စီးပွား‌ရေးလည်း ကျဆင်း၊ ကျန်းမာရေးပါ ချို့တဲ့ယိုယွင်းနေပြီဆိုရင် ကြံမိကြံရာ ဗေဒင်နက္ခတ်အခြေခံ၍ ယတြာချေ၊ အဆောင်စီမံခြင်းသဘောတရားများနည်းတူ သိပ္ပံနည်းကျ ဖုန်းရွှေနည်းနဲ့ ဆောင်ရန်၊ ရှောင်ရန်များကိုပါ အလေးထားပြုလုပ်တတ်ကြသည်။

အိမ်သစ်ဆောက်လုပ်ရာတွင်ဖြစ်စေ၊ အိမ်အပြောင်းအ‌ရွှေ့လုပ်ရာတွင်လည်းကောင်း၊ အိမ်ထောင်ပရိဘောဂများ ထားသိုရာတွင်ပါ ဖုန်းရွှေတို့၏ အယူအဆများက မပါမဖြစ် လိုက်နာကျင့်သုံးကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း အိမ်တစ်အိမ်၏ ငွေကြေးအရရော၊ မိသားစုရေးရာတွင်ပါ အဆုံးအဖြတ်ပေးနိုင်သော တရုတ်ရိုးရာပညာရပ် ဖုန်းရွှေအယူအဆကို ယုံကြည်သက်ဝင်သူမှာလည်း တစ်စစ တိုးပွားလာလေသည်။


ရှေးဦးစွာ ဖုန်းရွှေကိုယ်စားပြု အိမ်ရဲ့ အပိုင်းအခြားကဏ္ဍများကို ပြောပြပေးပါမည်။ ဖုန်းရွှေတို့ရဲ့ သဘောအရ အိမ်ကို အပိုင်း ၈ ပိုင်း ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်သည်။ အိမ်တစ်အိမ်၏ ဝင်ပေါက်နှင့် တည့်တည့် အိမ်အလယ်ပိုင်းသည် ပိုင်ရှင်၏ အလုပ်အကိုင်ကို ကိုယ်စားပြုလေသည်။

ထိုအနေအထားမှ ညာဘက်သို့ ၄၅ ဒီဂရီစောင်းလိုက်သောအခါ ထက်မြက်မှုနှင့် ဗဟုသုတအပိုင်းကို ဆိုသည်။ ၄၅ ဒီဂရီ အချိုးတိုင်းအရ အိမ်၏ ကျန်းမာရေး၊ ကြွယ်ဝမှု၊ အောင်မြင်မှု၊ အိမ်ထောင်ရေး၊ မိသားစုရေးနှင့် သြဇာ အာဏာတို့ကို ကိုယ်စားပြုလေသည်။ အိမ်တစ်အိမ်လုံး၏ ကြမ်းခင်းမျက်နှာပြင်ပေါ်တွင် အဌကံ ပုံကိုဆွဲလိုက်ခြင်းဖြင့် အပိုင်းများကို ခွဲစိတ်ရန် လွယ်ကူပေလိမ့်မည်။

ဖုန်းရွှေနည်းအရ အိမ်တွင်း သတိထားရှောင်ရှားရမည့် အချက်များမှာ  -

အံဆွဲတွင်း ပစ္စည်းများ အပြည့်ထည့်ထားခြင်းသည် စီးပွားရေးအခြေအနေတိုးတက်မှုနဲ့ ဝင်ငွေပေါ်တွင် အနှောင့်အယှက် အဟန့်တားဖြစ်စေသည့်အတွက် ရှောင်ကြဉ်သင့်ပါသည်။ စာအုပ်စင်ပေါ်တွင် စာအုပ်များ ပြည့်ကျပ်စွာတင်ထားခြင်းသည် အသိပညာဖွံ့ဖြိုးမှုကို လျှော့ကျစေနိုင်လို့ စာအုပ်များကို အစီအစဉ်တကျ ထားသင့်ပါသည်။ ဒါ့အပြင် မျက်နှာကြက်၊ ထပ်ခိုးလိုနေရာမျိုးတွင် ပစ္စည်းအများအပြား ချိတ်ဆွဲခြင်း၊ တင်ဆောင်ခြင်းသည် စိတ်ဓာတ်ကျဆင်းခြင်းအပိုင်းကို သက်ရောက်စေသည်ဟု ဆိုသည်။

မီးဖိုချောင်တွင်းရှိ မီးဖိုပေါ်တွင် ဒယ်အိုးချိတ်ဆွဲခြင်းသည်လည်း မိမိအိမ်၏ ငွေရေးကြေးရေးဆုံးရှုံးမှုကို ဖြစ်စေတဲ့အတွက် သတိထား ရှောင်ကြဉ်သင့်ပေသည်။အိပ်ရာဘေးနံရံများတွင် နံရံကပ်စင်ရိုက်ခြင်းသည်လည်း အိပ်ရေးပျက်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည့်အတွက် ခေါင်းကိုက်ခြင်းနဲ့ အိပ်ရေးမဝဖြစ်ကာ စွမ်းအင်ကုန်ခမ်းစေနိုင်ပါသည်။


အိပ်ရာအောက်များတွင် စာအုပ်၊ ဗွီဒီယို၊ တီဗီ၊ သေတ္တာအစရှိသဖြင့် ပစ္စည်းအမာများ သိမ်းဆည်းထားခြင်းသည်လည်း ပင်ပန်းနွမ်းနယ်စေကာ အိပ်ရေးပျက်စေနိုင်သည်ဟု ဆိုပါသည်။မိသားစုဓာတ်ပုံအလှချိတ်ဆွဲရာတွင်ဖြစ်ဖြစ်၊ သိမ်းဆည်းသည့်အခါမျိုးတွင် ပြန့်ကျဲနေခြင်းမျိုးကိုလည်း ရှောင်သင့်သည်။

အထူးသတိပြုသင့်သည်မှာ - တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် စိန်ထည်ပစ္စည်းများကို သိမ်းဆည်းရာတွင် အဆင်ပြေရာဘူးများနှင့် ထည့်သွင်း သိမ်းထားခြင်းမျိုးမပြုမိရန် အရေးကြီးလှပေသည်။ ယင်းသို့ တွေ့ရာဘူးများနှင့် သိမ်းဆည်းခြင်းက ပစ္စည်းရဲ့ ဂုဏ်သတ္တိကို လျှော့ကျစေပြီး ဝတ်ဆင်သူအတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို ဖြစ်စေနိုင်သည်ဟု ဆိုပါသည်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ

သင့်အိမ်မှာ လျှပ်စစ်အန္တရာယ်မဖြစ်အောင် မီးပလပ်ပေါက်နဲ့ မီးခလုတ်တွေကို ဘယ်လိုထားမလဲ?

အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ

အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း

Written By: Aye Sandar
Posted By : Ra Wai, ShweProperty.com