တရုတ်ရိုးရာဖုန်းရွှေနည်းလမ်းတွေနဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေကို ဆောင်ရွက်တတ်သူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့အိမ်ဟာ ဖုန်းရွှေနည်းအရ ဘယ်အရပ်မျက်နှာကိုလှည့်နေလဲဆိုတာကို သိထားဖို့လည်း လိုပါတယ်။ ဒီနေ့တော့ Shwe Property စာဖတ်သူတွေအတွက် ကိုယ့်အိမ်ဟာ မြောက်အရပ်လှည့်နေမယ်ဆိုရင် သိထားသင့်တဲ့ အန္တရာယ်ကင်းစေမယ့် ဖုန်းရွှေနည်းလမ်းတွေကို မျှဝေပြောပြပေးလိုက်ပါတယ်။

ဖုန်းရွှေအဆိုအရ မြောက်အရပ်လှည့်တဲ့အိမ်တွေဟာ ဘယ်လိုအဓိပ္ပာယ်ဖော်ဆောင်လဲ..။

ဖုန်းရွှေနည်းအရ အလယ်ဗဟိုကနေ ဖြန့်ကျက်လိုက်ရင် ဧရိယာ ၈ ခုရှိပါတယ်။ ချမ်းသာကြွယ်ဝခြင်း၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်စီးပွားရေး စသဖြင့် ကိုယ်စားပြုတဲ့ဧရိယာတွေရှိပြီး တစ်ခုချင်းစီဟာ အရပ်မျက်နှာတွေနဲ့လည်း ဆက်နွယ်မှုရှိနေပါတယ်။

ဖုန်းရွှေရဲ့ Bagua မြေပုံအရ မြောက်အရပ်အခြမ်းကို တရုတ်လို  Kan လို့ခေါ်ပြီး Kan ဟာ သင့်ရဲ့ဘဝလမ်းကြောင်း၊ အလုပ်အကိုင်၊ ဥာဏ်ပညာစသဖြင့် အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။ ဒြပ်စင်အရ ရေဖြစ်ပြီး အရောင်ကတော့ အမည်းရောင်ဖြစ်ပါတယ်။

မြောက်အရပ်လှည့်တဲ့အိမ်တွေမှာ စွမ်းအင်စီးဆင်းအောင်ဘယ်လိုလုပ်ကြမလဲ..။

အိမ်ဟာ မြောက်အရပ်လှည့်နေရင် ကောင်းမွန်တဲ့စွမ်းအင်တွေ စီးဆင်းစေဖို့အတွက် အိမ်ရဲ့မြောက်အရပ်တည့်တည့်မှာ ရေ ဒါမှမဟုတ် သတ္တုဒြပ်စင်မျိုး ရှိဖို့လိုပါတယ်။ ဒြပ်စင် ၅ မျိုးထဲမှာ တစ်မျိုးစီဟာ တစ်ခုကိုတစ်ခု ပံ့ပိုးနေတာမျိုးဖြစ်ပြီး ရေကတော့ သတ္တုဓာတ်ကို ပံ့ပိုးပါတယ်။ ဒါကြောင့် မြောက်အရပ်မှာ သတ္တုဒြပ်စင်တစ်မျိုးထားတာဟာ အိမ်အတွက် အကျိုးသက်ရောက်မှု အားကောင်းစေပါတယ်။

ဒြပ်စင်ငါးမျိုးဟာ အရောင်တွေနဲ့လည်း ဆက်နွယ်ပတ်သက်တဲ့အတွက် အိမ်ထဲမှာ ထိုအရောင်တွေကို ထားရှိတာဟာလည်း အိမ်ပတ်ဝန်းကျင်က စွမ်းအင်တွေလည်ပတ်စီးဆင်းဖို့အတွက် အထောက်အကူပြုပါတယ်။ ရေဟာ အမည်းရောင်၊ မီးသွေးခဲရောင်ရင့်ရင့်စတဲ့ အရောင်တွေနဲ့ဆက်စပ်ပြီး သတ္တုဟာ အဖြူရောင်၊ မီးဖိုရောင်၊ ကြေးနီရောင်၊ ကြေးညိုရောင် စတဲ့အရောင်တွေနဲ့ ဆက်နွယ်လျက်ရှိပါတယ်။



အရောင်တွေအသုံးပြုပါ

အိမ်အတွက်အကျိုးသက်ရောက်မှု စွမ်းအင်ကြီးမားစေဖို့ အိမ်တံခါးကိုလည်း ထိုအရောင်တွေထဲက တစ်ရောင်သုတ်လိမ်းနိုင်ပါတယ်။ ဖုန်းရွှေအဆိုအရ အိမ်ရှေ့တံခါးဟာ စွမ်းအင်စီးဆင်းလည်ပတ်ဖို့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်လို့ အိမ်ရှေ့တံခါးကို အမည်းရောင်၊ အဖြူရောင်၊ မီးခိုးရောင်တွေ သုတ်လိမ်းပေးမယ်ဆိုရင် ကံကောင်းခြင်းတွေ ရောက်လာနိုင်ပါတယ်။ ထိုအရောင်တွေကို ခြေနင်းခုံ၊ ပန်းချီကား၊ ပန်းဥယျာဉ်စတဲ့နေရာတွေမှာလည်း နည်းအမျိုးမျိုးနဲ့ ထည့်သွင်းအသုံးပြုနုင်ပါတယ်။

ရေစွမ်းအင် 

ရေစွမ်းအင်ပိုမိုကောင်းမွန်စေဖို့အတွက် မြောက်အရပ်မှာ ရေနဲ့ပတ်သက်တဲ့ ရေတံခွန်အသေးလေးတွေထားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အမြဲတမ်းသန့်ရှင်းပြီး ရေလည်းကြည်လင်နေအောင် လဲလှယ်ထိန်းသိမ်းပေးဖို့လည်းမမေ့ပါနဲ့။ ရေဟာ လှိုင်းတွန့်ပုံစံ၊ ပုံသဏ္ဏာန်တွေနဲ့လည်း ဆက်နွယ်တဲ့အတွက် အိမ်ထဲမှာ ရေစွမ်းအင်ပိုပြီးစီးဆင်းစေချင်ရင် အနုပညာလက်ရာပန်းချီကားတွေ၊ နံရံကပ်ပန်းချီတွေမှာ လှိုင်းတွန့်ပုံစံပါဝင်တာမျိုးတွေ ချိတ်ဆွဲကပ်ထားနိုင်ပါတယ်။

သံသတ္တု

ရေစွမ်းအင်ကို သတ္တုဓာတ်နဲ့ ပံ့ပိုးပေးဖို့အတွက် သံသတ္တုနဲ့လုပ်ထားတဲ့ရုပ်ထုတွေ၊ ပန်းချီကားဘောင်တွေ၊ ပန်းအိုးရှည်မျိုးတွေကို သုံးပေးနိုင်ပါတယ်။ စက်ဝိုင်းပုံစံဖြစ်နေတဲ့ စားပွဲဝိုင်းတွေ၊ စက်ဝိုင်းပုံခေါင်းအုံး၊ စက်ဝိုင်းပုံအပွင့်အခက်ပုံစံပါဝင်တဲ့ စောင်၊ မီးအိမ်မျိုးစသဖြင့် စက်ဝိုင်းပုံစံအရာဝတ္ထုပစ္စည်းတွေကိုလည်း အိမ်ထဲမှာနေရာချထားမယ်ဆိုရင် ကောင်းမွန်တဲ့စွမ်းအင်တွေစီးဆင်းပြီး အန္တရာယ်ကင်းကာ ချမ်းသာကြွယ်ဝမှုလာဘ်လာဘတွေပေါများလာပါလိမ့်မယ်။

ဒါလေးတွေကိုသိထားရင် မြောက်အရပ်လှည့်တဲ့အိမ်တွေအတွက် အန္တရာယ်ကင်းရှင်းပြီး ကံကောင်းခြင်းတွေရောက်ရှိလာမှာအမှန်ပါပဲ။  နောက်တစ်ပတ်တွေမှာလည်း အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

လက်ဖက်ရည်အေးကပေးတဲ့ ကျန်းမာရေးဆိုးကျိုး (၈) ခု

Posted By : Ra Wai (ShweProperty.com)