တရုတ်လူမျိုးတွေဆီကနေ ဆင်းသက်လာတဲ့ဖုန်းရွှေအယူအဆတွေ၊နည်းလမ်းတွေဟာ လူတစ်ဦးတစ်ယောက်ချင်းစီသာမက ပတ်ဝန်းကျင်ကိုပါ အေးချမ်းသာယာပြီးပျော်ရွှင်တဲ့ စီးပွားလာဘ်လာဘတွေပွင့်လန်းစေတဲ့ စွမ်းအင်တွေဖန်တီးဖြစ်ပေါ်စေတယ်လို့ အဆိုရှိပါတယ်။

အိမ်တစ်အိမ် ၊ မိသားစုတစ်စု အေးချမ်းသာယာဖို့အတွက် ဒီလို ဖုန်းရွှေနည်းလေးတွေသုံးပြီးတော့လည်း ဖန်တီးနိုင်ပါတယ်။ဖုန်းရွှေပညာရှင်တစ်ယောက်ဖြစ်တဲ့ Laura Benko ဟာ နယူးယောခ့်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်သလို  The Holistic Home ကိုရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။သူမ အကြံပေးထားတဲ့ ဖုန်းရွှေနည်းလမ်းကောင်းလေးတွေကတော့…

(၁)စွမ်းအင်ကို ဖြည်းဖြည်းချင်းစီးဆင်းစေပါ

အိမ်ထဲကို ကောင်းမွန်တဲ့စွမ်းအင်တွေ ဖြည်းဖြည်းချင်းစီးဆင်းနိုင်ဖို့အတွက် အိမ်ရှေ့ဝင်ပေါက်အနီးမှာ လှပပြီးအကွက်ဆန်းလေးတွေပါဝင်တဲ့ ကော်ဇော်ခင်းထားတာ ဒါမှမဟုတ် နံရံမှာ ပန်းချီကားလေးတွေချိတ်ဆွဲထားတာ ဒါမှမဟုတ် အိမ်ထဲမှာ စားပွဲအဝိုင်းသုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။အဲ့ဒါမှ စွမ်းအင်တွေက အိမ်ရှေ့ကနေ အိမ်အနောက်ကို မြန်ဆန်စွာနဲ့တိုက်ရိုက်ဖြတ်မသွားတော့ပဲ အိမ်ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြည်းဖြည်းချင်းဖြန့်ကျက်နိုင်မှာပဲဖြစ်ပါတယ်။ 

(၂)အိမ်ကို သန့်ရှင်းသပ်ရပ်ရှင်းလင်းစွာထားပါ
အိမ်ထဲမှာ 

ပစ္စည်းတွေရှုပ်ထွေးနေမယ်၊နေရာထိုင်ခင်းတွေက ပုံမကျပန်းမကျဖြစ်နေမယ်ဆိုရင် အမြင်မကောင်းရုံသာမက စိတ်ပိုင်းဆိုင်ရာအထိပါ အနှောင့်အယှက်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့် ကိုယ့်ရဲ့အိမ်၊အခန်း၊ပတ်ဝန်းကျင်ကိုပါ ရှင်းလင်းသပ်ရပ်လှပစွာထားပါ။အိမ်ကိုရှင်းလင်းရုံတင်မဟုတ်ပဲ ရှင်သန်နေထိုင်နေတဲ့ဘဝထဲမှာလည်း ရှုပ်ထွေးမှုတွေမဖြစ်အောင် ဂရုတစိုက်ဆင်ခြင်နေထိုင်မယ်ဆိုရင် စိတ်လည်းပေါ့ပါးပြီး ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်လာမှာပဲဖြစ်ပါတယ်။

(၃)အိမ်ဝင်ပေါက်ကို ရှင်းလင်းသန့်ပြန့်အောင်ထားပါ

အိမ်ရှေ့တံခါး၊အိမ်ရှေ့ခန်းက ဖုန်းရွှေအယူအဆအရ အရမ်းအရေးကြီးတဲ့နေရာတစ်နေရာဖြစ်ပါတယ်။စွမ်းအင်တွေက အိမ်ရှေ့တံခါးကနေ ဖြတ်သန်းစီးဆင်းမှာဖြစ်တဲ့အတွက် အိမ်အဝင်မှာ ရှုပ်ထွေးနေမယ်၊လမ်းကြောင်းတွေပိတ်ဆိုနေမယ်ဆိုရင် အတားအဆီးအနှောင့်အယှက်တွေ တွေ့ရတတ်ပါတယ်။အိမ်ခြံဝင်းထဲကနေ အိမ်ရှေ့ဝင်ပေါက်၊အိမ်ရှေ့တံခါးကနေ ဖြတ်သန်းလာတဲ့တစ်လျှောက် ရှင်းလင်းသပ်ရပ်ပြီးလှပနေအောင်ထားပါ။အသုံးအဆောင်ပစ္စည်းတွေနဲ့ပွရှုပ်နေတာမျိုးမဖြစ်ပါစေနဲ့။အိမ်ရှေ့ခန်းမှာလည်း မှန်ချိတ်ဆွဲထားမယ်ဆိုရင် ဘဝမှာ အခွင့်အရေးကောင်းတွေရလာတတ်ပြီး စိတ်ခံစားချက်လည်းပိုပြီးကောင်းမွန်လာစေတယ်လို့ဆိုထားပါတယ်။



(၄)ဧည့်ခန်းမှာ အလှဆင်ပါ 

အပေါ်မှာပြောခဲ့တဲ့အတိုင်း စွမ်းအင်တွေဟာ အိမ်ရှေ့ကနေ ဖြည်းဖြည်းချင်းစီးဆင်းနိုင်ဖို့အတွက် အိမ်ရှေ့ခန်းမှာ ပန်းချီကားချိတ်ထားတာမျိုး ဒါမှမဟုတ် လှေကားတစ်လျှောက် လှပတဲ့ကော်ဇော်ခင်းထားတာမျိုးလုပ်ပေးသင့်ပါတယ်။နောက်တစ်နည်းအနေနဲ့ လှေကားအတက်အဆင်းနေရာမှာ သစ်သား၊ရေ၊သတ္တု၊မြေကြီး၊မီး စတဲ့ အရာတွေထဲက စွမ်းအင်စီးဆင်းမှုကောင်းမွန်စေတဲ့အရာတစ်ခုခုကို ချိတ်ဆွဲထားဖို့ အကြံပြုထားပါတယ်။

(၅)သစ်သား၊ရေ၊သတ္တု၊မြေကြီး ၊မီး ညီမျှအောင် ထားပါ

ဖုန်းရွှေနည်းအရ အိမ်ထဲမှာ သစ်သား၊ရေ၊သတ္တု၊မြေကြီး၊မီး ညီမျှအောင်ထားမယ်ဆိုရင် စိတ်ရောကိုယ်ပါ အေးချမ်းသာယာမယ်လို့ဆိုထားပါတယ်။အနီရောင်၊လိမ္မော်ရောင်စတဲ့ အရောင်တွေကို သင့်တင့်မျှတစွာသုံးပေးတာမျိုးကလည်း ကောင်းမွန်တဲ့စွမ်းအင်တွေစီးဆင်းနိုင်ဖို့အကူအညီဖြစ်စေပါတယ်။ဘဝမှာ အရမ်းအဆင်မပြေဖြစ်နေတာမျိုး၊ဘာလုပ်လုပ် စိတ်ရှုပ်ထွေးနေရတဲ့အခါမျိုးမှာ ဒီဓာတ်ငါးမျိုးကို သင့်တင့်မျှတအောင်ထားကြည့်ပါ။စိတ်ခွန်အားဖြစ်လာပြီး အေးချမ်းတည်ငြိမ်လာတာကို ခံစားရပါလိမ့်မယ်။

(၆)သဘာဝအလင်းရောင်များများဝင်ပါစေ

သဘာဝနဲ့ထိတွေ့ရတဲ့အခါ လူတွေကပိုပြီး စိတ်လန်းဆန်းလာတယ်။ပေါ့ပါးသွက်လက်ပြီး ပျော်ရွှင်မှုပိုဖြစ်လာတတ်ပါတယ်။အိမ်ထဲမှာ သဘာဝအလင်းရောင်တွေများများဝင်ဖို မှန်ချိတ်ဆွဲထားပါလို့ Laura Benko က အကြံပေးထားပါတယ်။မှန်တွေကြောင့် အလင်းပိုပြန်လာပြီး သဘာဝအလင်းရောင်များများဖြစ်လာတဲ့အခါ စိတ်ကြည်လင်ပြီး အကောင်းမြင်စိတ်တွေလည်းပိုဖြစ်လာစေတယ်လို သူမက ပြောထားပါတယ်။
အဆင်မပြေတာတွေအရမ်းများနေတယ်လိုခံစားရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အိမ်ခန်း၊ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားပြီး ဓာတ်ငါးမျိုးကို မျှတအောင် အလှဆင်ကြည့်ပါ။ဒီနည်းလေးတွေကလည်း ပျော်ရွှင်သာယာအေးချမ်းတဲ့အိမ်လေးဖြစ်ဖို ကူညီပေးနိုင်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

ကံကောင်းစေတယ်လို့ လူတွေသတ်မှတ်ထားတဲ့ အရာလေးတွေ

ဖုန်းရွှေ (၄).......ဒီတခေါက်ကတော့ မီးဖိုချောင်နဲ့ အိပ်ခန်းထားပုံထားနည်းပါ

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ

Written By : San Wadi Hnin (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)