ဖုန်းရွှေပညာဟာ အိမ်ထောင်ပရိဘောဂတွေ ၊အိမ်ခန်းဖွဲ့အနေအထားတွေ အစရှိတဲ့ နေရာဌာနတွေ၊လူတွေရဲ့ ရွေးချယ်မှုတွေ၊ အပြုအမူတွေနဲ့ သဘာဝဓါတ်ကြီးတွေရဲ့ ဆက်စပ် အကျိုးသက်ရောက်မှုကို ဆန်းစစ်ပြီး လူတွေအတွက် စီးပွားတိုးတက်အောင်၊ ကံကောင်းအောင် ပြင်ဆင်ပြုလုပ်တဲ့ ပညာရပ်ဖြစ်ပါတယ်။ 

ဖုန်းရွှေဓာတ်မကောင်းရင် ဖုန်းရွှေညံ့တယ်လို့ ပြောကြပြီး အိမ်တွင်းပြဿနာတွေခဏခဏ ဖြစ်ခြင်း၊ စီးပွားကျခြင်း၊ ကံညံ့ခြင်း၊ အိမ်ပူခြင်းတွေ ဖြစ်လေ့ရှိပါတယ်။ ဒီနေ့တော့ ကိုယ့် အိမ်၊ခြံထဲမှာ မကောင်းတဲ့ ဖုန်းရွှေဓာတ်တွေကိန်းနေတယ်လို့ သံသယရှိရင် ဖုန်းရွှေကံမြင့်အောင် ပြုလုပ်သင့်တဲ့ အရာတွေကို Shwe Property က ဝေမျှပေးလိုက်ပါတယ်။

(၁) အိမ်တံခါးကို မြင်ရလွယ်အောင်ထားပါ 

ကိုယ့်အိမ်တံခါးဟာ ခမ်းနားလှပနေတာမျိုးမဟုတ်ရင်တောင် ဧည့်သည်တွေအတွက်ရော အိမ်သားတွေအတွက်ပါ ရှင်းလင်း​ပြီး ထင်သာမြင်သာဖြစ်နေသင့်ပါတယ်။ အိမ်ထဲဝင်ဖို့ အိမ်တံခါးကိုတောင် မနည်းလိုက်ရှာနေရပြီဆိုရင်တော့ ကံကောင်းမှုတွေ၊ အခွင့်အလမ်းတွေကလည်း အိမ်ထဲကို ရောက်လာဖို့ ခက်ခဲမှာပါ။  

(၂) အိမ်ရှေ့တံခါးမကြီးနဲ့ နောက်ဖေးအထွက်တံခါးက တစ်တန်းတည်းမဖြစ်ရပါဘူး

အိမ်ရှေ့တံခါးနဲ့ နောက်ဖေးအတွက် တံခါးက တစ်တန်းထဲဖြစ်နေပြီး အလည်မှာ ဘာမှခံထားတာမရှိဘူးဆိုရင် ကောင်းမွန်တဲ့ဓာတ်တွေ၊ ဖုန်းရွှေနည်းအရ အသက်ဓာတ်လို့ ခေါ်တဲ့ Qi ဓာတ်ဟာ အိမ်ရှေ့တံခါးကဝင်လာပြီး အိမ်နောက်ကနေ တန်းထွက်သွားမှာဖြစ်လို့ အိမ်ထဲမှာ ကောင်းမွန်တဲ့ ဖုန်းရွှေဓာတ်ကိန်းဖို့ မဖြစ်နိုင်တော့ပါဘူး။

(၃) အိမ်ရဲ့အလည်တည့်တည့်မှာ လှေကားထားခြင်းမပြုပါနဲ့ 

အိမ်ရဲ့အလည်နေရာဟာ ဖုန်းရွှေပညာမှာ Tai qi လို့ခေါ်ပြီး အိမ်ရဲ့စီးပွားရေး၊ ပညာရေး စတဲ့ မျက်နှာစာအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ အိမ်ရဲ့အလည်တည့်တည့်မှာ လှေကားရှိမယ်ဆိုရင် စွမ်းအင်တွေအတက်အဆင်းဖြစ်နေပြီး မတည်ငြိမ်တဲ့ စွမ်းအင်တွေဖြစ်စေပါတယ်။ ဒါကြောင့် အိမ်တွင်းရေးလည်း မတည်မငြိမ်ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အလည်တည့်တည့်မှာ လှေကားရှိတဲ့ အိမ်မျိုး ပိုင်ဆိုင်ထားရပြီဆိုရင်တော့ စွမ်းအင်တွေတည်ငြိမ်စေဖို့ လှေကားတစ်ဝိုက်မှာ စိမ်းစိုတဲ့အပင်တွေ၊ ပန်းအိုးလေးတွေ ထားပေးသင့်ပါတယ်။ ပန်းအိုးတွေထားဖို့အဆင်မပြေခဲ့ရင် အပင်တွေပါဝင်တဲ့ စိမ်းစိုတဲ့ ပန်းချီကားတွေထားပေးခြင်းကလည်း အထောက်အကူဖြစ်စေမှာပါ။ 



(၄) ကားဂိုဒေါင်ပေါ်မှာ အိပ်ခန်းမဖွဲ့ပါနဲ့

ဒါကတော့ ကိုယ်ပိုင်အိမ်ဆောက်တဲ့သူတွေအတွက် သတိထားစရာပါ။ ကိုယ့်အိပ်ခန်းဟာ ကားဂိုဒေါင်ပေါ်မှာ၊ အလုပ်ခန်းပေါ်မှာ ဖြစ်နေမယ်ဆိုရင် အိပ်စက်အနားယူရာနေရာရဲ့အောက်မှာ များပြားတဲ့စွမ်းအင်လှုပ်ရှားမှုတွေဖြစ်ပေါ်နေတာကြောင့် မတည်ငြိမ်တဲ့ ဖုန်းရွှေဓာတ်ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အိပ်ခန်းထဲမှာ အိမ်တွင်းမှာထားလို့ရတဲ့ ပန်းပင်လေးတွေထားပေးခြင်းကလည်း အိမ်ရဲ့အသက်ဓာတ်ကို ရှင်သန်စေပြီး ကောင်းမွန်တဲ့ ဖုန်းရွှေဓာတ်ကိန်းစေပါတယ်။ 

(၅) အိမ်တွင်းမှာ ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ လူလျှောက်လမ်းမထားပါနဲ့ 
 
ဒါကတော့ တိုက်ခန်းနဲ့နေသူတွေနဲ့ ပိုသက်ဆိုင်မယ်ထင်ပါတယ်။ အိမ်အတွင်းမှာ ရှည်လျားပြီးကျဉ်းမြောင်းတဲ့ လူလျှောက်လမ်းရှိနေမယ်၊ လျှောက်လမ်းဘေးမှာ အခန်းတွေရှိပြီး တံခါးတွေပိတ်ထားမယ်ဆိုရင် ကောင်းမွန်တဲ့ဖုန်းရွှေဓာတ်တွေဟာ လျှောက်လမ်းထဲကနေ လျင်လျင်မြန်မြန်ဖြတ်သန်းသွားပြီး အိမ်ထဲကထွက်သွားနိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ ကျဉ်းမြောင်းတဲ့လျှောက်လမ်းရှိနေရင် ဘေးဘယ်ညာက အခန်းတံခါးတွေကို အခါအားလျော်စွာ ဖွင့်ထားပေးသင့်ပါတယ်။ 

အခုပြောပြပေးသွားတာကတော့ အိမ်မှာ မကောင်းတဲ့ဖုန်းရွှေဓာတ်တွေကိန်းနေတယ်လို့ သံသယရှိသူတွေအတွက် ကောင်းမွန်တဲ့ဖုန်းရွှေဓာတ်ရောက်လာအောင် ပြင်ဆင်နည်းလေးတွေပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်တွင်းသာယာပြီး စီးပွားဖြစ်ဖို့ သိထားသင့်တဲ့ အခြေခံ ဖုန်းရွှေစည်းမျဉ်းများ

ဗေဒင်ပညာအရ အိမ်မြေ သန့်မသန့် စစ်ဆေးနည်း

သင့်အိမ် မျက်နှာမူရာ အရပ်နှင့် အဓိပ္ပာယ်များ

သင့်အိမ်နံပါတ်ကပြောတဲ့ သင့်ကံတရား

Posted By : Ra Wai (ShweProperty.com)