လာဘ်ပွင့်စေသော ယတြာမျိုးစုံရှိပါသည်။ ထိုယတြာ နည်းများစွာတွင် လူတစ်ဦးတစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာများပါတယ်။
 
အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာအရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင် လာဘ်လာဘရွှင်လန်းအောင်ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။
 
အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ်မှာ နေထိုင်တဲ့ လူသားအားလုံး မိမိတို့၏ လုပ်ငန်းဆောင်တာများမှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေကနေ လွတ်မြောက်နိုင်ပါတယ်။
 
မိမိတို့ နေအိမ်သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်းကို ဆောင်ရွက်မယ့် သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျ သိစရာမလိုပါဘူး။မိမိနေအိမ်က ဘယ်ဘက်ကို မျက်နှာမူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသကို အဓိကထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။
 
အရှေ့အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန် 
 
အရှေ့ အရပ်ကို မျက်နှာလှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟုသတ်မှတ်သည်။ထိုအိမ်တွင် နေထိုင်သူအပေါင်းတို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော်များကို ကြံရည်ကပ်လှူနိုင်သည်။
 
ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။
 
အရှေ့တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန် 
 
အရှေ့တောင် အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသောအိမ်ဟု သတ်မှတ်ပါသည်။ဘုရားတွင် စံပယ်ပန်း မကြာခဏ လှူဒါန်းဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူးလှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။
 
 
 
သံဃာတော်များအား ဆပ်ပြာ အလှူဒါနပြုနိုင်ပါသည်။ ထိုယတြာကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာတိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်ပါသည်။
 
တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
 
တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည်။လေတိုက်လျှင် တဖျတ်ဖျတ်လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရားတင်ပါ။ ရွက်လှညွန့် လှူပါ။သံဃာတော်များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။
 
အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်
 
အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ဘုရားတွင် ထီးနီတစ်လက် တင်ထားပါ။
 
သံဃာတော်များကို ထီးဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။
 
အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
 
အနောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ်ဟု သတ်မှတ်ပါသည်။ပန်းပွင့်များ ဘုရားစင်တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော် ကပ်ခြင်း မကြာခဏ ပြုပါ။သံဃာတော်များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိခံစားရမည်။
 
အနောက်မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
 
အနောက်မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ရာဟု ဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ်ဟုသတ်မှတ်ပါသည်။အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။
 
 
 
အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။သံဃာတော်များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်မည်။
 
မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
 
မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာ ဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။
 
သံဃာတော်များကို သတ်သတ်လွတ်ဟင်းများ မကြာခဏ လောင်းလှူပါ။ နေအိမ်တွင် နေထိုင် သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။
 
အရှေမြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
 
အရှေ့မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို တနင်္ဂနွေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ်ဟု သတ်မှတ်ပါသည်။
 
အိမ်ရှေ့တွင် အုန်းခွံ စာကလေးအိမ် ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရားအား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအားလည်း ကပ်လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား၍ အိမ်ရှေ့တွင်ထားခြင်း ဆောင်ရွက်နိုင်ပါသည်။ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။
 
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

တရားရုံးက ပြေငြိမ်းဒီကရီ ချမှတ်ထားသည့် အိမ်မြေကို ဝယ်မည်ဆိုလျှင်

နှစ်ဦးအမည်နှင့် ဝယ်ထားသည့် အိမ်ခြံမြေ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့် လွှဲပြောင်းရောင်းချသည့် ကိစ္စရပ်တွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ

မြေငှားဂရန် လျှောက်လွှာနှင့် ဥပဒေ ၊ နည်းဥပဒေကို ကျော်လွန်နေသော ညွှန်ကြားချက်များ

Credit : Soe San Real Estate
Posted By : Sint Sint (ShweProperty.com)