“ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ဆိုလိုတာလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦးက စာ ရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာက အလွယ်ကူဆုံးပြောရရင် မိမိပိုင်အိမ်၊ အဆောက်အအုံ မြေပေါ်မှာ ငွေကြေး တစ်ပြားတစ်ချပ်မျှမယူဘဲ အခမဲ့ထားခြင်းကို ဆိုလိုတာဖြစ်တယ်”

“တကယ်လို့ မိဘတွေက သူတို့ ပိုင်အိမ်မှာ သားသမီးကို နေခွင့်ပေးထားရင် ခွင့်ပြုချက်အရ နေထိုင်တာပဲပေါ့ ဟုတ်ပါသလား”

“ဘယ်လို အခြေအနေများရှိနေလို့လဲ”

“ကျွန်တော့် မိတ်ဆွေအမျိုးသမီးတစ်ဦးက သူပိုင်တိုက်ခန်းကို ရောင်းချင်တယ်လို့ ပြောတယ်။ သူလည်း ကျန်း မာရေးမကောင်းအသက်လည်း ကြီးပြီဆိုတော့ ဆေးကုသဖို့နဲ့ အလှူအတန်းပြုသွားချင်တယ်။ ဝယ်နိုင်ရင် ဝယ်ပါလို့ လာပြောတယ်”

“အဲဒီတိုက်ခန်းမှာ ဘယ်သူနေသလဲ။ အမျိုးသမီးကြီးကိုယ်တိုင်တော့မနေဘူး ဒီလိုလား”

“ဟုတ်တယ်။ သူက သမီးအကြီးနဲ့ နေတယ်။ တိုက်ခန်းမှာသူ့ရဲ့ ချွေးမနေတယ်”

“သားဖြစ်သူက ဘယ်ရောက်သွားလို့လဲ၊ အိမ်ထောင်ကွဲသွားလို့လား”

“သားဖြစ်သူက ကွယ်လွန်သွားတာ သုံးနှစ်ခန့်ရှိပြီပြောတယ်”

“ဒါကြောင့် ချွေးမကို ဆက်မထားချင်တဲ့ သဘောပေါ့”



“ဟုတ်တယ်။ သားမင်္ဂလာဆောင်တော့ နေစရာမရှိလို့ အဲဒီအခန်းကို နေခွင့်ပြုခဲ့တာလို့ ပြောတယ်”

“ချွေးမဖြစ်သူက ဒီတိုက်ခန်းက သူတို့ကို မင်္ဂလာဆောင်စဉ်မှာ လက်ဖွဲ့အဖြစ်ပေးထားတာလို့ ပြောတယ်”

“လက်ဖွဲ့ပစ္စည်းအဖြစ်ပေးခဲ့တယ်ဆိုရင် မိဘကမေတ္တာနဲ့ ပေးကမ်းခြင်းဖြစ်တဲ့အတွက် တရားဥပဒေနဲ့အညီ ပေးကမ်းခြင်းစာချုပ်ရှိရပါမယ်။ စာချုပ်စာတမ်း ရုံးမှာမှတ်ပုံတင် ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်”

“ပေးကမ်းခြင်းမှာ စာချုပ်စာတမ်း မှတ်ပုံတင်စာချုပ် မပြုလုပ်ရင် တရားမဝင်ဘူးပေါ့”

“မှန်ပါတယ်”

“အခုတိုက်ခန်းက အမျိုးသမီးကြီးတို့ လင်မယားဝယ်ထားတဲ့ အိမ်ဖြစ်တယ်”

“မိဘများရဲ့ အိမ်ပဲဖြစ်နေမှာပေါ့။ ဖခင်က ရှိသေးလား”

“ခင်ပွန်းသည်ကလည်း ဆုံးသွားပြီ။ တိုက်ခန်းဝယ်စဉ်က ဇနီးရဲ့ အမည်နဲ့ပဲဝယ်ခဲ့တာဖြစ်တယ်”

“ဘာပဲဖြစ်ဖြစ်ပေးကမ်းခြင်း စာချုပ်လည်း မရှိတော့ ဒီကိစ္စက စဉ်းစားစရာ မလိုတော့ဘူးပေါ့”

“သူ့ယောကျ်ားရဲ့ အမွေကိုရပိုင်ခွင့်ရှိတယ်။ ဒါကြောင့် ဆင်းမပေးနိုင်ဘူးလို့ ဆိုပြန်တယ်”

“ဒါကလည်း ယောက္ခမဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ မိခင်တစ်ယောက်လုံး သက်ရှိထင်ရှားရှိနေတော့ အမွေရခွင့် မရှိသေးဘူးလေ။ ပြီးတော့ သားသမီး ကျန်ရှိခဲ့သလား”

“သားသမီးမရှိဘူးထင်တယ်။ မိခင်ပြောစကားအရတော့ သားသမီးလည်းမရဘူးလို့ ပြောပါတယ်”

“သားသမီးလည်း မရှိဘူးဆိုတော့ အမွေရှင်မိဘထက် စောစွာကွယ်လွန်သွားတဲ့ သားသမီးရဲ့ ချွေးမသို့မဟုတ် သားမက်အနေနဲ့ ယောက္ခမအမွေကို ရခွင့်မရှိဘူးဆိုတဲ့ ဥပဒေအချက်ကလည်း ရှိနေတယ်။ ဒါကြောင့် အမွေ ဆက်ခံသူအဖြစ်နေပါတယ်ဆိုတာလည်း ဥပဒေအရ ခွင့်ပြုနိုင်တဲ့ အခြေအနေမရှိဘူး”

“တစ်သက်တာခွင့်ပြုချက်နဲ့ ထားတယ်ဆိုတာကြားဖူးတယ်။ အခုကိစ္စမှာ မိဘဖြစ်သူက သားနဲ့ ချွေးမကို နေခွင့်ပြုထားတာက တစ်သက်လုံး နေခွင့်ပြုထားတာမျိုး မဖြစ်နိုင်ဘူးလား”

“ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာကတော့ နှုတ်အားဖြင့် ခွင့်ပြုချက်ထားလို့ရတယ်။ ခွင့်ပြုသူရဲ့ ခွင့်ပြုထားတဲ့ အချိန်ကာလအထိပဲ အတည်ဖြစ်တယ်။ မည်သည့်အချိန် ကာလမဆို ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့် ရှိတယ်”

“တချို့က တစ်နှစ်ခွင့်ပြုတာမျိုး နှစ်ရှည်ခွင့်ပြုနေထိုင်ခွင့်ပေးတာမျိုးရှိတယ် မဟုတ်လား”

“တချို့ကလည်း ကျွန်တော် ကျွန်မတို့ အိမ်မှဆင်းပေးပါမယ်။ နေစရာရှာမတွေ့သေးလို့ နှစ်လခန့် ဆက်နေခွင့်ပြုပါလို့ တောင်းဆိုတာ တွေလည်း ရှိတယ်”

“တကယ်လို့ ဆရာပြောသလို ဆက်လက်နေထိုင်ခွင့်ပေးလိုက်ပြီး အိမ်ကဆင်းမပေးရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“နောက်ဆုံး အခြေအနေကတော့ မိမိပိုင်အိမ်မှ မဟုတ်တာဗျာ။ တရားစွဲနှင်ချရမယ့် အခြေအနေ ရောက်ကြ တယ်”

“ဒါဆိုရင် ခွင့်ပြုချက်နဲ့ ထားတာလည်း စာချုပ်စာတမ်းနဲ့ ပြုလုပ်ချုပ်ဆိုထားဖို့ လိုတာပေါ့နော်”

“မှန်ပါတယ်။ ခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ပေးထားကြောင်း စာရွက်စာတမ်းနဲ့ ချုပ်ဆိုထားရင်တော့ အကောင်းဆုံး ပေါ့။ ဒါပေမယ့် ခွင့်ပြုချက်နဲ့ မိမိပိုင်အဆောက်အအုံမှာထားတယ်ဆိုတာ ပိုင်ရှင်ရဲ့ အနီးစပ်ဆုံးဆွေမျိုး ဒါမှမဟုတ် အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်တတ်တော့ နှုတ်နဲ့ပဲ နေခွင့်ပြုတာတွေ ဖြစ်တတ်တယ်”



“ဟုတ်ကဲ့ ဆရာ။ ခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ပေးတဲ့ စာချုပ်ကို မှတ်ပုံတင်ဖို့ လိုပါသေးလား”

“ဒီအချက်ကတော့ အရေးကြီးတယ်ဗျ။ ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ တဲ့ ဦးသာရှိန်ပါ (၂) နှင့် ကိုတင်လှပါ (၂) ၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ – ၆၅၉ မှာ လျှောက်ထားခံရသူ ကိုတင်လှတို့အနေဖြင့် ၎င်းတို့အား အဆောက်အအုံ၌ တစ်သက်တာနေထိုင်ခွင့်ပေးထား သည်ဟုဆိုစေကာမူ နောက်ထပ်တစ်နှစ်နေထိုင်ရန် ခွင့်ပန်ခြင်းမှာ မူလက ပေးထားသော ကတိပဋိညာဉ်သည် ပဋိညာဉ်ဥပဒေ ပုဒ်မ – ၆၂ အရ ပျက်ပြယ်သွားပြီဟု ယူဆရန် အကြောင်းရှိသည်။ ထို့ပြင် တစ်သက်တာခွင့်ပြု သည်ဟု ဆိုရာ၌ ဥပဒေအရ တရားမဝင်ပေ။ တစ်နှစ်ထက်ကျော်၍ နေထိုင်ခွင့်ပေးခြင်းသော်လည်းကောင်း၊ တစ်နှစ်ပြီးတစ်နှစ် ဆက်လက်၍ နေထိုင်ခွင့်ပေးခြင်းသော်လည်းကောင်း ၎င်းတို့တွင် ပစ္စည်းလွှဲပြောင်းရေး အက် ဥပဒေ ပုဒ်မ (၉) အရစာဖြင့် ရေးသားချက်ရှိရမည်။ ယင်းရေးသားချက်ကို မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၁၇ (၁) (ခ) အရ မှတ်ပုံတင်ရမည်။ ထိုသို့ ပြုလုပ်ထားခြင်းမရှိသဖြင့် ယင်းတစ်သက်တာ နေခွင့်ပေးသော အခွင့်အရေး မှာ တရားဥပဒေအရ ပျက်ပြယ်သွားသည်ဟု ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် တစ်သက်တာ နေထိုင်ခွင့်ပြုတယ်ဆိုရင် ခွင့်ပြုကြောင်း စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ပြု လုပ်ဖို့လိုတာပေါ့”

“မှန်ပါတယ်။ ဒီအချက်ကို မူတည်ပြီး ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၇၈ မှာ ဖော်ပြထား တဲ့ ဒေါ်သန်းပါ (၄) နှင့် ဒေါ်သန်းသန်း (၎င်း၏ ကိုယ်စားလှယ် – ဒေါ်ခင်ယုဇန) စီရင်ထုံးမှာ မပယ်ဖျက်နိုင် သော ခွင့်ပြုချက်ဖြင့်နေသည်ဆိုရာ၌ မှတ်ပုံတင်စာချုပ်ပြုလုပ်ရန်လိုအပ်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိမိပိုင် ဆောက်အအုံမှာ ခွင့်ပြုချက်ဖြင့်ထားမည်ဆိုလျှင် စာချုပ်စာတမ်းနှင့် ချုပ် ဆိုထားရှိသင့်ပါ တယ်”ဟု ဆွေးနွေးလိုက်ပါသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
ဘိုးဘွားပိုင် (မြေပိုင်) မြေကို ဝယ်မည်ဆိုလျှင်
 
အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်

လူနေထိုင်ရန်ခွင့်ပြုချက်မရခင် တိုက်ခန်းအတွင်း ဝင်ရောက်နေထိုင်လျှင်

အိမ်မြေ ဝယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုလျှင်


Credit By: ထီယု(ဥပဒေအတိုင်ပင်ခံ) Zaygwet Journal
Posted By: Ra Wai, ShweProperty.com