သင် နေထိုင်တဲ့အိမ်က သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုနိုင်တယ်ဆိုတာ အောက်ပါအချက်တွေက ဖော်ပြနေပါတယ်။
 
-  သင့်မီးဖိုချောင်မှာ ဘာတွေ သိမ်းဆည်းထားသလဲ
 
သင်ရဲ့ မီးဖိုချောင်မှာ အဆာပြေစာတွေ သိမ်းဆည်းထားပါသလား။ အဆာပြေစာအဖြစ် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာမျိုးကို သိုလှောင်ပါ။ မီးဖိုချောင်မှာ သုံးတဲ့ဆီကလည်း ဟင်းသီးဟင်းရွက်ဆီကို ဖြစ်ပါမှ ကျန်းမာရေးနဲ့ ညီညွတ်ပါလိမ့်မယ်။
 
- သင့်ထမင်းစားပွဲက ဖုန်တက်နေပါသလား
 
သင်ဟာ အလုပ်ရှုပ်နေတာကြောင့် ထမင်းစားပွဲမှာ ထမင်းမစားဘဲ တီဗီကြည့်ရင်း ဧည့်ခန်းထဲမှာပဲ ထမင်းစားတာမျိုး ပြုလုပ်နေပါသလား။ ဒီအပြုအမူဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ထမင်းစားပွဲဝိုင်းမှာ မိသားစု စုံစုံညီညီ အတူစားပါမှ ကျန်းမာ ရေးအတွက်အကျိုးရှိနိုင်ပါတယ်။
 
-  သင့်ထမင်းဟင်းပန်းကန်တွေက အရွယ်အစား ကြီးမားနေပါသလား
 
သင်ရဲ့ ထမင်းပန်းကန်အရွယ်အစားဟာ ခါးအတိုင်းအတာပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သင် သိပါသလား။ လေ့လာမှုအများအပြားအရ အရွယ်ကြီးတဲ့ ထမင်းဟင်းပန်းကန်တွေကို အသုံးပြုသူတွေက အစားအသောက်ပမာဏကို ပိုမိုစားသုံးလေ့ ရှိတယ်လို့ သိရပါတယ်။ ထမင်းပန်းကန်ထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့အစားအစာတွေကို အချိုးများများ ထည့်ပြီး ဆီကြော်စာလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစားအစာတွေကို အချိုးနည်းနည်းသာ ထည့်စားပါ။
 
-  ဟင်းကျန်တွေကို သေချာ သိမ်းဆည်းပါသလား
 
ဟင်းကျန်တွေ ရှိနေရင် လေလုံတဲ့ ဘူးတဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာ သေချာ သိမ်းဆည်းပါမှ ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်မှာပါ။ စားခါနီး ဟင်းတွေကို ပြန်နွှေးပါ။ ဟင်းကို ပါးစပ်ထဲ မထည့်ခင်မှာ မှို တက် မတက်၊ အနံ့ ကောင်း မကောင်း စစ်ဆေးပါ။
 
-  သင့်အိပ်ခန်းထဲမှာ တီဗီထားရှိပါသလား အိပ်ခန်းမှာ တီဗီထားတာက သင်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တီဗီနဲ့ အီလက်ထရစ်ပစ္စည်းတွေကလာတဲ့ အလင်းရောင်တွေက သင့်ဦးနှောက်ကို နှိုးထစေနိုင်ပြီး ပြန်အိပ်ဖို့ ခက်ခဲသွားတတ်ပါတယ်။ အိပ်ပျော်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် မရှိနိုင်ပါဘူး။
 


-  သင်ဟာ သင့်အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူတူအိပ်ပါသလား
 
အိမ်မွေးတိရစ္ဆာန်တွေကို အိပ်ရာထဲ အတူတူထားအိပ်ခဲ့ရင် သူတို့အတွက် နေရာပေးရကာ သူတို့ရဲ့ အသံတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ မိမိရဲ့ အခန်းထဲက ကြမ်းပြင်ပေါ်မှာ သူတို့အိပ်ရင်တောင်မှ မိမိအတွက် အိပ်စက်မှု အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ ဖျားနာနေခဲ့ရင်လည်း သူတို့နဲ့ အတူတူအိပ်တာကြောင့် သူတို့ဆီက ရောဂါတွေ မိမိဆီ ကူးစက်နိုင်ပါတယ်။
 
-  သင်အိပ်တဲ့မွေ့ရာက အဆင်ပြေပါရဲ့လား
 
သင်က မနက်အိပ်ရာထခါစမှာ တစ်ကိုယ်လုံး တောင့်တင်းပြီး နာကျင်နေရင် သင့်အိပ်ရာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်မွေ့ရာကို ရှစ်နှစ် တစ်ခါ အသစ်လဲပါ။ သင်ရဲ့ ခေါင်းအုံးကလည်း ပုံပန်းပျက်နေရင် အသစ်လဲပေးပါ။
 
-  သင့်အိမ်မှာ First Aid Kit ကို အလွယ်တကူ ရှာတွေ့နိုင်ပါသလား
 
အိမ်မှာ ထိခိုက်ဒဏ်ရာအသေးစားဖြစ်ရင် ဒါမှမဟုတ် ဖျားနာနေရင် အချိန်မီ ကုသပေးနိုင်ဖို့အတွက် First Aid Kit ရှိထားဖို့ လိုအပ်ပါတယ်။ သင်ရဲ့ First Aid Kit ထဲမှာ ဂွမ်း၊ အရက်ပြန်၊ ပတ်တီး၊ အနာထည့်လိမ်းဆေး၊ အနာကတ်ပလတ်စတာ၊ ပါရာစီတမောလိုမျိုး အဖျားကျဆေး၊ ခေါင်းကိုက်ပျောက်ဆေး၊ ဗိုက်အောင့်ပျောက်ဆေး တွေ အမြဲတမ်း ဖြည့်ထားသင့်ပါတယ်။
 
-  သင့်မိတ်ကပ်တွေကို ဘယ်လိုသိမ်းဆည်းထားပါသလဲ
 
သင်ဟာ မိတ်ကပ်ကို နေ့တိုင်း ဒါမှမဟုတ် ပွဲရှိမှ လိမ်းသူဖြစ်ခဲ့ရင် မိတ်ကပ်တွေက ပိုးမွှားကင်းစင်ဖို့ လိုအပ်ပါတယ်။ သူတို့ကို ခြောက်သွေ့ပြီး အေးတဲ့နေရာမှာ သိမ်းဆည်းပါ။ မိတ်ကပ်မလိမ်းခင် သင့်လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ မိတ်ကပ်ဘူးကို လက်နဲ့ နှိုက်ပြီး အသုံးမပြုပါနဲ့။ ရေထည့်မသုံးပါနဲ့။ တခြားသူတွေနဲ့ မျှေ၀ မသုံးစွဲပါနဲ့။
 
-  သင့်ရေချိုခန်းမှာ မှိုတွေ ရှိနေပါသလား
 
သင့်ရေချိုးခန်းက လေဝင်လေထွက်မကောင်းခဲ့ရင် မှိုတွေ ပြည့်နှက်နေနိုင်ပါတယ်။ မှိုကြောင့် နား၊ နှာခေါင်း၊ လည်ချောင်းမှာ ရောဂါပိုး ကူးစက်နိုင်တဲ့အပြင် တခြား ကျန်းမာရေးပြဿနာတွေပါ ဖြစ်နိုင်ပါတယ်။ ရေချိုခန်းထဲက လေဝင်လေထွက် ကောင်းအောင် ပြတင်းပေါက် ဒါမှမဟုတ် နထ့ကျေအ ၤညေ ဖွင့်တာမျိုး ပြုလုပ်ပေးပါ။
 
-  သင့်ဖိနပ်တွေက လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်နေပါသလား
 
သင့်အနေနဲ့ ကျန်းမာဖို့ တစ်ပတ်ကို မိနစ် ၁၅၀ လောက် အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ သင့်မှာ ဖိနပ်ကောင်းကောင်း မရှိခဲ့ရင် လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်လက်တွေ ကိုက်ခဲနိုင်ပါတယ်။
 
-  သင့်အိမ်ကို အလှဆင်ဆေးသုတ်တာက အထောက်အကူဖြစ်တယ်လို့ သင် ထင်ပါသလား
 


သင့်အိမ်နံရံက အရောင်တွေက သင့်ကို အများကြီး အထောက်အကူပေးနိုင်ပါတယ်။ ဥပမာအားဖြင့် စာကျက်ခန်း ဒါမှမဟုတ် အလုပ်ခန်းကို အပြာရောင်သုတ်ထားရင် သင်ရဲ့ ဖန်တီးနိုင်စွမ်းတွေ ပိုမိုကောင်းမွန်နိုင်ပါတယ်။ ထမင်းစားခန်းမှာ အနီရောင်သုတ်ထားခဲ့ရင် အစာပိုမိုစားမိသွားတတ်ပါတယ်။
 
-  သင်ရှူတဲ့လေက လတ်ဆတ်ပါရဲ့လား
 
သင်ဟာ မော်တော်ကားအိတ်ဇောငွေ့တွေ၊ စက်ရုံမီးခိုးငွေ့တွေ များတဲ့အရပ်မှာ နေထိုင်သူဖြစ်ရင် ညစ်ညမ်းနေတဲ့ လေထုက သင့်မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းတွေကို ယားယံစေနိုင်တဲ့အပြင် ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာ နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ ကင်ဆာလိုမျိုး ပြဿနာတွေတောင် ဖြစ်လာနိုင်ပါတယ်။ မိမိနေတဲ့ အိမ်တွင်းမှာလည်း လေကောင်းလေသန့်ရအောင် ပြတင်းပေါက်တွေ ဖွင့်ထားပါ။
 
-  အိမ်ထဲက ဖုန်တွေက နာမည်ရေးလို့ ရလောက်အောင် များနေပြီလား
 
အဲဒီလို များနေရင် ဖုန်တစ်မျိုးတည်း မဟုတ်ပါဘူး။ ကြမ်းပြင်၊ ပရိဘောဂနဲ့ အိမ်သန့်ရှင်းရေးပစ်္စည်းတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကနေ ဖုန်အဖြစ် ပြောင်းလဲသွားတာကြောင့်ပါ။ ကြမ်းပြင်မှာ အနေများတဲ့ ကလေးငယ်တွေက ဖုန်ကြောင့် ကျန်းမာရေးပြဿနာတွေ အများအပြား ဖြစ်လာနိုင်ပါတယ်။ ဖုန်ထူထပ်တဲ့ အရပ်မှာနေရင် မိမိအိမ်ကို တစ်နေ့ နှစ်ကြိမ် တံမြက်စည်းလှည်းပါ။ ကြမ်းပြင်ကို ရေစိုဝတ်နဲ့ သုတ်ပေးပါ။ သင့်လက်တွေကို မကြာခဏ ဆေးကြောပါ။

 လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်တွင်း လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးပြဿနာ
 
အဆိပ်ဖြစ်စေတဲ့ အိမ်ထဲက ပစ္စည်းများ
 
သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အိမ်တွင်းအန္တာယ် (၈) ခုအကြောင်း
 
အိမ်သန့်ရှင်းရေးလုပ်ခြင်းကပေးတဲ့ ကောင်းကျိုးအဖြာဖြာ
 
Ref & Photo Credit : Good Health Myanmar
Posted By : Sint Sint (ShweProperty.com)