ်မှာ  လူတိုင်းအိပ်စက် အနားယူရာ နေရာ ဖြစ်ပါတယ်။ ဒါအပြင် လူတွေဟာ သက်တမ်းရဲ့ အချိန် သုံးပုံတစ်ပုံလောက်ကို အိပ်ရာပေါ်မှာပဲ ကုန်ဆုံးလေ့ ရှိတာပါ။ အိပ်ရာဟာ အားသစ်အင်သစ်တွေ၊ စိတ်ရောကိုယ်ပါ အေးချမ်းခြင်းတွေ ပေးတဲ့နေရာဖြစ်လို့ သန့်သန့် ရှင်းရှင်း ထားဖို့ အရေးကြီးသလို အိပ်ရာနေရာရဲ့ အထားအသိုပုံစံကလည်း အရေးကြီးပါတယ်။ ဖုန်းရွှေမှာတော့ အခန်းတံခါးဝနဲ့ ကပ်ပြီး ထားတဲ့ အိပ်ရာဟာ ကံဆိုးခြင်းတွေ ယူဆောင်လာတယ်လို့ ပြောပါတယ်။ အခန်းဝဟာ ခြေရင်းလို့ ယူဆရပြီး အခန်းဝနဲ့ ဆန့်ကျင်ဘက်ဟာ ခေါင်းရင်းလို့ ယူဆကြပါတယ်။ ဒါကြောင့် အခန်းဝနဲ့ နံရံတစ်ခုထဲမှာ ကပ်ပြီး အိပ်ရာထားတာဟာ ခြေနင်းဘက်မှာ အိပ်လိုက်သလိုပါပဲ။ ဒါကြောင့် ကံညံ့စေတာပါ။



သန့်စင်ခန်းတံခါး ဖွင့်ထားခြင်း။

အိမ်ထဲမှာ အိမ်သာထည့်သွင်းဆောက်ထားတဲ့ အိမ်တွေအနေနဲ့ ဒီအချက်ကို ကောင်းကောင်းသိထားရပါမယ်။ တချို့အိမ်တွေမှာဆိုရင် အိမ်သာထဲမှာရေအိုင်နေခြင်းမျိုးမရှိအောင်၊ အနံ့အသက်ကင်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်သာတံခါးကို ဖွင့်ထားတတ်ပါတယ်။ ဒါဟာ မကောင်းတဲ့အငွေ့အသက်တွေ အိမ်ထဲကို ဖြန့်ဝေလိုက်တာပါပဲ။ ဖုန်းရွှေအရမကြည့်ရင်တောင်အိမ်သာထဲက အငွေ့အသက်တွေကြောင့် အိမ်ထဲမှာ မသန့်သလိုဖြစ်ပြီး စိတ်ကြည်နိုင်မှာ မဟုတ်ပါဘူး။ ဖုန်းရွှေအမြင်မှာလည်း ဒါဟာ မကောင်းတဲ့ စွမ်းအင်တွေ အိမ်ထဲဝင်ခွင့်ပေးလိုက်သလို ဖြစ်စေတာကြောင့် ကံကောင်းခြင်းနဲ့ သွေဖယ်သွားစေတယ်လို့ ဆိုပါတယ်။ 

အိမ်တွင်းမှာ အပင်တွေ များများထည့်ထားခြင်း။ 

အိမ်ခန်းထဲမှာ သစ်ပင်တွေ အများအပြား ထားခြင်းက အခန်းတွင်း လေထုကို သန့်စင်စေတယ်၊ စိမ်းလန်းစိုပြေနေတဲ့ ပတ်ဝန်းကျင်ကြောင့် လူကို လန်းဆန်းသွားစေတယ် ဆိုပေမယ့် ဖုန်းရွှေမှာတော့ အပင်တွေဟာ ကြီးထွားလာတာနဲ့အမျှ အိမ်ထဲက စွမ်းအင်တွေကိုလည်း စုပ်ယူပစ်တာကြောင့် ကံကောင်းခြင်းတွေကိုလည်း စုပ်ယူပစ်နိုင်တယ်လို့ ဆိုထားပါတယ်။ တန်ဆေးလွန်ဘေး ဆိုသလို အခန်းထဲ အပင်တွေ အများကြီး မထည့်မိဖို့ သတိပြုသင့်ပါတယ်နော်။ 

ဒီဆောင်းပါးလေးဟာ စာဖတ်သူ မိတ်ဆွေတို့အတွက် သိမှတ်ဖွယ်တစ်ခု တိုးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိတ်ဆွေများအားလုံး အိမ်ကောင်းရာကောင်းတွေ ပိုင်ဆိုင်ကြပြီး ကောင်းသောကံတွေနဲ့အတူ စီးပွားတိုးတက်ကြပါစေကြောင့် ဆုတောင်းလိုက်ပါတယ်။

Written By : Lily (ShweProperty.com)