မြို့ပြဒေသတွေမှာ တိုက်ခန်း၊ အိမ်ခန်း ငှားရမ်းနေထိုင်ကြတဲ့ မိသားစုတွေ များလှပါတယ်။ ဥပမာ - ရန်ကုန်မှာဆိုရင် နေစရိတ်၊ သွားလာစရိတ်၊ ရေ၊ မီးအချိန်မှန်ခြင်း၊ ဈေးနီး၊ ရုံးနီး စတဲ့ အကြောင်းပြချက်တွေနဲ့ အိမ်ငှားနေထိုင်သူတွေ များပြားပါတယ်။ မိမိမှာ ကိုယ်ပိုင်အိမ်ပိုင် ရှိနေပေမယ့် အထက်မှာပြောတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်ငှားနေကြသူတွေ မနည်းလှပါဘူး။ အထူးသဖြင့် တိုက်ခန်းတွေဟာဆိုရင် အငှားသွက်လှပါတယ်။ 

ဒီလိုအိမ်ငှားတွေ များလာတာနဲ့အမျှ အိမ်ရှင်နဲ့ အိမ်ငှားအကြား ပြဿနာလေးတွေလည်း ရှိလာပါတယ်။ အောက်မှာဆက်ကြည့်လိုက်ရအောင်

- မြို့ပြဒေသ ( Urban Area ) နဲ့ သက်ဆိုင်တဲ့ နေရာဒေသအတွင်းမှာ ဖြစ်တဲ့ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့ဟာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအောက်မှာ အကျုံးဝင်ပါတယ်။ မြို့ပြဒေသနဲ့ အကျုံးမဝင်တဲ့ ဒေသတွင်ငှားရမ်းခြင်း ဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနဲ့ သက်ဆိုင်ပါတယ်။
- သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက်ငှားရမ်းခြင်းတို့ကို အိမ်ငှားပဋိညာဉ်စာချုပ် ချုပ်ဆိုကာ ဆောင်ရွက်ကြရပါတယ်။

- စာချုပ်ချုပ်ဆိုထားတဲ့ အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနဲ့အတူ နေတဲ့ အမွေစား၊ အမွေခံတု့ိဟာ ဥပဒေအရ တရား ဝင်အိမ်ငှား ဖြစ်သွားပါတယ်။ 

-  အိမ်ငှားကို ဖယ်ရှားခိုင်းမည် ဆိုပါက ရက်သတ္တပတ် ( ၃ ) ပတ် ကြိုတင်ပြီး နို့တစ်စာ ပေးရပါမယ်။  မြို့ပြဒေသမဟုတ်သော နေရာဒေသအတွက် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ အရ ( ၁၅ ) ရက် ကြိုတင်ပြီး နို့တစ်စာထုတ်ပေးရမှာ ဖြစ်ပါတယ်။

- လုံးချင်းအိမ်ငှားထားပါက ငှားထားတဲ့အထဲမှာ အိမ်ဆောက်ထားတဲ့ မြေကြီးလည်း အကျုံးဝင်တယ်လို့ စီရင်ထုံးများက ညွှန်ပြထားပါတယ်။ တကယ်လို့ အိမ်ငှားစာချုပ်မပြည့်မီ အိမ်မီးလောင်သွားခဲ့ရင်လည်း အိမ်ငှားက ယင်း အိမ်ငှားဆိုင်ရာ အကျိုးခံစားခွင့်ကို စွန့်လွှတ်ခြင်း မရှိပါက သက်ဆိုင်ရာတို့ကလည်း မီးလောင်မြေမှာ ပြန်လည်နေထိုင်ခွင့် ပြုရမည်ဖြစ်ပါတယ်။ အိမ်ရှင်ဟာ မီးလောင်မြေပေါ်မှာ အိမ်ပြန်ဆောက်ပြီး အိမ်ငှားကို ပြန်လည်နေထိုင်စေရမည်ဖြစ်ပြီး အိမ်ငှားကို ဖယ်ထုတ်ရန် ဆောင်ရွက်နိုင်ခွင့် မရှိပါဘူး။  တရားရုံးက သတ်မှတ်ပေးတဲ့ ကာလအတွင်း အိမ်သစ်ကို အိမ်ရှင်က အပြီးဆောက်လုပ်ရမည်ဖြစ်ပြီး အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားကို ပြန်တင် ပေးရမည် ဖြစ်ပါတယ်။ အိမ်ငှားကို ပြန်မတင်ပါက ခံဝန်ချုပ်ပယ်ဖျက်မှုအရ ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်က ပေးလျော်ရမှာ ဖြစ်ပါတယ်။ 



"အိမ်ရှင်ရဲ့ အခွင့်အရေးများ"

-  အိမ်ရှင်ဟာ ငှားရမ်းခ ခံစားခွင့်ရှိပြီး အခါအားလျော်စွာ ပုဒ်မ- ဂ အရ အိမ်ငှားထံ ငှားရမ်းခ တိုးတောင်း နိုင်ခြင်း
-  ပုဒ်မ ၁၆ (၁) အရ ဥပစာအတွက် စံငှားရမ်းခ သတ်မှတ်ပေးရန် ကြီးကြပ်ရေးဝန် (မြို့နယ်အုပ်ချုပ်ရေးမှူး)ထံ လျှောက်ထားတောင်းဆိုနိုင်ခြင်း
- အိမ်ရှင်ဟာ ပုဒ်မ -၁၂ (၁) (က) ပထမပိုင်း (ပထမပိုင်း) အရ ဥပဒေနဲ့အညီ ရထိုက်ခွင့်ရှိတဲ့ ငှားရမ်းခကို အိမ်ငှားမှ မပေးဆောင်လျှင်၊  ပုဒ်မ -၁၂ (၁)(က) ဒုတိယပိုင်း (ဒုတိယပိုင်း) အရ အိမ်ငှားဟာ ပဋိညာဉ် ပါ စည်းကမ်းချက်များကို ဖောက်ဖျက် လျှင်၊ ပုဒ်မ-၁၂ (၁)(ဂ) – (၁) အရ အိမ်ငှားဟာ  အိမ်နီးချင်းအား စိတ်ငြိုငြင်စေလျှင် သို့မဟုတ် အနှောင့်အယှက်ဖြစ်စေမည့် အရာများ ကျူးလွန်လျှင်၊ ဥပစာကို ညစ်ညမ်းစေလျှင် သို့တည်းမဟုတ် ဥပဒေနဲ့ ဆန့်ကျင်သောကိစ္စ အလို့ငှာ အသုံးပြုလျင် သို့တည်းမဟုတ် ပြစ်မှုထင်ရှားခံရလျှင် အိမ်ကိုအချိန်မရွေး ပြန်သိမ်းနိုင်ခြင်း

"ငှားရမ်းသူ (အိမ်ငှား) ၏ တာဝန်များ"

- ငှားရမ်းစဉ်ကာလအတွင်း သတ်မှတ်ထားသော ငှားရမ်းခများ အပြည့်အဝ ပေးရမည်။ ရေခွန် လျှပ်စစ်မီးခွန် ထမ်းဆောင်ရမည်။
- ငှားရမ်းသူဟာ အိမ်ရှင်ပေးထားတဲ့ ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက် ရမည်။
- မိမိကြောင့် ဥပစာပျက်စီးက တန်ဖိုးပေးလျော်ခြင်း (သို့) ပြန်လည်ပြုပြင်ပေးရမည်။
-  စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာရမည်။
-  အိမ်ငှားစည်းကမ်းချက်နှင့်အညီ နေထိုင်ရမည်။
-  စာချုပ်သက်တမ်းပြည့်ပါက အိမ်ခန်းကို အိမ်ရှင်ထံ စနစ်တကျ ပြန်လည်အပ်နှံရမည်။

"ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုတဲ့ စကားပုံလိုပဲ အိမ်ရှင်နဲ့ အိမ်ငှားဟာ အပြန်အလှန် မှီခိုနေထိုင်ရသူများ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို အကျိုးရှိစွာ အသုံးချရင်း အိမ်ရှင် - အိမ်ငှား ပြဿနာများ ငြိမ်းအေးကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချလှူဒါန်းခြင်းသည် အတည်မဖြစ်ပါ

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ

အပျောက်စနစ်နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင်

အိမ်ခြံမြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ

Posted By : Ra Wai (ShweProperty.com)