မီးဖိုချောင် သန့်ရှင်းရေးနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့သန့်ရှင်းမှုဟာ မိသားစု ကျန်းမာရေးအတွက် အလွန် အရေးပါ ပါတယ်။ မီးဖိုချောင်မှာ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပေမယ့် ပစ္စည်းအချို့ကိုတော့ သန့်ရှင်းရေး လုပ်စရာ မလိုဘူးလို့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါတယ်။
 
ဒီလို သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တာကြောင့် ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ သိရှိအောင် ရေးသားဖော်ပြ လိုက်ပါတယ်။
 
(၁) ကော်ဖီဖျော်စက်
 


သင်ဟာ မနက်တိုင်း ကော်ဖီသောက်တတ်သူ တယောက်ဆိုရင် သင့်ရဲ့ ကော်ဖီဖျော်စက်ကို သန့်ရှင်းရေး ပြုလုပ်သင့် ပါတယ်။ သုတေသနပညာရှင်တွေရဲ့လေ့လာချက်အရ ကော်ဖီဖျော်စက်မှာ ခိုအောင်းနေနိုင်တဲ့ ဘက်တီးရီးယားတွေဟာ အိမ်သာ ကမုတ်မှာရှိတဲ့ ဘက်တီးရီးယားတွေထက်တောင် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီဖျော်စက်ကို ရှာလကာရည် အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၂) ဈေးဝယ်အိတ်၊ ဈေးခြင်းတောင်း
 
ဈေးဝယ်အိတ်နဲ့ ဈေးခြင်းတောင်း စတာတွေဟာ ဈေးဝယ်တဲ့အခါမှာ အသားငါးတွေအပြင် ဟင်းသီးဟင်းရွက်တွေပါ ရောနှော ထည့်လေ့ရှိတဲ့အတွက် ပိုးမွှားတွေ ခိုအောင်းနေနိုင်တာကြောင့် အသုံးပြုပြီးတိုင်း ဆေးကြော လျှော်ဖွပ်သင့်ပါတယ်။

(၃) စည်သွပ်ဘူး ဖောက်တံ
 
စည်သွပ်ဘူးနဲ့ငါးသေတ္တာဘူး စတာတွေကို ဖောက်တဲ့အခါ အသုံးပြုတဲ့ စည်သွပ်ဘူး ဖောက်တံတွေမှာ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ ကပ်နေနိုင်တာကြောင့် အသုံးမပြုခင်တိုင်း ရေနွေး၊ ဒါမှမဟုတ် ဆပ်ပြာဆီ အသုံးပြုပြီး သန့်ရှင်းရေး ပြုလုပ်ပေး သင့်ပါတယ်။




(၄) မီးဖိုချောင် ဘေစင်
 
မီးဖိုချောင်ဘေစင်မှာ ဟင်းလျာတွေထဲက စားကြွင်းစားကျန်တွေ ရှိနေနိုင်တဲ့အတွက် ဘက်တီးရီးယားတွေရဲ့ မွေးမြူရေး စခန်းလို ဖြစ်နေတာကြောင့် မီးဖိုချောင်ဘေစင်ကို မုန့်ဖုတ်ဆိုဒါနဲ့ ဆပ်ပြာဆီ အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးသင့် ပါတယ်။
 
(၅) ပန်းကန်စင်
 
အိမ်ရှင်မ အများစုဟာ ပန်းကန်တွေကို ဆေးကြောသန့်ရှင်း တတ်ကြပေမယ့် ပန်းကန်တွေထားတဲ့ ပန်းကန်စင်ကိုတော့ သန့်ရှင်းရေး လုပ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ စိုလိုက်ခြောက်လိုက် ဖြစ်နေတတ်တဲ့ ပန်းကန်စင်တွေဟာ ဘက်တီးရီးယားတွေ အကြိုက်တွေ့တဲ့ နေရာတခု ဖြစ်တာကြောင့် ရေနွေးနဲ့ ရှာလကာရည် အနည်းငယ်တို့ကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်သင့်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ဘက်တီးရီးယားပိုးတွေ စုစည်းနေတတ်တဲ့ သင့်အိမ်ထဲက ပစ္စည်း (၅)မျိုး
 
ပိုးဟပ်တွေနဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

မိသားစုကျန်းမာရေးအတွက်မိနစ်၂၀စာအိမ်သန့်ရှင်းရေး
 
အံအားသင့်စရာကောင်းတဲ့ အိမ်တွင်း သန့်ရှင်းရေးနည်းများ

Credit By: burma.irrawaddy
Posted By: Ra Wai, ShweProperty,com