အရောင်းအဝယ်လုပ်ရင်းဖြစ်စေ၊စီးပွားရေးကိစ္စတွေကြောင့်ဖြစ်စေ အိမ်၊ခြံ၊မြေတွေရောင်းနေပေမဲ့ ရောင်းမထွက်ပဲ ကြန့်ကြာနေပြီလား? 
ဒါဆိုရင်တော့ မြန်မြန်ရောင်းထွက်အောင် ဒီလိုမျိုး ဖုန်းရွှေအစီအရင်နည်းလမ်းကောင်းလေးတွေလုပ်ကြည့်ပါနော်။

(၁) မျက်စိပသာဒဖြစ်ပါစေ

ရောင်းမယ့်အိမ်ကို လိုက်ကြည့်လိုက်လို့ ရှုပ်ပွနေတာမျိုး၊နံရံတွေဆေးပြယ်ပြီး ညစ်ပတ်နေတာမျိုး၊အမှိုက်တွေပွနေတာမျိုး၊ပစ္စည်းတွေရှုပ်ယှက်ခတ်နေတာမျိုးတွေ့ရရင် ဝယ်ချင်တဲ့စိတ်လျော့နည်းသွားမှာအမှန်ပါပဲ။ဒါကြောင့် အိမ်ရောင်းတော့မယ်ဆိုတာနဲ့ ကိုယ့်ပစ္စည်းတွေကိုလည်း သေချာရှင်းလင်းထားပြီး နံရံတွေဆေးပြန်သုတ်တာ၊ အမှိုက်တွေမပိတ်အောင်၊အမှိုက်နံ့တွေမရအောင် သန့်ရှင်းပေးဖို့လိုပါတယ်။ကြည့်လိုက်တာနဲ့ လှပပြီး မျက်စိပသာဒဖြစ်နေအောင် ပရိဘောဂလှလှလေး အနည်းငယ်ထားပေးပါ။

(၂)အိမ်ရှေ့ဝင်ပေါက်ကိုဂရုစိုက်ပြင်ဆင်ပါ

ဖုန်းရွှေနည်းအရ အိမ်ရှေ့ဝင်ပေါက်ဟာ အရမ်းအရေးကြီးပါတယ်။အိမ်ဝယ်မယ့်လူဟာလည်း အိမ်ရှေ့ကနေပဲ ဝင်မှာဖြစ်တဲ့အတွက် အိမ်ရှေ့အဝင် ဧည့်ခန်းတစ်ဝိုက်ကို သေချာရှင်းလင်းသပ်ရပ်အောင်ထားပါ။ ဧည့်ခန်းကနေ လှမ်းမြင်နေရတဲ့တောက်လျှောက်ထိ ရှုပ်ပွနေတဲ့ပစ္စည်းတွေ၊အမှိုက်တွေကို အိမ်ဝယ်မယ့်လူမလာခင် ရှင်းလင်းနေပါစေ။ အိမ်ရှေ့တံခါးအနီးမှာ ရေပန်းအသေးလေးထားတာမျိုး ဒါမှမဟုတ် အိမ်ရဲ့အနောက်မြောက်အရပ်ကနေ နားဝင်ပီယဖြစ်စေမယ့် သီချင်းသံတိုးတိုးလေးဖွင့်ထားတာမျိုး လုပ်ပေးပါ။

(၃) အိမ်ဝယ်မယ့်လူကို လက်ဆောင်တစ်ခုပေးပါ

အိမ်လာကြည့်တဲ့လူကို တန်ဖိုးနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ လက်ဆောင်တစ်ခုပေးလိုက်တာကလည်း ဖုန်းရွှေပညာရဲ့အဆိုအရ အဲ့ဒီလူရဲ့စိတ်ကို လွှမ်းမိုးလိုက်တာနဲ့အတူတူပါပဲ။ အိမ်လာကြည့်ပြီး အပြန်မှာ  ခြေနင်းခုံလှလှလေး ဒါမှမဟုတ် ချောကလက်အနှစ်ပါတဲ့ သကြားလုံးဖြစ်စေပေးလိုက်ပါ။ ဖုန်းရွှေနည်းအရ ချောကလက်က အကောင်းဆုံးဖုန်းရွှေအဆောင်ဖြစ်တယ်လို့ဆိုထားပါတယ်။

(၄)"ရောင်းမည်"ဆိုင်းဘုတ်ကို နေရာမှန်ချိတ်ပါ

"အိမ်ရောင်းမည်"ဆိုတဲ့ဆိုင်းဘုတ်ကို ဖြစ်သလို ကြုံရာမချိတ်ပါနဲ့။ အိမ်မြန်မြန်ရောင်းထွက်ဖို့ဆိုရင် အိမ်ရှေ့တံခါးရဲ့ ညာဘက်မှာချိတ်ဆွဲထားပါ။ အဲ့ဒါက Yang စွမ်းအားကိုဖြစ်ပေါ်စေပြီး အိမ်ရောင်းထွက်အောင် ကူညီပေးပါလိမ့်မယ်။

(၅)မီးဖိုချောင်ကိုရှင်းလင်းပါ

ဖုန်းရွှေနည်းပညာအရ အိမ်တစ်အိမ်ရဲ့မီးဖိုချောင်ဟာ လာဘ်လာဘနဲ့ကျန်းမာရေးကို ကောင်းမွန်အောင်ထောက်ပံ့ပေးတဲ့ပတ်ဝန်းကျင်ဖြစ်ပါတယ်။ဒါကြောင့် မီးဖိုချောင်မှာရှိတဲ့ ဓား၊ဇွန်း၊ပန်းကန်တွေကိုကြည့်လိုက်တာနဲ့သန့်ရှင်းပြောင်လက်နေအောင်ထားပါ။ ထမင်းစားပွဲမှာလည်း ကွတ်ကီးလေးတွေအပြည့်ထည့်ထားတဲ့ ဖန်ပုလင်းလေးနဲ့ ပန်းအိုးအသေးလေးတစ်အိုးထားပေးပါ။

(၆) ကိုယ့်ပစ္စည်းတွေကိုဖယ်ထားပါ

ရောင်းမယ့်အိမ်မှာ ကိုယ့်ပစ္စည်းတွေနဲ့ ပြည့်နေမယ်ဆိုရင်လည်း အိမ်နဲ့ပစ္စည်းတွေကြားက စွမ်းအင်တွေရောထွေးနေပြီး  အိမ်ရောင်းထွက်ဖို ကြန့်ကြာနေပါလိမ့်မယ်။ ဒါကြောင့် မိသားစုဓာတ်ပုံတွေ၊အနုပညာလက်ရာတွေ၊ကိုယ်အမြဲသုံးဖြစ်နေတဲ့အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းပြီး တခြားတစ်နေရာရာကိုပြောင်းရွေ့ထားပါ။ အဲ့ဒါမှ အိမ်လာကြည့်တဲ့သူတွေအနေနဲ့လည်း သူတိုရဲ့အိမ်အသစ်လို မြင်ယောင်ပြီး ဝယ်ချင်စိတ်ပိုဖြစ်လာမှာပါ။

အိမ်ရောင်းထွက်ဖို့ ကြန့်ကြာနှေးကွေးနေရင် ဒီလိုဖုန်းရွှေနည်းလေးတွေသုံးပြီး အမြန်ရောင်းထွက်အောင်လုပ်လိုက်ပါ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ်

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ

Posted By : Ra Wai (ShweProperty.com)