ဖုန်းရွှေပညာဆိုတာဟာ အိမ်မှာ ကောင်းမွန်တဲ့ဓာတ်သဘောတွေစီးဆင်းစေပြီး အိမ်ရဲ့စီးပွားရေး၊လူမှုရေးတွေကို တိုးတက်မြင့်မားကောင်းမွန်လာစေတဲ့ တရုတ်ရိုးရာပညာဖြစ်ပါတယ်။ ဒီနေ့တော့ Shwe Property ရဲ့ စာဖတ်သူတွေအတွက် ဖုန်းရွှေနည်းလမ်းတွေကို တိတိကျကျလိုက်နာတဲ့အခါ ကိုယ့်နေအိမ်မှာ ဘာတွေတိုးတက်ကောင်းမွန်လာစေနိုင်လဲဆိုတာ ပြောပြပေးသွားပါမယ်။ 

(၁) စီးပွားတိုးတက်လာခြင်း

အာရှနိုင်ငံတွေမှာ လူတော်တော်များများဟာ ဖုန်းရွှေနည်းလမ်းတွေကို စီးပွားရေးအတွက် အသုံးများကြပါတယ်။ သူဌေးကြီးတွေရဲ့ နေအိမ်တွေမှာ ငါးကန်ကြိီးတွေ ထားထားတာဟာလည်း ဖုန်းရွှေနည်းလမ်း လိုက်နာထားတာပါပဲ။ ဖုန်းရွှေနည်းလမ်းအရ အိမ်ရဲ့ တိုးတက်ကြီးပွားမယ့် နေရာ Shen Chi နဲ့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့နေရာ Tein Yi ကို ဂရုစိုက်ပြီး သပ်ရပ်သန့်ရှင်းအောင်ထားပေးမယ်ဆိုရင် တမုဟုတ်ချင်း လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပြီး စီးပွားတိုးတက်လာတာကိုမြင်ရမှာပါ။

(၂) ချစ်ခြင်းမေတ္တာကိုတွေ့ရှိခြင်း 

ဖုန်းရွှေဟာ ဘဝလက်တွဲဖော်ရှာဖွေတွေ့ရှိဖို့လည်း ကူညီပေးပါတယ်။ ဖုန်းရွှေကိုဒုတိယအသုံးအများဆုံး ရည်ရွယ်ချက်ကတော့ ဘဝလက်တွဲဖော်ရှာဖို့၊ အချစ်ကို ရှာဖွေဖို့ပါပဲ။ ဖုန်းရွှေပညာအရ အိမ်ရဲ့ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်တဲ့နေရာမှာ လှပတဲ့ပန်းတွေထိုးထားတဲ့ ပန်းအိုးကို ထားပေးမယ်ဆိုရင် အချစ်ကို ရှာတွေ့ဖို့ ကူညီပေးပါတယ်တဲ့။ Single တွေအတွက်  “စားပြီးပြီလား” အပြင်နောက်ထပ် မဟာဗျူဟာအဖြစ် ဖုန်းရွှေကို အသုံးပြုလို့ရပါတယ်။ 

(၃) အလုပ်အကိုင်အတည်တကျရရှိခြင်း

အလုပ်အကိုင်ဆိုတာက လောကမှာ လူတွေသောကအရောက်ရဆုံးအရာတွေထဲမှာပါဝင်ပါတယ်။ အခုလို စားဝတ်နေရေးခက်ခဲနေကြချိန်မှာ အတည်တကျအလုပ်တစ်ခုရဖို့က အချို့လူတွေအတွက် မဖြစ်နိုင်သလိုတောင် ရှိပါတယ်။ ဖုန်းရွှေပညာအရ အိမ်ရဲ့မြောက်ဘက်ဟာ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ဆိုင်ပါတယ်။ ဒါကြောင့် အိမ်ရဲ့ မြောက်ဘက်ကို သန့်ရှင်းသပ်ရပ်နေအောင် ဂရုစိုက်သင့်ပြီး အိမ်အခြေအနေမှာလည်း မြောက်ဘက်မှာ အိမ်တွင်းကို ချိုင့်ဝင်နေတဲ့ အိမ်မျိုးမဖြစ်ဖို့လိုပါတယ်။ 



(၄) ကျန်းမာရေးကောင်းမွန်လာခြင်း

အာရှတိုက်မှာ ဖုန်းရွှေပညာကို အသုံးအများဆုံးအကြောင်းအရင်းတွေထဲကတစ်ခုကတော့ အဖိုးအဖွားတွေရဲ့ ကျန်းမာရေးအတွက်နဲ့ နာမကျန်းဖြစ်နေသူတွေကို ပြန်လည်ကျန်းမာလာစေဖို့ ပါပဲ။ ဖုန်းရွှေပညာအရ အိမ်ရဲ့မြောက်ဘက်ဟာ လူရဲ့ကျန်းမာရေးကို စိုးမိုးတဲ့ နေရာဖြစ်တာမို့ ကိုယ့်ရဲ့ကျန်းမာရေးကို တိုးတက်လာစေချင်တယ်ဆိုရင် အိပ်ခန်းကို မြောက်ဘက်မှာ နေရာချပြီး အိပ်စက်သင့်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အိပ်ရာကိုအိမ်ရဲ့မြောက်ဘက်အစွန်နေရာမှာ ပြောင်းရွှေ့အိပ်စက်ပေးမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် နာမကျန်းဖြစ်နေသူတွေအတွက်တော့ ဖုန်းရွှေတစ်ခုတည်းကိုအားမကိုးပဲ အခြား ကျန်းမာရေးစောင့်ရှောက်ကုသမှုတွေလည်း လုပ်ပေးဖို့လိုပါတယ်။ 

(၅) မတော်တဆမှုများကို ကာကွယ်နိုင်ခြင်း 

မတော်တဆမှုဆိုတာ လူရဲ့ကံနဲ့လည်းဆိုင်တာကြောင့် ကြိုတင်မှန်းဆဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ဖုန်းရွှေပညာအရ မတော်တဆမှုတွေကို ကာကွယ်နိုင်တဲ့နည်းလမ်းကတော့ .. သေဆုံးမှုတွေနဲ့ အနီးအနားမှာ မနေတာပါပဲ။ ကိုယ်နေထိုင်တဲ့အိမ်ဟာ သင်္ချိုင်း၊ ရေခဲတိုက်၊ ရှေးခေတ်တွေက လူတွေကို သုတ်သင်ခဲ့တဲ့မြေနေရာမျိုးတွေ စတဲ့နေရာတွေရဲ့အနီးအနားမှာရှိနေမယ်ဆိုရင် မတော်တဆမှုတွေကြုံရဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါ့အပြင်အိမ်အတွင်းမှာလည်းဖုန်းရွှေ Kua Map အရ ကံကောင်းတဲ့နေရာ (၄) ခုနဲ့ ကံမကောင်းတဲ့နေရာ (၄) ခုဆိုပြီး ရှိပါတယ်။ ကိုယ့်ရဲ့အိပ်ခန်း၊ အလုပ်ခန်း စတဲ့နေရာတွေဟာ အိမ်ရဲ့ကံမကောင်းတဲ့နေရတွေမှာဖြစ်နေမယ်ဆိုရင်လည်း မတော်တဆမှုတွေကြုံရနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေပညာကျွမ်းကျင်သူတွေကို ခေါ်ပြီး အိမ်ရဲ့ကံကောင်းတဲ့နေရာတွေကိုတွက်ချက်ပြီး နေထိုင်သင့်ပါတယ်။

ဒီနေ့ပြောပြသွားတာတွေကတော့ ဖုန်းရွှေပညာအရ ကောင်းမွန်တဲ့ဖုန်းရွှေဓာတ်ရဲ့အိမ်ကို ပေးနိုင်မယ့် အကျိုးသက်ရောက်မှုတွေအကြောင်းပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ ShweProperty Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ