ဖုန်းရွှေဆိုတဲ့စကားလုံးကို ဗေဒင်ယတြာယုံကြည်တဲ့သူတွေကတော့ မကြာခဏကြားဖူးပါလိမ့်မယ်။ဖုန်းရွှေဆိုတာ တရုတ်လူမျိုးတွေဆီက ဆင်းသက်လာတဲ့ရိုးရာဗေဒင်နည်းလမ်းတစ်ခုပါ။ဖုန်းရွှေနည်းလမ်းအတိုင်းဆောင်ရွက်ရင် စီးပွားလာဘ်လာဘပွင့်လန်းမယ်၊စိတ်အေးချမ်းသာယာမယ်၊ကျန်းမာမယ်စတဲ့အဆိုတွေရှိကြပါတယ်။ဒါကြောင့် အိမ်တွင်းရေးသာယာပြီး စီးပွားတတ်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) စနစ်တကျနဲ့သပ်သပ်ရပ်ရပ်ရှိပါစေ

အမြဲတမ်းရှုပ်ပွပြီး နေရာတကျလည်းမရှိဘူး၊ပစ္စည်းတွေကလည်း ဟိုထားဒီထားနဲ့အစီအစဉ်တကျမဖြစ်ပဲ ထားချင်သလိုထားနေမယ်ဆိုရင် အဲ့ဒီအိမ်ပတ်ဝန်းကျင်ဟာ စိတ်ဖိစီးမှုတွေ၊မပျော်ရွှင်မှုတွေပဲ စုပုံနေပါလိမ့်မယ်။အိမ်ဟာ အမြဲသန့်ရှင်းနေရမယ်။အမှိုက်တွေနဲ့ပြည့်မနေရဘူး။နေရာထိုင်ခင်းအသုံးအဆောင်တွေက ရှင်းရှင်းလင်းလင်းနဲ့သပ်သပ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင် အဲ့ဒီအိမ်ပတ်ဝန်းကျင်မှာ သာယာပြီး ကောင်းမွန်တဲ့စွမ်းအင်တွေပဲစီးဆင်းနေမှာပါ။ဒါကြောင့် မလိုအပ်တဲ့ပစ္စည်းတွေကိုဖယ်ရှားပြီး ကိုယ့်ရဲ့အိမ်လေးကို နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြောင်းလဲလိုက်ပါ။
 
(၂) အိပ်ရာကို ပြတင်းပေါက်နဲ့ အဝေးမှာထားပါ

ဖုန်းရွှေနည်းလမ်းအရ ပြတင်းပေါက်ရဲ့အောက်တည့်တည့်မှာ ကုတင်ခေါင်းရင်းအဖြစ် ထားအိပ်မယ်ဆိုရင် မကောင်းဘူးလို့အယူရှိပါတယ်။အပြင်က ဝင်လာတဲ့ ဆူညံသံတွေ၊အနံ့တွေက ပြတင်းပေါက်ကနေ တိုးဝင်လာပြီးအိပ်မရအောင်‌ နှောင့်ယှက်နိုင်ပါတယ်။မကောင်းဘူးလို့ဆိုရတဲ့အကြောင်းက အိပ်ချိန်မှာ ကောင်းကောင်းမအိပ်ရပဲ နောက်တစ်နေ့ထိ မလန်းဆန်းပဲ စိတ်ဖိစီးမှုတွေရလာနိုင်တဲ့အတွက်ကြောင့်ပါ။စိတ်ရောကိုယ်ပါလန်းဆန်းပြီးတက်ကြွနေမှ အရာရာကိုအကောင်းမြင်စိတ်နဲ့ဖြတ်ကျော်နိုင်မှာပါ။ဒါကြောင့် အိပ်ရာကို ပြတင်းပေါက်တွေမရှိတဲ့ဘက်ခြမ်းမှာ ထားပေးပါ။

(၃) အလုပ်နေရာနဲ့အနားယူတဲ့နေရာ ကွဲကွဲပြားပြားရှိပါစေ

ဒီနေရာမှာပဲ အလုပ်လုပ်၊ဒီနေရာမှာပဲ အနားယူဆိုတာမျိုးက ဖုန်းရွှေအယူအဆအရပြောရမယ်ဆိုရင် ကောင်းမွန်တဲ့စွမ်းအင်တွေကို မယူဆောင်လာပေးနိုင်ပါဘူး။ဒါကြောင့် အလုပ်စားပွဲနေရာနဲ့ အနားယူမယ့်နေရာကသီးသန့်ဖြစ်နေပါစေ။အဲ့ဒါမှ စိတ်လည်းကြည်လင်ပြီး အလုပ်လည်းကောင်းကောင်းလုပ်နိုင်မှာပါ။



(၄) Bagua Map အကြောင်းလေ့လာထားပါ

Bagua Map ဟာ အရပ်ရှစ်မျက်နှာပါဝင်တဲ့ မြေပုံတစ်ခုဖြစ်ပြီး ဘယ်နေရာက ဘယ်လိုကောင်းမွန်တဲ့ဓာတ်တွေကိုယူဆောင်လာပေးတယ်၊ဘယ်နေရာကတော့ ငွေပိုဝင်စေတဲ့လာဘ်နေရာဖြစ်တယ်ဆိုတာကို ဖော်ပြထားတဲ့မြေပုံတစ်ခုဖြစ်ပါတယ်။Bagua Map မှာပါဝင်တဲ့အချက်တစ်ချက်ကိုပြောရမယ်ဆိုရင် အိမ်ရှေ့အဝင်ပေါက်က အရမ်းအရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။ဘာလို့လဲဆိုရင် အိမ်ရှေ့ကနေ အိမ်အတွင်းထဲထိ ကောင်းတဲ့စွမ်းအင်တွေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်လို့ပါ။ဒါကြောင့် ဖုန်းရွှေအယူအဆကိုလိုက်နာသူတွေက လာဘ်ရွှင်စီးပွားတက်အောင် အိမ်ရှေ့ဝင်ပေါက် ဧည့်ခန်းနေရာကစလို့ မီးဖိုချောင်နေရာထိ အဟန့်အတားတွေ၊အနှောင့်အယှက်တွေမရှိရအောင် ပစ္စည်းတွေ၊အသုံးအဆောင်တွေကိုသေချာရှင်းလင်းထားလေ့ရှိပါတယ်။

(၅) အရောင်တွေကိုသေချာရွေးချယ်ပါ

အိမ်တစ်အိမ်မှာ အရောင်ရဲ့အခန်းကဏ္ဏကလည်း အရေးပါပါတယ်။အရောင်တွေမှာ စိတ်ကိုလန်းဆန်းတက်ကြွစေတဲ့အရောင်ရှိတယ်။စိတ်ဖိစီးမှုပြေပျောက်စေတဲ့အရောင်ရှိတယ်။ယုံကြည်မှုတိုးစေတဲ့အရောင်တွေရှိတယ်။စိတ်ကိုထိုင်းမှိုင်းလေးလံသွားစေတဲ့အရောင်တွေလည်းရှိပါတယ်။ဖုန်းရွှေနည်းအရ အခန်းထဲမှာအနီရောင်ဆေးခြယ်ထားမယ်ဆိုရင် စိတ်ခွန်အားဖြစ်စေတယ်။စိတ်ဓာတ်တက်ကြွပင်းပြစေတယ်။ ယုံကြည်မှုရှိလာစေတယ်လို့ဆိုထားပြီး အစိမ်းရောင်ခြယ်ထားမယ်ဆိုရင်တော့စိတ်ကို ငြိမ်းချမ်းစေတယ်။စိတ်တည်ငြိမ်မှုဖြစ်စေတယ်လို့ဆိုထားပါတယ်။ဒါကြောင့် အရောင်တွေကိုသေချာရွေးချယ်ဖို့လိုပါတယ်။

ဒီအချက်လေးတွေကိုသေချာလုပ်မယ်ဆိုရင် စိတ်ရောလူပါ လန်းဆန်းပြီးပျော်ရွှင်မှုရမယ့်အပြင် စီးပွားလည်းတက်ပြီး အိမ်တွင်းရေးကိစ္စတွေမှာလည်း အဆင်ပြေချောမွေ့မှုတွေပဲ ရလာပါလိမ့်မယ်။

မိတ်ဆွေတို့ရော ဒီဖုန်းရွှေနည်းလမ်းလေးတွေကို အသုံးပြုဖူးလား? ဖုန်းရွှေနည်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ယူဆချက်တွေရှိလဲဆိုတာ comment မှာ sharing လုပ်ပေးခဲ့ပါဦးနော်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ်

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

Posted By : Ra Wai (ShweProperty.com)