မြေငှားဂရန်သက်တမ်းကုန် မြေနှင့် အဆောက်အအုံကို ဝယ်မည်ဆိုလျှင် ဦးစွာပထမအနေဖြင့် မြေငှားဂရန်သက်တမ်းတိုးဖို့ လိုပေသည်။
 
 အကယ်၍ မြေကွက် အမည်ပေါက်သူမှာ ကွယ်လွန်သွားပါက တရားရုံး၏ အမိန့်ဒီဂရီအရဖြစ်စေ၊ အမွေထိန်းစာတို့အရဖြစ်စေ၊ ဂရန်သက်တမ်း တိုးနိုင်ပါသည်။ 
 
ဂရန်သက်တမ်းတိုးပြီးမှသာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကိုချုပ်ဆိုနိုင်မည် ဖြစ်သည်။ သို့ရာတွင် တရားရုံး၏အမိန့်ဒီဂရီအရဆိုလျှင် ဂရန်သက်တမ်း ကုန်သော်လည်းမှတ်ပုံတင် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုနိုင်ပေသည်။
 
 ဤသည်နှင့် စပ်လျဉ်း၍'ဦးစိန့် (၎င်း၏ အထွေထွေကိုယ်စားလှယ်စာရသူဦးဝင်းကျော်) နှင့် ဒေါ်ခင်ငြိမ်း၊၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၆'အမှုမှာ- မန္တလေးတိုင်း တရားရုံးတော်၌ ဒေါ်ခင်ငြိမ်းက ဦးစိန့်အပေါ်မန္တလေး အနောက်မြောက် မြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊အကွက် အမှတ် (၃)၊ ဦးပိုင်အမှတ် ၁၂၈ ရှိမြေနှင့် ယင်းမြေပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်တို့ကိုပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ ပေးရန်နှင့် ပဋိဉာဉ်အရ
အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆို ပေးရန် စွဲဆိုရာအနိုင်ဒီဂရီ ရရှိခဲ့သည်။
 
 - ဒေါ်ခင်ငြိမ်းက ယင်းအနိုင်ဒီဂရီကို မန္တလေးတိုင်း တရားရုံးဇာရီမှုတွင် အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေရန်နှင့် တရားစရိတ်များပေးစေရန်အတွက် အတည်ပြုဆောင်ရွက်ခဲ့သည်။
- ဦးစိန့်က အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်နှင့် ပတ်သက်၍အချင်းဖြစ်မြေ၏ ဂရန် သက်တမ်းမှာ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် မြေနှင့်စပ်လျဉ်းသည့် အခွင့်အရေးတစ်စုံတစ်ရာ မရှိတော့၍ ဥပဒေနှင့်အညီ တရားဝင် လွှဲပြောင်းရောင်းချနိုင်တော့မည် မဟုတ်ကြောင်းဖြင့် ကန့်ကွက်သည်။

 - တိုင်းတရားရုံးမှ ဦးစိန့်၏ ကန့်ကွက်ချက်ကို လက်မခံ၊ပယ်လိုက်သဖြင့် ဦးစိန့်မှ တရားရုံးချုပ်သို့ အယူခံဝင်လာခြင်းဖြစ်သည်။
 


 တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ
 
 - ဒေါ်ခင်ငြိမ်းနှင့် ဦးစိန့်တို့ အရောင်းအဝယ်ပြုလုပ်ခဲ့သည့်၂၇-၁-၈၄ နေ့က ဂရန် သက်တမ်း ကုန်ဆုံးခြင်း မရှိပေ။
 
 - သို့ဖြစ်၍ ရောင်းချစဉ်က ဦးစိန့်သည် ဂရန်သက်တမ်းကုန်ဆုံးခြင်း မရှိသောမြေကို ရောင်းချခဲ့ပြီး ဒေါ်ခင်ငြိမ်းကလက်ရောက်ဝယ်ယူခဲ့သည်ဖြစ်၍ တရားဝင် ပိုင်ဆိုင်မှုရှိသောအခြေအနေတွင် ရောင်းချခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
 
 - ထို့နောက်တွင်မှ ဦးစိန့်က မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုပေးရန် ပျက်ကွက်သဖြင့် ဒေါ်ခင်ငြိမ်းကတရား စွဲဆိုရခြင်းဖြစ်ရာ
 
 - နောက်ပိုင်းတွင် ဂရန်သက်တမ်း ကုန်ဆုံး၍ မှတ်ပုံတင်ပြုလုပ်ပေးရန် အခွင့်အရေး မရှိတော့ကြောင်း ဦးစိန့်၏ကန့်ကွက်ချက်ကို လက်ခံနိုင်ရန် အကြောင်းမရှိနိုင်ပေ။
 
 - ဒေါ်ခင်ငြိမ်းက ဦးစိန့် အပေါ် စွဲဆိုခဲ့သော မူလတရားမကြီးမှု၏ အနိုင်ဒီဂရီမှာ တည်မြဲလျက်ရှိသဖြင့် ဦးစိန့်သည်ယင်း အမိန့်ဒီဂရီကိုလိုက်နာရန် တာဝန်ရှိသည်။
 
 - ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဦးစိန့်မှ ဒီဂရီအတိုင်း လိုက်နာရန် တာဝန်မရှိဟု ဆိုရန် အကြောင်းမရှိပေ။
 
 - အရောင်း အဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်တွင်ဂရန်သက်တမ်းတိုး ရရှိရေးအတွက် ဆောင်ရွက်ရန်မှာဒေါ်ခင်ငြိမ်း၏ တာဝန်သာ ဖြစ်သည်။
 
 - သို့ဖြစ်၍ ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့်ဦးစိန့်က အမိန့်ဒီဂရီအတိုင်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးရန် အခွင့်အရေးမရှိဟူသော အချက်မှာ မှန်ကန်မှုမရှိချေ။
 
 - ထို့ကြောင့် မူလတရား ရုံး၏ အမိန့်ကို အတည်ပြုပြီးဤ အယူခံမှုကို ပလပ်လိုက်သည်ဟု ဆုံးဖြတ်ခဲ့ပေသည်။
 
 ထိုအချက်များကြောင့် မြေဂရန်သက်တမ်း ကုန်သော်လည်းဥပဒေနှင့်အညီ အရောင်း အဝယ်ပြုလုပ်နိုင်ကြောင်းတွေ့ရမည်ဖြစ်သည်။
 
 ဤတွင် ဆက်စပ်၍ သတိပြုရမည့်အချက်မှာ
 
'မြေငှား ဂရန်မိတ္တူဖြင့် အရောင်း အဝယ် ပြု ကြသည့်ကိစ္စ'ဖြစ်သည်။
 
အကြောင်းအမျိုးမျိုး ကြောင့် မြေငှားဂရန်မူရင်း ပျောက်ဆုံးသွားပါက သက်ဆိုင်ရာမြို့ပြ မြေယာဌာနတွင် မြေငှားဂရန်မိတ္တူ ထုတ်ပေးရန် လျှောက်ထားနိုင်သည်။
 
 ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနတွင် လည်းကောင်း၊မြို့ရွာ အိုးအိမ်ဦးစီးဌာနတွင် လည်းကောင်း လျှောက်ထားနိုင်ပါသည်။ 
 
ထိုကဲ့သို့မြေငှားဂရန် မိတ္တူ လျှောက်ထားရာတွင်- အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမည် ဖြစ်ပြီး- ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် စာတမ်းများ၊- ရဲစခန်း တိုင်တန်းချက်တို့နှင့်အတူ သက်ဆိုင်ရာသို့
လျှောက်ထားရသည်။
 
အကယ်၍ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားပါက
 
 - တရားရုံး၏ အမိန့်ဒီဂရီ အရ ဖြစ်စေ၊- အမွေထိန်းစာတို့အရ ဖြစ်စေ မြေငှားဂရန်မိတ္တူကိုလျှောက်ထားနိုင်ပေသည်။
 
အဆိုပါလျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာနသို့မဟုတ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့် ပိုင်ဆိုင်မှုအထောက်အထားများကိုပြည့်စုံမှု ရှိ၊ မရှိ စိစစ်ပြီး
လက်ခံ ဆောင်ရွက်ပေး ပါသည်။
 
 ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရမြေငှားဂရန်မိတ္တူ ထုတ်ပေးနိုင်ရန်အတွက် ကန့်ကွက်လိုပါကကန့်ကွက်နိုင်ရန် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင်ကြော်ငြာတစ်လ ထုတ်ပြန် ပါသည်။
 
 ကြော်ငြာတစ်လထုတ်ပြန်ပြီး ကန့်ကွက်သူမရှိပါကမြေစာရင်းနှင့် ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ စာချုပ်စာတမ်းများ၊တရားရုံး ၏ အမိန့်ဒီဂရီများကို စိစစ်ကာ သက်ဆိုင်ရာမှလျှောက်ထားသူအား မူလဂရန်အမည်ပေါက်ဖြင့် ဂရန်မိတ္တူကိုထုတ်ပေးပါသည်။
 
 ဤတွင်ဖြစ်တတ်သည်မှာရောင်းသူအနေဖြင့်မြေငှားဂရန်မူရင်းကိုပေါင်နှံထားပြီးပျောက်ဆုံးသည်ဟုဆိုကာဂရန်မိတ္တူကိုလိမ်လည်လျှောက်ထား ရယူတတ်ကြသဖြင့် အထူး ဂရုပြုဖို့လိုအပ်ပေသည်။ 
 


မိတ်ဆွေတစ်ဦးက ၎င်း ၏အတွေ့အကြုံကို ပြောပြရာတွင်
 
 - ၎င်းဝယ်ယူသောမြေကွက်၏ မူရင်းဂရန်ကို ရောင်းချသူမြေရှင်က ဘဏ်တွင်ပေါင်နှံထားသည်။

 - မိတ်ဆွေက ပေါင်နှံထားမှန်းမသိဘဲမြေရှင်ပြသသည့်ဂရန်မိတ္တူပေါ် အခြေတည်၍ မြေကွက်နှင့် အဆောက်အအုံကို ဝယ်လိုက်သည်။
 
 - နောက်ပိုင်း ဘဏ်က ချေးငွေ အကြွေး မပေးဆပ်သဖြင့်မြေကွက်ကို ဝရမ်းကပ်မှ အခြေအနေမှန်ကိုသိရတော့သည်။
 
 - မိတ်ဆွေသည် ရောင်းသူကို ဆက်သွယ်ရှာသော်လည်းမတွေ့တော့သဖြင့် နောက်ဆုံးတွင် ၎င်းကိုယ်တိုင်ကပင်ဘဏ်ချေးငွေကို ပေးဆပ်ခဲ့ရသည်ဟု ပြောဖူးပါသည်။
 
 ထို့ကြောင့် မြေငှားဂရန် မိတ္တူဖြင့် အရောင်းအဝယ်ပြုပါကဝယ်သူအနေဖြင့် အဝယ်မမှားစေရန်သက်ဆိုင်ရာ မြေယာဌာန (ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာ ဌာန) သို့ မြေကွက်နှင့်
စပ်လျဉ်း၍ သေချာစုံစမ်းစိစစ်ပြီးမှ ဝယ်သင့်ပါသည်။
 
 ထို့ပြင် အဆိုပါမြေကွက်ကို အရောင်းအဝယ်ပြုလုပ်ရန်နှစ်ဖက်သဘော တူညီကြကာ စရန်ငွေတစ်စိတ်တစ်ပိုင်းပေးချေ ပြီးပါက အဆိုပါမြေကွက်အရောင်း အဝယ်ကိုကန့်ကွက်ရန် ရှိ၊ မရှိ နေ့စဉ်ထုတ် သတင်းစာတွင်
ထည့်သွင်း ကြေညာသင့်ပေသည်။
 
 အရောင်းအဝယ်စာချုပ် ချုပ်ဆိုလျှင်လည်း အရှုပ်အရှင်းတစ်စုံတစ်ရာ ရှိပါက ရောင်းသူက ဖြေရှင်းပေးရန်နှင့်ဝယ်သူ၏ နစ်နာကြေးကို ပေးလျော်မည်ဖြစ်ကြောင်းဝန်ခံကတိစာချုပ် ချုပ်ဆို သင့်ပါကြောင်း အကြံပြု ရေးသား လိုက်ပါသည်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ
 
အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုလျှင်သတိပြုပါ
 
ရောင်းဝယ်၊ပေါင်နှံ ၊ ချေးငှားတဲ့ကိစ္စတွေအတွက် ခိုင်မာတဲ့ စာချုပ်စာတမ်း ဖြစ်ဖို့ဆိုရင်
 
၀ယ်ယူမည့် တိုက်ခန်းသည် နိုင်ငံခြားပြန်တိုက်ခန်း ဖြစ်နေလျှင်

Credit By : ထီယု (အတိုင်ပင်ခံ ဥပဒေ) Zaygwet Journal
Posted By : Sint Sint, ShweProperty.com