"ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း" ဆိုတဲ့ ရှေးတဘောင် ရှိခဲ့သလို ကျွန်တော်တို့ နေထိုင်နေကြတဲ့ ကမ္ဘာကြီးမှာ နိမိတ်အမျိုးမျိုးကို ယုံကြည်ကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ မြေနိမိတ်၊ အိမ်နိမိတ်၊ ကြောင်နိမိတ်၊ အိမ်မက်နိမိတ် စသဖြင့် နိမိတ်မျိုးစုံကို ခေတ်အဆက်ဆက် ရှေးလူကြီးတွေမှတစ်ဆင့် လက်ဆင့်ကမ်းလာတာဟာ ဆိုရင်လည်း ယနေ့အထိပါပဲ။ မြေနိမိတ်မကောင်းရင် နေထိုင်သူ မိသားစု စီးပွားရေးမှာ အပျက်သဘောဆောင်နိုင်ပြီး ဆင်းရဲမွဲတေတတ်တယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ အခုတစ်ခေါက်မှာတော့ မြေနိမိတ်နဲ့ ပတ်သတ်တဲ့ သိထားဖွယ်ရာ အချက်တွေကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်းဟာ တိုက်ခန်းအိမ်ရာ ဝယ်ယူခြင်းထက် ပိုမိုစေ့စပ်သေချာဖို့ လိုအပ်ပြီး မြေဥပဒေ၊ မြေနိမိတ်ဆိုင်ရာကိုလည်း လေ့လာထားသင့်ပါတယ်။ 

(၁)ရေစီးရှိသောအရပ် 

မြေမျက်နှာပြင်ဟာ ပြန့်ပြူးနေပြီး အရှေ့အရပ် ( သို့မဟုတ်) တောင်အရပ် ( သို့မဟုတ် ) အရှေ့မြောက် အရပ်မှာ ရေစီးဖြစ်တဲ့ ချောင်း ( သို့မဟုတ် ) မြစ် ( သို့မဟုတ် ) တွင်းရေ တစ်ခုခု ရှိနေရင် မြေကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ဆန့်ကျင်ဘက် အနေနဲ့ အနောက်ဘက်၊ အနောက်တောင်ဘက်၊ အနောက်မြောက်ဘက်မှာသာ ရေစီးရှိပြီး ကုန်းကျင်းပါ ရှိနေမယ်ဆိုရင်တော့ မြေမကောင်းဘူးလို့ ယူဆနိုင်ပါတယ်။ 

၂။ ကုန်းဆုံးသောအရပ် 

ရေပြင်မရှိဘဲ ကုန်းနဲ့သာစပြီး ကုန်းနဲ့သာဆုံးတဲ့ အရပ်ဒေသတွေမှာ အကျိုးပေးမှု နှေးကွေးပြီး ဆင်းရဲပျက်စီးနိုင်တာကြောင့် မနေသင့်ဘူးလို့ ရှေးလူကြီးတွေ ပြောစမှတ် ပြုကြပါတယ်။ 

၃။ ကုန်းတစ်ဝက်၊ ကျင်းတစ်ဝက်ရှိသော အရပ်ဒေသ

ကုန်းတစ်ဝက်၊ ကျင်းတစ်ဝက် ရှိတဲ့ ဝန်းခြံတို့မှာလည်း မနေအပ်သလို ပျက်စီးခြင်း၊ မွဲတေခြင်း၊ ဆင်းရဲခြင်းဖြစ်တတ်တယ်လို့ မှတ်သားရပါတယ်။ 



၄။ သာသနာ၊ သုဿန်မြေ

 ဘုရားမြေ၊ ကျောင်းမြေ၊ သံဃိကမြေနဲ့ သုဿန်မြေများမှာလည်း မနေအပ်၊ ပျက်စီးပြုန်းတီးခြင်း၊ အရှိန်အဝါမဲ့ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့ ဖြစ်စေတတ်တယ်လို့ ပြောစမှတ် ပြုကြပါတယ်။ ဘုရားမြေဟာ မြင့်မြတ်လွန်းပြီး သုဿန်မြေသာ ယုတ်နိမ့်တယ်လို့ ယူဆထားခြင်းကြောင့် ဖြစ်ပါတယ်။ 

၅။ ဆီဆုံပြုဖူးသော မြေနေရာ၊ မောင်းဆုံပြုဖူးသော မြေနေရာ

အစဉ်မပြတ် ထုထောင်းမှုများ ပြုလုပ်ရတဲ့ ဆီဆုံပြုဖူးတဲ့နေရာ၊ မောင်းဆုံပြုဖူးတဲ့ မြေနေရာတွေဟာ အိမ်ဆောက်ပြီး မနေအပ်၊ ပျက်စီးပြုန်းတီးတတ်တယ်လို့် အယူအဆ ရှိပါတယ်။ 

၆။ လမ်းဦးတိုက်

လမ်းဦး၊ လမ်းထိပ် မြေနေရာဟာလည်း ရှေးတုန်းက သူခိုး၊ ဓားပြများ အလွယ်တကူ ကပ်နေနိုင်တဲ့ နေရာဖြစ်တာကြောင့် ယင်းမြေမှာ အိမ်ဆောက်ဖို့ မသင့်ဘူးလို့ ရှေးလူကြီးတွေက ဆုံးမကြလေ့ ရှိပါတယ်။ တကယ်လို့ မဖြစ်မနေ ဒီလိုခြံမှာ အိမ်ဆောက်နေမယ်ဆိုရင် အိမ်ရှေ့မှာ အများအတွက် သောက်ရေအိုးစင် ဆောက်ထားခြင်း ( သို့မဟုတ် ) အိမ်ရှေ့မျက်နှာစာမှာ ကြည့်မှန်တစ်ချပ်ချိတ်ထားခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ 
 
မြေအရောင်အဆင်းနဲ့ ပတ်သတ်ပြီး လက်သမားကျမ်း၊ မြေရွေးကျမ်းများမှာ

( ၁ ) အဆင်းဖြူငြား ၊ မြေပုဏ္ဏား
        စီးပွားဖြစ်တတ်စွာ ။
( ၂ ) အဆင်းနီလွင် ၊ မြေဘုရင်
        မင်းလျှင် ဖြစ်တတ်ပါ ။
( ၃ ) အဆင်းနက်က ၊ မြေဒါသ
        ဒုက္ခ ဘေးတွေ့ရာ ။
( ၄ ) အဆင်းဝါဘိ ၊ မြေပကတိ
        သုခိ အဝေရာ ။
( ၅ ) အဆင်းပြာလျံ ၊ ကေသပံ
        နိုင်ငံ တည်ထောင်ရာ ဆိုပြီး ဖော်ပြထားပါတယ်။

အိမ်ခြံမြေနဲ့ ပတ်သက်ပြီးတော့ အယူအဆများစွာ အစွဲများစွာ အယူသီးမှုများစွာရှိသလို နေရာဒေသ နိုင်ငံအလိုက် ယဉ်ကျေးမှုတွေ ကွာခြားသလို မြေနိမိတ်အယူတွေလည်း ကွာခြားသွားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း လုပ်သင့်ပြီး လိုတာထက်ပို အယူမစွဲဖို့တော့ လိုပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သတ်ပြီး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ Shwe Property က ကူညီပေးနိုင်ပါတယ်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချလှူဒါန်းခြင်းသည် အတည်မဖြစ်ပါ

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေဖို့ အစီအရင်များ

Posted By : Ra Wai (ShweProperty.com)