ရေမြေ၊ ရာသီဥတုအလိုက် အိမ်တိုင်းအိမ်တိုင်း မျက်နှာမူရာ အရပ်မျက်နှာများလည်း ကွာခြားသွားပါတယ်။ မျက်နှာစာပြုရာ အရပ်မျက်နှာအလိုက် နေရောင်ခြည် ရရှိမှု၊ အိမ်တွင်းစိုထိုင်းမှု၊ ခြောက်သွေ့မှု ပြဿနာတွေလည်း ရှိတတ်တာကြောင့် သင့်စိတ်ကူးထဲကအိမ်ကို ရှာတွေ့ပြီဆိုရင် လိုက်ဖက်ညီတဲ့ အိမ်တွင်းအပြင်အဆင်လေးတွေ ဖန်တီးနိုင်ဖို့နဲ့  စီးပွားလာဘ်လာဘတွေ တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ယတြာလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်နော်။ 

မြောက်ဘက်မျက်နှာစာ

မြောက် (သို့မဟုတ်) အရှေ့မြောက်ဘက်ကို မျက်နှာမူထားတဲ့ အိမ်ရာများဟာ သောကြာ ဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရတဲ့ အိမ်လို့ သတ်မှတ်ပါတယ်။ နေ့ဘက်မှာ တိုက်ရိုက်နေရောင်ခြည် အများဆုံးရရှိတာကြောင့် အထူးသဖြင့် နေရောင်ခြည် ရရှိမှု အနည်းဆုံးဖြစ်တဲ့ ဆောင်းရာသီမှာတောင် အလင်းရောင်ကောင်းကောင်း ရနိုင်ပါတယ်။ ဒီလိုအိမ်တွေအတွက် အိမ်တွင်းပြင်ဆင်မှု လုပ်မယ်ဆိုရင်တော့ အိမ်ရှေ့ပြင်ပမှာ ထိုင်ခုံပရိဘောဂများ ထားရှိခြင်း၊ ပန်းပင်များ စိုက်ပျိုးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူခြင်း၊ နေအိမ်မှာ နေထိုင်သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးခြင်းဖြင့် ကျက်သရေ တိုးပွားကာ ကံဇာတာ မြင့်မားစေပါတယ်။ 

အရှေ့မျက်နှာစာ

အရှေ့အရပ်ကို မျက်နှာမူထားတဲ့ အိမ်များဟာ တနင်္လာဂြိုဟ်မင်း က စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ်ပါတယ်။ နေထွက်ချိန်နဲ့ နံနက်နေရောင်အပြည့်ကို ခံစားနိုင်သော်လည်း မွန်းတည့်ချိန်မှစ ညနေဆောင်းထိ အချိန်မှာတော့ နေရောင်ခြည် ကောင်းစွာ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အလင်းအမှောင်ကို တွက်ချက်ပြီး နေရာချတတ်ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ အိမ်အနောက်ပိုင်းကို ပြတင်းပေါက်များများ ထားရှိခြင်းပဲ ဖြစ်ပါတယ်။ စီးပွားလာဘ်လာဘတွေ တိုးတက်အောင်မြင်ဖို့အတွက် ကြံချောင်းကို ကိုးဆစ်ဖြတ်ပြီး အိမ်တံခါးမှာ ထောင်ထားခြင်း၊ အိမ်ရှိဘုရားကျောင်းဆောင်မှာ ကြံပန်းခိုင်၊ ကြံသကာ တို့ လှူဒါန်းခြင်းတို့ ပြုလုပ်နိုင်ပါတယ်။



တောင်ဘက်မျက်နှာစာ

တောင်ဘက်အရပ် မျက်နှာမှုတဲ့ အိမ်များဟာ ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်များလို့ သတ်မှတ်ပါတယ်။ နေရောင်ခြည် ကောင်းကောင်းမရနိုင်တာကြောင့် ဂရုတစိုက် စီမံခန့်ခွဲခြင်းမရှိရင် အိမ်ဟာ မှောင်မိုက်နေနိုင်ပြီး ငွေ့ရည်ဖွဲ့မှုကြောင့် နံရံတွေမှာ မှိုတက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အိမ်ရဲ့ နောက်ဘက်မှာ ပြတင်းပေါက်များများ ထားရှိခြင်း၊ လိုက်ကာလျှော့ပြီး ခြင်လုံစကာများ တပ်ဆင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ယတြာအနေနဲ့ကတော့ သံဃာတော်များကို ရေ ၊ ယပ် အစရှိသည်တို့ကို ဒါနပြုကပ်လှူနိုင်ပါတယ်။

အနောက်ဘက်မျက်နှာစာ

အနောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်တွေဟာ ကြာသပတေးဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရတဲ့ အိမ်များလို့ သတ်မှတ်နိုင်ပါတယ်။ မွန်းတည့်နေနဲ့ ကျနေထိတွေ့မှု ရှိတာကြောင့် အပူချိန်ပြင်းနိုင်ပါတယ်။ အထူးသဖြင့် အိမ်ရှေ့မှာ အရိပ်ရအပင်တွေ စိုက်ပျိုးခြင်း၊ အရှေ့မျက်နှာစာ အမိုးခပ်နိမ့်နိမ့်ထားခြင်း၊ ပြတင်းပေါက်တွေမှာ လိုက်ကာအထူများ တက်ဆင်ခြင်းဖြင့် အပူဒဏ်ကို လျှော့ချနိုင်ပါတယ်။ ယတြာအနေနဲ့  ဘုရားစင်မှာ ပန်း၊ ဆီမီး မပြတ် လှူဒါန်း ဆက်ကပ်ပေးခြင်း၊ 
သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

အိမ်တိုင်းအိမ်တိုင်း စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ကြပြီး အေးမြချမ်းသာ ရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြောက်အရပ်လှည့်တဲ့ အိမ်တွေအတွက် အန္တရာယ်ကင်းစေမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

Posted By : Ra Wai (ShweProperty.com)