အိမ်အပြောင်းအရွှေ့လုပ်တဲ့နေ့တွေဟာ လူတွေကိုဂရုစိုက်ရ၊ပစ္စည်းတွေအကုန်မပါမှာစိုးရ၊ ပိုက်ဆံတွေ၊ ပစ္စည်းတွေ ပျောက်ပျက်မှာစိုးရ၊ခေါ်ထားတဲ့ကားက အချိန်မီမရောက်မှာစိုးရနဲ့ Stress အများဆုံးရက်လို့ကို  ပြောလို့ရပါတယ်။ ဒီလိုရက်တွေမှာ အာရုံစိုက်ရတာတွေများတာနဲ့ လူတွေက စိတ်မကြည်ဖြစ်ပြီး အော်ဟစ်တာတွေ၊အိမ်သားအချင်းချင်း ရန်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တာဟာ တစ်ခါတစ်ရံမှာ အိမ်အသစ်ကို လာဘတ်ပိတ်သလို ဖြစ်စေနိုင်ပါတယ်။ 

ဒီနေ့တော့ ShweProperty က အိမ်အပြောင်းအရွှေ့လုပ်တဲ့အခါ အစစအရာရာအဆင်ပြေစေဖို့ ဖုန်းရွှေနည်းလမ်းအရ လိုက်နာသင့်တာတွေကို ပြောပြပေးချင်ပါတယ်။ 

အိမ်ပြောင်းမယ့်ရက်ရွေးချယ်ခြင်း 

အိမ်အပြောင်းအရွှေ့လုပ်တဲ့အခါ မင်္ဂလာရှိမယ့်ရက်၊ အရာရာအဆင်ပြေစေမယ့်ရက်ကို Chinese Almanac လို့ခေါ်တဲ့ နည်းလမ်းနဲ့တွက်ချက်ရွေးချယ်နိုင်ပါတယ်။ မြန်မာလို နဂါးခေါင်းဘယ်ဘက်လှည့်မယ်ဆိုတဲ့ရက်တွေနဲ့ ဆင်တူပါတယ်။ ဒီလိုတွက်ချက်ခြင်းကို ကိုယ်တိုင်လည်း လေ့လာပြုလုပ်နိုင်ပြီး ကိုယ်တိုင် မလုပ်တတ်တဲ့သူတွေအတွက် တွက်ပေးတဲ့ဆရာတွေများစွာရှိတာမို့ Professional တွေဆီမှာ တွက်ခိုင်းလို့ရပါတယ်။

မလိုအပ်တာတွေထားခဲ့ပါ 

Life is about catch and release လို့ Taylor Swift က ပြောဖူးပါတယ်။ အိမ်ပြောင်းတဲ့အခါမှာည်း အဲဒီလိုပါပဲ။ လိုအပ်တာတွေရော၊မလိုအပ်တာတွေရော အားလုံး စုပေါင်းပြီး သယ်ယူတာထက် မလိုအပ်တာတွေ၊ဟောင်းနွမ်းနေတာတွေကို ထားခဲ့ပြီး အမှန်တကယ်လိုအပ်တဲ့အရာတွေ၊သုံးလို့ရနေသေးတဲ့အရာတွေကိုပဲ သယ်ယူသင့်ပါတယ်။ ဒါ့အပြင် ဖုန်းရွှေနည်းအရ အီမ်အသစ်မှာ ပစ္စည်းတွေကို တောင်ကြီးလိုစုပုံထားပြီး ဖြည်းဖြည်းချင်းမှ ရှင်းတာမျိုးမလုပ်ဘဲ ပစ္စည်းတစ်ခုချင်းစီအတွက် packing မဖွင့်ရသေးရင်တောင် ထားမယ့်နေရာတစ်ခု သတ်သတ်မှတ်မှတ်တစ်ခါတည်းနေရာချပေးခြင်းက အိမ်ရဲ့ စွမ်းအင်တွေ နေရာတကျဖြစ်စေဖို့ ကူညီပေးပါတယ်။

အိမ်မပြောင်းခင် အလှဆင် 

အိမ်အသစ်မှာ ကောင်းမွန်တဲ့စွမ်းအင်တွေပဲရှိနေပြီး လုပ်သမျှ အဆင်ပြေစေဖို့

- အိမ်အသစ်မှာ လတ်ဆတ်တဲ့ပန်းတွေထည့်ထားတဲ့ ပန်းအိုးတစ်ခု နဲ့ သစ်သီးတွေထည့်ထားတဲ့ ပန်းကန်တစ်ခုထားပေးပါ။
- အ်ိမ်အသစ်မှာ လှပပြီး တောက်ပတဲ့ အရောင်မျိုးနဲ့ အလှဆင်ထားပါ။ တောက်ပတဲ့အရောင်တွေဟာ အိမ်ကို နွေးထွေးပြီး အိမ်သားအသစ်တွေကို ကြိုဆိုနေတဲ့ စွမ်းအင်မျိုးတွေဖန်တီးပေးပါတယ်။ 
- အိမ်အသစ်ကို အသစ်စက်စက်လက်ဆောင်တစ်ခုဝယ်ပေးပါ။ ဒါကတော့ nice to meet you gift လိုမျိုးပါ။ အိမ်မှာထားမယ့် လိုက်ကာအသစ်ပဲဖြစ်ဖြစ်၊ နံရံကပ်စက္ကူအသစ်ပဲဖြစ်ဖြစ်၊ ရေမွှေးဖယောင်းတိုင်၊ ပန်းချီကားတစ်ချပ် စတဲ့ အသစ်စက်စက်အရာတစ်ခုကို အိမ်အသစ်အတွက်လို့သတ်သတ်မှတ်မှတ် ဝယ်ယူပြီး အိမ်အသစ်မှာ ထားပေးထားပါ။



အိမ်ပြောင်းမယ့်နေ့မှာ လိုက်နာဖို့

အိမ်ပြောင်းမယ့်နေ့မှာ လိုက်နာရမယ့်အချက်တွေကတော့..

- အိမ်ပြောင်းတဲ့နေ့၊ အိမ်ပြောင်းနေတဲ့အချိန်မှာ အိမ်သားအချင်းချင်းလုံးဝ လုံးဝ ရန်မဖြစ်သင့်ပါဘူး၊ မိသားစုဝင်ထဲမှာကလေးတွေရှိရင်လည်း အိမ်ပြောင်းတဲ့နေ့မှာ ကလေးငိုသံတွေ၊ အော်ဟစ်သံတွေမဖြစ်လာအောင် ဂရုစိုက်သင့်ပါတယ်။ 
- ပထမဆုံးအကြိမ် အိမ်ထဲကို ခြေလှမ်းလှမ်းဝင်တဲ့အခါမှာ အိမ်သားတိုင်း လက်ဗလာနဲ့မဝင်ဘဲ လက်မှာ အသုံးဝင်တဲ့အရာ၊လှပသစ်လွင်တဲ့အရာ၊ အဓိပ္ပါယ်ရှိတဲ့အရာတစ်ခုခုကိုင်ပြီး ဝင်ရပါမယ်။ ဆန်အနည်းငယ်နဲ့ စာအိတ်အနီလေးနှစ်ခု ထည့်ထားတဲ့ ပန်းကန်လုံး၊ ဒါမှမဟုတ် ပလတ်စတစ်ပုံးလေးကို အိမ်သားတစ်ယောက်ယောက်က ကိုင်ပြီး အိမ်ထဲကိုဝင်ပေးနိုင်မယ်ဆိုရင် အိမ်ရဲ့ သာယာဝပြောစေမှု၊ ကြီးပွားချမ်းသာစေနိုင်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။ 
- အိမ်ပြောင်းတဲ့နေ့မှာ ကိုယ်လေးလက်ဝန်ရှိနေတဲ့အမျိုးသမီးတွေ ပါဝင်မလုပ်ကိုင်သင့်ပါဘူး။ 
- အိမ်ထဲကိုလူတစ်ယောက်စရောက်ပြီဆိုတာနဲ့အိမ်ထဲကမီးတွေအကုန်လုံးကို ချက်ချင်းဖွင့်ပေးရပါမယ်၊ ဒါမှသာ အိမ်ရဲ့ စွမ်းအင်တွေကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်စေမှာပါ။ 

အခုပြောပြသွားတာတွေကတော့ အိမ်အပြောင်းအရွှေ့လုပ်တဲ့အခါ အစစအရာရာအဆင်ပြေစေဖို့ လိုက်နာသင့်တဲ့ဖုန်းရွှေနည်းလမ်းတွေအကြောင်းပါ။  Shwe Property ရဲ့ စာဖတ်သူတွေလည်း အိမ်အပြောင်းအရွှေ့တွေချောမွေ့အဆင်ပြေပြီး စီးပွားတိုးတက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ ShweProperty Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား

မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ

မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ

Posted By : Ra Wai (ShweProperty.com)